Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Thursday, November 30, 2017

Unreal Engine ကိုအသုံးပြုထားပြီး PS4 ပလက်ဖောင်းမှာပွဲဦးထွက်မယ့် Devil May Cry 5 ဘယ်တော့ထွက်လာမှာလဲ?



ဂိမ်မာများအားလုံး CAPCOM ဂိမ်းကုမ္မဏီကထုတ်တဲ့ဂိမ်းတွေကို တစ်ခုမဟုတ်တစ်ခုတော့ ဆော့ဖူးကြမှာပါ။ ၉၀ ခုနှစ်ဝန်းကျင်တဝိုက်မှာ ကမ္ဘာ့ဂိမ်းဈေးကွက်ထဲနေရာတစ်နေရာ အရယူနိုင်ခဲ့တဲ့ ဂျပန်အခြေစိုက်ဂိမ်းကုမ္မဏီ CAPCOM ဟာ နာမည်ကျော်ဂိမ်းစီးရီးများစွာကြောင့် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ကမ္ဘာ့ထိပ်တန်းဂိမ်းထုတ်လုပ်တဲ့ကုမ္မဏီများကြားမှာ ပခုံးချင်းယှဉ်ရပ်တည်နေနိုင်တာပဲဖြစ်ပါတယ်။ CAPCOM ဂိမ်းကုမ္မဏီနဲ့ရင်းနှီးသူများကတော့ Megaman, Street-Fighter, Resident Evil, Monster Hunter အစရှိတဲ့ဂိမ်းတွေကိုလည်း ကိုယ်တိုင်ကိုယ်ကျဆော့ဖူးကြမှာပါ။ အဲတာဆိုရင်တော့ Devil May Cry ဆိုတဲ့ဂိမ်းစီးရီးကိုလည်း တစ်ကွေ့မဟုတ်တစ်ကွေ့တော့ ဆော့ခဲ့ဖူးကြမယ်လို့ထင်ပါတယ်။ ၂၀၀၁ ခုနှစ်မှာစတင်ထွက်ရှိခဲ့တဲ့ Devil May Cry ဂိမ်းဟာ လူသားမျိုးနွယ်ကို နတ်ဆိုးတွေသိမ်းယူကျွန်ပြုခြင်းကနေပြီး ကယ်တင်ခဲ့တဲ့နတ်ဆိုးဘုရင် Sparda နဲ့ သူ့ရဲ့မျိုးဆက်ဖြစ်တဲ့ နတ်ဆိုးတစ်ပိုင်း၊ လူတစ်ပိုင်းအမြွာညီအစ်ကိုနှစ်ယောက်ရဲ့ဇာတ်ကြောင်းကို မီးမောင်းထိုးထားတဲ့ဂိမ်းဖြစ်ပါတယ်။ 

