Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Saturday, April 21, 2018

ရာစုသစ်ဂိမ်းလောကတစ်ခုလုံးကို လှုပ်ခါစေခဲ့တဲ့ God Of War 4 အပေါ် ဂိမ်းမီဒီယာကြီးတွေ ဘယ်လိုမြင်သလဲ?


ယခုအချိန်ဟာဂိမ်းလောကတစ်ခုလုံးအတွက် ရင်ခုန်သံတွေမြန်လောက်အောင် အရေးကြီးလှတဲ့အခိုက်အတန့်တစ်ခုဖြစ်ပါတယ်။ ယခုအချိန်ဟာကမ္ဘာအရပ်ရပ်က ဂိမ်းပညာရှင်တွေ၊ ဂိမ်းဖန်တီးထုတ်လုပ်သူတွေ၊ နယ်ပယ်ပေါင်းစုံကဂိမ်းမီဒီယာတွေနဲ့ ဂိမ်းချစ်သူများကိုယ်တိုင် နှစ်များချီပြီးစောင့်ဆိုင်းခဲ့ရတဲ့အချိန်ဖြစ်သလို ၂၁ ရာစုရဲ့မျိုးဆက်သစ်ဂိမ်းလောကကို အပြောင်းအလဲတစ်ခုရိုက်ခတ်မယ့်အချိန်တစ်ခုလည်းဖြစ်ပါတယ်။ အဲဒီလောက်ကြီးမားတဲ့အပြောင်းအလဲဟာ ဘယ်လိုအပြောင်းအလဲမျိုးဖြစ်မလဲ? Gaming Console အသစ်တစ်ခု ထွက်လာမှာလား? Gaming Platform သစ်တစ်ခုကို ချပြမယ့်အချိန်လား? မဟုတ်ပါဘူး၊ ဂိမ်မာများအားလုံး မျှော်လင့်ချက်ကြီးစွာနဲ့ နှစ်ရှည်လများစောင့်မျှော်နေခဲ့ရတဲ့ God Of War ဂိမ်းသစ်ထွက်လာမယ့်အချိန်မို့လို့ပါ။ ၂၀၁၄ ခုနှစ်ရဲ့ Playstation Experience ပွဲမှာ Santa Monica Studio ရဲ့ Creative Director ဖြစ်သူ Cory Barlog ဟာ အားလုံးစောင့်မျှော်နေကြတဲ့ God Of War ဂိမ်းသစ်ကို စတင်ဖန်တီးဖို့ခြေလှမ်းတွေပြင်နေပြီလို့ အားလုံးကို အသိပေးကြေညာခဲ့ပါတယ်။ Cory Barlog အနေနဲ့ နောက်လာမယ့် God Of War ဂိမ်းသစ်ဟာ ဂိမ်းစီးရီးရဲ့နောက်ဆုံးအဆုံးသတ်ခဲ့တဲ့ ဇာတ်ကြောင်းနောက်ကိုလိုက်မှာဖြစ်ပေမယ့် ဂိမ်းတစ်ခုလုံးကိုအစအဆုံးပြန်လည်ဖန်တီးပြီး reboot အနေနဲ့ ထွက်လာမယ်လို့ တစ်ခါတည်းထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ အဲဒီလိုနဲ့အချိန်နှစ်နှစ်အကြာ ၂၀၁၆ ခုနှစ်ရဲ့ E3 ပွဲမှာတော့ God Of War ဂိမ်းထွက်ရှိလာမယ်ဆိုတာကို gameplay demo နဲ့တကွ အတိအလင်းကြေညာခဲ့ပြီး အဲဒီသတင်းဟာ ပွဲတတ်ရောက်သူပရိသတ်အားလုံးရဲ့အသည်းနှလုံးကို လှုပ်ခတ်သွားစေခဲ့ပါတယ်။ ဒီလိုနဲ့ ၂၀၁၆ ခုနှစ် E3 ပွဲအပြီးမှာတော့ God Of War ဂိမ်းအသစ် ဘယ်အချိန်မှာထွက်လာမလဲ၊ ဘယ်အချိန်မှာ ပရိသတ်လက်ထဲရောက်မလဲဆိုတဲ့ မေးခွန်းတွေဟာ ဂိမ်းဒီမီယာများနဲ့ ဂိမ်မာတွေကြား ပွက်လောရိုက်ခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ အဲဒီလိုမသေချာမရေရာတဲ့ မေးခွန်းတွေအားလုံးပျောက်ကွယ်ခဲ့ပါပြီ၊ ဘာဖြစ်လို့လည်းဆိုတော့ God Of War ဂိမ်းဖန်တီးထုတ်လုပ်တဲ့ Santa Monica Studio ဟာ God Of War ဂိမ်းသစ်ကို လွန်ခဲ့တဲ့နှစ်ရက် ၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့က စောင့်ဆိုင်းနေတဲ့ပရိသတ်တွေဆီ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး အရောက်ထည့်ပေးလိုက်လို့ပါပဲ။ ထွက်ထွက်လာပြီးချင်းပဲ စောင့်မျှော်နေတဲ့ဂိမ်မာထုကြီးရဲ့ တာဝန်ကျေပွန်မှုကြောင့် အချိန်တစ်ရက်တောင်မကြာခဲ့ပဲ God Of War ဂိမ်းသစ်ထွက်ရှိလာတဲ့သတင်းတွေဟာ တောမီးလို တဟုန်ထိုးပြန့်နှံ့သွားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ဂိမ်းတစ်ခုလုံးကိုခြုံငုံသုံးသပ်ဖို့ အဆင်သင့်စောင့်နေတဲ့ဂိမ်းမီဒီယာများဟာလည်း အသစ်ထွက်ရှိလာတဲ့ God Of War ဂိမ်းအသစ်အကြောင်းကို ဆောင်းပါးတွေ၊ သတင်းတွေမှာ တစ်ဖွဲ့တစ်နွဲ့အသီးသီးဖော်ပြလာကြပါတယ်။ အထက်မှာဖော်ပြထားတဲ့ခေါင်းစဉ်အတိုင်း ဂိမ်းရဲ့ဇာတ်ကြောင်း၊ ဂိမ်းကစားပုံနဲ့ ကျင်လည်တဲ့ပတ်ဝန်းကျင် သို့လောသို့လောတွေကို ဒီနေရာမှာခေတ္တချန်လှစ်ထားပြီး ကမ္ဘာ့နယ်ပယ်အသီးသီးက ဂိမ်းမီဒီယာကြီးတွေအနေနဲ့ ဒီ God Of War ဂိမ်းသစ်အပေါ်မှာ ဘယ်လိုသုံးသပ်ကောက်ချက်ချထားသလဲဆိုတာကို ဒီဆောင်းပါးမှာဖော်ပြသွားမှာဖြစ်တဲ့အတွက် ဆက်ပြီးကြည့်လိုက်ကြစို့ဗျာ။

