Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Thursday, May 21, 2020

Ubisoft ကိုကျော်လွန်ပြီး ဥရောပတိုက်ရဲ့ နံပါတ်တစ်တန်ဖိုးမြင့်ဂိမ်းကုမ္ပဏီဖြစ်လာခဲ့တဲ့ CD Projekt Red 👹⚖️



အရှေ့တိုင်းဂိမ်းကုမ္ပဏီဖြစ်တဲ့ CAPCOM ကို ဘယ်လောက်ထိကြိုက်နှစ်သက်ရကြောင်း တင်ဆက်ပေးအပြီးမှာတော့ အနောက်တိုင်းဂိမ်းကုမ္ပဏီတွေဘက်ကို ပြန်လှည့်ဖို့အချိန်ကျရောက်လာပါပြီ။ အဲဒါကတော့ အားလုံးပဲခေါင်းစဉ်မှာဖတ်လိုက်ရတဲ့အတိုင်း ဥရောပတိုက်ဂိမ်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Ubisoft ရဲ့ ထိပ်ဆုံးနေရာကို ဖြုတ်ချပြီး နံပါတ်တစ်တန်ဖိုးမြင့်ဂိမ်းကုမ္ပဏီဖြစ်လာခဲ့တဲ့ CD Projekt Red အကြောင်းပါပဲ။ ဂိမ်းလောကနဲ့ ရင်းနှီးကျွမ်းဝင်သူများကတော့ CD Projekt Red အမည်နဲ့ ဂိမ်းရေးဆွဲထုတ်လုပ်တဲ့ကုမ္ပဏီကို တစ်နည်းမဟုတ်တစ်နည်း ကြားဖူးကြမှာပါ။ အနောက်တိုင်းဆိုပေမယ့် အထက်ပါဂိမ်းကုမ္ပဏီနှစ်ခုစလုံးဟာ အမေရိကတိုက်ကမဟုတ်ကြဘဲ ဥရောပတိုက်ကဖြစ်ကြပြီး ကမ္ဘာ့ဂိမ်းဈေးကွက်မှာ ဥရောပတိုက်ဂုဏ်ဆောင်နိုင်တဲ့ နာမည်ကျော်ဂိမ်းကုမ္ပဏီများဖြစ်ကြပါတယ်။ အတိအကျဆိုရင်တော့ Ubisoft ဟာ ပြင်သစ်ဂိမ်းကုမ္ပဏီဖြစ်ပြီး CD Projekt Red ကတော့ ပိုလန်ဂိမ်းကုမ္ပဏီဖြစ်ပါတယ်။ အခုလိုနံပါတ်တစ်နေရာကို ရုတ်တရတ်ရယူနိုင်သွားတဲ့ CD Projekt Red ရဲ့အစကတော့ ယမန်နှစ် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှာ Men of Steel မင်းသား Henry Cavill ပါဝင်သရုပ်ဆောင်ထားတဲ့ The Witcher စီးရီးဇာတ်လမ်ပါပဲ။ ဘာကြောင့်လည်းဆိုတော့ အဲဒီ The Witcher စီးရီးတွဲထွက်ရှိလာအပြီးမှာ CD Projekt Red ရဲ့ဂုဏ်သတင်းကျော်စောမှုနဲ့ နာမည်ဟာ ကြီးမားသည်ထက်ပိုကြီးမားလို့လာခဲ့ပြီး The Witcher 3: Wild Hunt ရဲ့ရောင်းအားတွေဟာလည်း ဒီရေအလား ဟုန်းကနဲမြင့်တတ်လာခဲ့ပြီး ၂၈ မီလီယံအထိကို တိုးမြင့်လာခဲ့ပါတယ် 📊📈