၂၀၀၁ ခုနှစ်နဲ့ ၂၀၀၃ ခုနှစ်မှာ Devil May Cry ပထမအခွေ၊ ဒုတိယအခွေနှစ်ခွေ ပြီးတော့ ၂၀၀၈ ခုနှစ်မှာ စတုတ္တမြောက် DMC4, ၂၀၁၃ ခုနှစ်မှာ Ninja Theory နဲ့လက်တွဲပြီးထုတ်ခဲ့တဲ့ Devil May Cry: DMC reboot ကိုထုတ်ပေးခဲ့တဲ့ CAPCOM ဟာ ၂၀၁၅ ဂျွန်လမှာ  DMC4 Special Edition တို့ကို အသီးသီးထုတ်ပေးခဲ့ပါတယ်။ တကယ်တမ်းဆိုရင် ၂၀၀၈ ဂိမ်းဇာတ်လမ်းကသာ Devil May Cry ဂိမ်းရဲ့ဇာတ်ကြောင်းအမှန်ဖြစ်တာမို့ ၂၀၁၅ ခုနှစ်မှာ နောက်ဆုံးထုတ်ပေးခဲ့တဲ့ Special Edition ဟာလည်း ဇာတ်ကောင်အသစ်တွေထည့်သွင်းထားပြီးရုပ်ထွက်တိုးမြှင့်ထားတာကလွဲရင် ၂၀၀၈ ကဇာတ်ကြောင်းကိုပဲ ပြန်လည်ဆော့ကစားရတာပါ။ ဒီတော့ ၂၀၁၈ ခုနှစ်ကိုလည်းကူးပြောင်းတော့မယ်၊ အချိန်အတိုင်းအတာ ၃ နှစ်နီးနီးယူခဲ့တဲ့ CAPCOM ဟာ Devill May Cry စီးရီးနဲ့ပတ်သက်ပြီး ပရောဂျက်အသစ်ကိုမလုပ်ခဲ့တာ အခုဆိုရင် ၁၀ နှစ်တင်းတင်းပြည့်တော့မှာမယ်ဖြစ်ပါတယ်။ ဂိမ်းပင်တိုင်ဖန်တီးသူ Hideki Kamiya ဟာလည်း ဖျက်သိမ်းသွားခဲ့တဲ့ ၂၀၁၇ Scalebound ဂိမ်းမှာ အားစိုက်နေရတာမို့ Devil May Cry စီးရီးဟာ ဘယ်လိုအခြေအနေရှိမှန်း ဘာမှမသိရပါဘူး။













ဒါပေမယ့် ဆယ်စုနှစ်တစ်ခုတိုင်စောင့်မျှော်နေကြတဲ့ပရိသတ်တွေအတွက် မျှော်လင့်ချက်ရေးရေးကတော့ ပြန်လည်တောက်ပလာပါပြီ။ အဲဒါဘာလည်းဆိုတော့ ၂၀၁၈ အတွင်းမှာ Devil May Cry 5 ထွက်လာမယ်ဆိုတဲ့သတင်းနဲ့ အဲဒီသတင်းဟာ ခိုင်မာတယ်လို့ယူဆရတဲ့သက်သေတွေပါပဲ။ Hideki Kamiya ဟာ ၂၀၁၇ E3 ပွဲကိုသူမတက်ရောက်ခဲ့ပေမယ့် သူရေးဆွဲဖန်တီးနေတဲ့ဂိမ်းတွေကတော့ အဆင်ပြေချောမွေ့စွာနဲ့ ရှေ့ဆက်သွားနေတယ်လို့ Twitter မှာပြောကြားခဲ့ပါတယ်။ ၂၀၁၅ နှစ်ဝက်လောက်တည်းက အခြေယူပြီးဖန်တီးခဲ့မယ်ဆိုရင် DMC စီးရီးအနေနဲ့ သုံးနှစ်တာကာလအကြာ ၂၀၁၈ မှာ Devil May Cry 5 ဂိမ်းသစ်ဟာထွက်သင့်ပြီလို့ ဂိမ်းပညာရှင်၊ ခန့်မှန်းသုံးသပ်ချက်များက ယူဆကြပါတယ်။ ခိုင်မာတဲ့ဂိမ်းမီဒီယာတွေရဲ့သတင်းတွေအရ Sony ဟာ DMC5 ဂိမ်းသစ်ဖန်တီးတည်ဆောက်တဲ့အပိုင်းမှာပါဝင်နေပြီး ထွက်လာခဲ့မယ်ဆိုရင်လည်း PS4 ပလက်ဖောင်းအနေနဲ့ ပွဲဦးထွက်လာမယ်သိရတဲ့အပြင် PC ဗားရှင်းကိုတော့အချိန်တစ်ခုနေမှထုတ်ပေးသွားမှာလို့လည်းပြောပြခဲ့ပါတယ်။ ဒါတင်မကသေးပါဘူး၊ Devil May Cry 5 ဂိမ်းသစ်မှာ ခေတ်သစ်နာမည်ကျော်ဂိမ်းတွေရဲ့အက်ရှင်ကဏ္ဍတွေကို hardcore ဖြစ်အောင်ထောက်ပံ့ထားတဲ့ Unreal Engine ကိုအသုံးပြုထားတယ်လို့ သိရပါတယ်။ ဂိမ်းဇာတ်ကောင်တွေရဲ့အသံသရုပ်ဆောင်ဓါတ်ပုံတွေနဲ့ motion picture ဖမ်းယူတဲ့ဓါတ်ပုံနဲ့ သတင်းများထွက်လာခဲ့ပေမယ့်လည်း ပြန့်နှံ့ပြီၤးအချိန်ခဏအကြာမှာ အဲဒီပို့စ်တွေကို ဖျက်သိမ်းခဲ့ပါတယ်။ 