Game: God of War
Developer / Publisher: Sony Santa Monica / Sony
Platforms: PS4
Release Date: April 20
Price: US $60 / ÂŁ53 / AU $100

Gamespot - 9/10

ဒီ God Of War ဂိမ်းဟာ အရင်စီးရီးအတိုင်းပဲ ဘာမှမပြောင်းလဲပါဘူး။ အသက်ရှုမှားလောက်အောင် မှင်သက်ဖို့ကောင်းတဲ့ဂိမ်းလောက၊ ရင်ထဲတိုက်ရိုက်ထိတဲ့အက်ရှင်တွေနဲ့ production ဘတ်ဂျက်မြင့်မားတယ်ဆိုတာ ကိုတွေ့ရတယ်။ ဇာတ်လမ်းကရှေ့ဆက်လေလေ၊ ကိုယ့်ရဲ့တိုက်ခိုက်မှုတွေက ပိုပြီးအသက်ပါလာလေလေပဲ။ ဒီနေရာမှာရင့်ကျက်သွားတဲ့တစ်ချက်က Storytelling အခန်းကဏ္ဍပဲ။ ဒီဂိမ်းရဲ့ဇာတ်ကောင် Kratos လိုပဲ၊ ဂိမ်းစီးရီးကြီး ကိုယ်တိုင်ကိုက အရင်ထွက်ခဲ့တဲ့ဂိမ်းတွေနဲ့မတူအောင် အဆင့်မြှင့်ခဲ့တယ်။ Kratos က အရင်လိုမျိုး ခန့်မှန်းရလွယ်တဲ့ အရိုင်းအစိုင်းကြီးမဟုတ်တော့ဘူး။ ဒီ reboot နဲ့အတူ နောက်ထပ်ပြီးလာမယ့် စွန့်စားခန်းအသစ်တွေကို ရင်ခုန်စွာနဲ့ လက်လမ်းကြိုဆိုရဦးမယ်။
-- Peter Brown

IGN - 10/10

God Of War ဂိမ်းဆိုတာနဲ့ အကြမ်းစားအက်ရှင်တွေကို မျှော်လင့်လို့ရတယ်။ ဒါပေမယ့် ဂိမ်းဇာတ်လမ်းတဖြည်းဖြည်းဆက်ရာကနေ အနုပညာမြောက်တဲ့ စိတ်လှုပ်ရှားစရာခရီးစဉ်ကြီးတစ်ခု ဖြစ်သွားလိမ့်မယ်လို့တော့ မထင်ခဲ့တာအမှန်ပဲ။ ဒီ God Of War မှာ Kratos ဟာ ဖခင်တစ်ယောက်၊ သူရဲကောင်းတစ်ယောက်ဖြစ်တယ်။ ရန်သူတွေနဲ့ရင်ဆိုင်တိုက်ခိုက်တဲ့ပုံစံနဲ့ သူ့ရဲ့သားကို ဖခင်တစ်ယောက်လိုဆက်ဆံတဲ့ပုံစံ၊ ဇာတ်ကောင်တစ်ကောင် ပုံစံနှစ်မျိုးကိုအသားပေးထားတာ တွေ့ရတယ်။ ဖန်တီးထားတဲ့ဂိမ်းလောက၊ ဇာတ်ကောင်တွေ၊ ဂိမ်းကစားပုံစံ အားလုံးကိုပေါင်းစည်းလိုက်ရင် စီးရီးတစ်ခုလုံးရဲ့ အမှတ်ရစရာ အခိုက်အတန့်တွေလို ဖြစ်သွားတယ်။

-- Jonathan Dornbush

GamesRadar - 5/5

ဒီ God Of War ဂိမ်း ဘယ်လောက်ကောင်းတယ်ဆိုတာကို ချဲ့ကားပြောမယ်ဆိုရင်တောင် စကားလုံးတွေနဲ့ဖော်ပြဖို့ မဖြစ်နိုင်ဘူး။ အသေးစိတ်ဖန်တီးထားတဲ့ဂိမ်းလောက၊ ဇာတ်ကောင်တွေနဲ့ Storytelling ကဏ္ဍ အလွှာတစ်လွှာချင်းစီဟာ လက်တွေ့ဆန်လွန်းတယ်။ Kratos အနေနဲ့ ဘယ်လောက်ပဲသွေးသံတရဲရဲနဲ့ ပုဆိန်တစ်လက်ကိုကိုင်ဆွဲပြီး တိုက်ပွဲမှာသောင်းကျန်းနေပစေဦးတော့၊ သူ့ရဲ့သားဖြစ်တဲ့ Atreus နဲ့အတူူတွဲပြီး မြင်ရတဲ့ဇာတ်ဝင်ခန်းတွေက Kratos ရဲ့ လူသားအဆန်ဆုံးအချိန်တွေပဲ။ ဒီဂိမ်းကြီးထွက်မလာခင်က တကယ်တမ်းထွက်လာရင် ဘယ်လောက်ကောင်းနိုင်မလဲဆိုတဲ့ ဆွေးနွေးခန်းပေါင်းသောင်းခြောက်ထောင်ဖွင့်လာလိုက်ကြတာ၊ တကယ့်တကယ်ထွက်လာတဲ့အချိန်မှာ ဒါဘယ်လောက်ကောင်းလဲဆိုတာထက် ဒီဂိမ်းဟာ ၂၁ ရာစုရဲ့ ဂိမ်းမျိုးဆက်သစ်တစ်ခုကိုအစပျိုးပေးလိုက်တဲ့ ဂိမ်းတစ်ခုဖြစ်သွားခဲ့တာ။
-- Leon Hurley