အဲဒီတော့ တကယ်လို့ Devil May Cry ဂိမ်းသစ် ထွက်ရှိလာတော့မှာသေချာတယ်ဆိုရင် အခုလာမယ့် ဒီဇင်ဘာ ၁၀ ရက်နဲ့ ၁၁ ရက်မှာကျင်းပမယ့် Playstation Experience ပွဲမှာ CAPCOM ဒါမှမဟုတ် Sony ဟာ ကောလဟာလအားလုံးကိုရှင်းလင်းပြီး DMC ဂိမ်းသစ်ကိုလုပ်ဆောင်နေကြောင်း အရိပ်အမြွက်ထုတ်ဖော်ပြောရတော့မှာပါ။ အဲဒီလိုမှမဟုတ်ရင် ကြေညာချက်ဟာ ၂၀၁၈ E3 ပွဲအထိကူးသွားမှာဖြစ်ပြီး အားလုံးနှောင့်နှေးသွားနိုင်ပါတယ်။ ဒီတော့ ကျွန်တော်တို့လို ၂၀၁၅ ခုနှစ်ကတည်းကနေ မျှော်တလင့်လင့်နဲ့ Devil May Cry အခွေသစ်ဘယ်တော့မှများထွက်လာလိမ့်မလဲ စောင့်နေသူများအတွက် တောက်လျှောက်ကြားနေရတဲ့ကောလဟာလတွေကနေ အခုလို စိတ်ချယုံကြည်ရတဲ့သတင်းတွေကိုကြားသိရတဲ့အတွက် တကယ်စိတ်ချမ်းသာရပါတယ်။ ဂိမ်းဆော့တဲ့သက်တမ်း ၈ နှစ်အတွင်း ကျွန်တော်စဆော့ခဲ့တဲ့ဂိမ်းတွေထဲမှာ DMC စီးရီးက ထိပ်ဆုံးကနေရာယူထားတဲ့အတွက် Devil May Cry ဂိမ်းစီးရီးရဲ့ သက်တမ်းရင့်လူငယ် Fan တစ်ယောက်ကိုလက်ညှိုးထိုးပြပါဆိုရင် ကျွန်တော့်ကိုသာညွှန်ပြရပါလိမ့်မယ်။ အဲဒီတော့အခုအချိန်မှာ ဂိမ်မာများအားလုံးလုပ်နိုင်တာကတော့ စိတ်ရင်းခံနဲ့မျှော်လင့်ချက်ထားပြီး တကယ်တမ်း Devil May Cry 5 ဂိမ်းသစ်ထွက်လာဖို့စောင့်ဆိုင်းဖို့ပါပဲလို့ပြောရင်းနဲ့ စိတ်တူကိုယ်တူ DMC Fan များစိတ်ချမ်းသာစေဖို့ရာ ဒီသတင်းကိုဒီဆောင်းပါးနဲ့ပြန်လည်မျှဝေလိုက်ရပါတယ်။
















Yan
Ref: trustedreviews, wcctech

No comments:

Post a Comment