Game Informer - 9.75/10

လွန်ခဲ့တဲ့နှစ်တွေက Kratos ဟာ ကလဲ့စားချေလိုစိတ်တွေလွှမ်းမိုးပြီး အမျက်ဒေါသတွေပြည့်နှက်လို့ အိုလံပီယာတောင်ရဲ့နတ်ဘုရားတွေ အားလုံးကိုသတ်ပစ်ခဲ့တယ်။ အခုတော့ နော့စ်ဒဏ္ဍာရီထဲကို ရောက်လာပြီး အဲဒီမှာ Kratos ရဲ့ဖြစ်တည်မှုက နတ်ဘုရားတစ်ယောက်လိုဖြစ်နေတယ်။ ဒီအချိန်မှာ Kratos ပိုပြီးတည်ငြိမ်ရင့်ကျက်သွားတယ်၊ ပိုပြီးတိတ်ဆိတ်သွားတယ်။ နတ်ဘုရားတွေရဲ့ကျဆုံးမှုက သူ့ရဲ့အောင်မြင်မှုပဲ၊ ဒါပေမယ့် သူလိုချင်ခဲ့တဲ့အောင်မြင်မှုအပေါ်မှာ မယစ်မူးသွားဘူး။ ဂိမ်းရဲ့နောက်ခံစကားပြောက တစ်ချိန်တုန်းကသွေးဆာပြီး တိုက်ခိုက်မှုကိုလိုလားတဲ့ Kratos နဲ့ အခုလိုရင့်ကျက်သွားတဲ့ Kratos တို့ရဲ့ ပြောင်းလဲမှုကို ဖြည်းဖြည်းချင်းစီပြောပြနေတယ်။ ဒီ God Of War ဂိမ်းဟာ နက်ရှိုင်းတယ်၊ ကျယ်ပြန့်တယ်၊ ရင့်ကျက်တယ်။ အခုလာမယ့်မျိုးဆက်သစ်ရဲ့ဂိမ်းကောင်းတစ်ခုအဖြစ် လက်မထောင်နိုင်ဦးမှာအမှန်ပဲ။
-- Joe Juba

The Guardian - 5/5

အရာအားလုံးမှာ ပြီးပြည့်စုံနေတဲ့ဂိမ်းမျိုးကို အရင်ကတစ်ခါမှ မကစားဖူးခဲ့ဘူး။ တစ်ချိန်တုန်းကမဖြစ်နိုင်ဘူးလို့ လူတွေထင်ထားတာကို ဒီဂိမ်းမှာအတိုင်းသားတွေ့မြင်ရမယ်။ ဒီ God Of War ဂိမ်းဟာ ဂိမ်းတစ်ခုမဟုတ်ဘူး၊ ဂိမ်းတွေရဲ့အဆင့်အတန်းကိုသတ်မှတ်ပေးတဲ့ Standard-setter တစ်ခုဖြစ်ပါတယ်။
-- Keza Macdonald


ကဲ ဂိမ်းလောကမှာရှေ့ဆုံးကပြေးနေတဲ့ဂိမ်းမီဒီယာကြီးတွေရဲ့ God Of War ဂိမ်းသစ်အပေါ်မှာ သုံးသပ်ထားတဲ့သုံးသပ်ချက်တွေ၊ မြင်တဲ့အမြင်တွေကတော့ အထက်မှာတွေ့ရတဲ့အတိုင်းပါပဲ။ အဲဒီတော့ ဒီ God Of War ဂိမ်းဟာ ဘယ်လောက်တောင်ကောင်းသလဲဆိုတဲ့မေးခွန်းထက် ဘယ်လောက်အကောင်းလွန်နေသလဲလို့သာ ပြောင်းပြီးမေးလိုက်ချင်ပါတယ်။ God Of War ဂိမ်းကိုအသည်းစွဲကြိုက်နှစ်သက်ကြတဲ့သူတွေတော့ အခုလိုအချိန်မှာပီတီတွေ အတော်လေးဝေဖြာနေပြီလို့ ထင်ပါတယ်။ အဲဒီတော့ ဆောင်းပါးလေးလည်းဖတ်ရင်း၊ ကိုယ့်ရဲ့ဂိမ်းခလုတ်လေးလည်းပြန်ကိုင်ရင်း အဲဒီလောက်တောင်ညွှန်းခံထားရတဲ့ God Of War ဂိမ်းသစ် ဘယ်လောက်တောင်မှပြီးပြည့်စုံပြီး ကောင်းမွန်သလဲဆိုတာကို ကိုယ်တိုင်ကိုယ်ကျပဲ တွေ့မြင်ခံစားကြည့်ကြပါလို့ တိုက်တွန်းရင်း God Of War ဂိမ်းသစ်အပေါ် ဂိမ်းမီဒီယာကြီးတွေမြင်တဲ့အမြင်တွေကို ကောက်နှုတ်တင်ပြလိုက်ရပါတယ်။

Yan
Ref: Wikia, Gamespot