၂၀၁၉ ခုနှစ်ရဲ့ The Witcher 3 စီးရီးဇာတ်လမ်းတွဲ မထွက်လာခင်ကတည်းက The Witcher ဂိမ်းစီးရီးဟာ ဂိမ်းလောကမှာ ထင်ပေါ်ကျော်ကြားပြီး သူ့ပရိသတ်နဲ့သူအခိုင်အမာရှိတဲ့ တစ်ကိုယ်တော်ဇာတ်လမ်းသွားဂိမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ The Witcher 3: Wild Hunt ထွက်မရှိလာခင်ကတည်းက ဂိမ်းကိုကြိုတင်မှာယူထားမှု (pre-order) အရေအတွက် ၁.၅ မီလီယံရှိခဲ့ပြီး ဂိမ်းထွက်လာတဲ့အချိန်မှာလည်း အချိန်နှစ်ပါတ်အတွင်း အခွေပေါင်း ၄ မီလီယံတိတိ ရောင်းအားရှိခဲ့ပါတယ်။ ဒါ့အပြင် The Witcher 3: Wild Hunt ဟာ ကမ္ဘာတစ်ဝန်းက ပရော်ဖက်ရှင်နယ်များစွာ အကဲဖြတ်ဝေဖန်ကြတဲ့ Metacritic ဝက်ဘ်ဆိုဒ်မှာလည်း သတ်မှတ်ချက် ၁၀၀ အရ ၉၃ မှတ် (93 out of 100) ရရှိခဲ့ပါတယ်။ အခုဆိုရင်တော့ ကမ္ဘာ့ဂိမ်းလောကထဲမှာ ဥရောပတိုက်နံပါတ်တစ်ဂိမ်းကုမ္ပဏီဖြစ်ခဲ့တဲ့ Ubisoft အနေနဲ့ ပိုလန်ရဲ့ CD Projekt Red ကို သူတို့ရဲ့နှစ်ရှည်လများစိုးမိုးထားတဲ့ ပလ္လင်ကို လွှဲပြောင်းပေးအပ်လိုက်ရပါပြီ။ ပိုလန်နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ဝါဆောမြို့စတော့အိတ်စ်ချိန်းရဲ့ တင်ပြချက်အရဆိုရင် CD Projekt Red ကထုတ်ခဲ့တဲ့ The Witcher 3 ရဲ့ ဈေးကွက်တန်ဖိုးဟာ ပိုလန်ငွေကြေး zloty တန်ဖိုးအရ ၃၆.၅ ဘီလီယံရှိပြီး အဲဒီနှုန်းထားဟာ ယူရိုငွေကြေးအရဆိုရင် ၈ ဘီလီယံတန်ဖိုး ရှိပါတယ်။ သို့ပေမယ့် Ubisoft ရဲ့ The Assassin's Creed နဲ့ Far Cry စီးရီးတို့ရဲ့ ဈေးကွက်တန်ဖိုးကတော့ ယူရို ၇.၈၂ ဘီလီယံတန်ဖိုးသာရှိပြီး လက်မတင်လေး CD Projekt Red ထက် လျော့နည်းခဲ့ရပါတယ်။ ဒီနေရာမှာအားလုံးသတိပြုရမှာက ကိုယ်သုံးစွဲထားတဲ့ ဈေးကွက်အရင်းအနှီးဟာ ပိုများတဲ့အမြတ်အစွန်းကို ဆိုလိုခြင်းမဟုတ်ဘူးဆိုတာပါပဲ၊ ဘာကြောင့်လည်းဆိုတော့ CD Projekt Red ရဲ့ ၂၀၁၉ ခုနှစ်ရဲ့ဈေးကွက်အရင်းအနှီးဟာ ယူရို ၃၅ မီလီယံဖြစ်ပြီး Ubisoft ရဲ့ဈေးကွက်အရင်းအနှီးကတော့ ယူရို ၄၁၆.၂ မီလီယံအထိ အသီးသီး ရှိနေလို့ပါ 💶💶



လက်ရှိအချိန်မှာတော့ ပိုလန်ရဲ့ CD Projekt Red ဂိမ်းကုမ္ပဏီဟာ အမေရိကန်ဒေါ်လာ ၈.၈၈ ဘီလီယံတန်ဖိုးရှိပြီး ပြင်သစ်ရဲ့ Ubisoft ကတော့ အမေရိကန်ဒေါ်လာ ၈.၅၇ မီလီယံနဲ့ နံပါတ်နှစ်ဖြစ်လို့သွားခဲပါပြီ။ CD Projekt Red ဟာ ၂၀၁၅ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အတွင်း ဂိမ်းလောကတစ်ခုလုံးကို တုန်လှုပ်စေမယ့် AAA ဂိမ်းမျိုးမထုတ်ခဲ့ပေမယ့်လို့ Netflix ရဲ့ The Witcher စီးရီးဇာတ်လမ်းတွဲနဲ့ နိဂိုရှိနှင့်ပြီးသား အရည်အသွေးမြင့်ဂိမ်းတွေကြောင့် ၁၀ နှစ်ကျော်ကြာ ဥရောပတိုက်မှာထိပ်ဆုံးရောက်နေခဲ့တဲ့ Ubisoft ကို အခုလိုအချိန်မှာ ဖြုတ်ချနိုင်ခဲ့ပါပြီ။ သိပ်မကြာခင်ရောက်လာတော့မယ့် ၂၀၂၀ ခုနှစ်ရဲ့ စက်တင်ဘာလ ၁၇ ရက်နေ့မှာ CD Projekt Red ရဲ့စွမ်းဆောင်ရည်အမြင့်မားဆုံး ဖန်တီးရေးဆွဲထားတဲ့ Cyberpunk 2077 ထွက်ရှိလာတော့မှာဖြစ်ပြီး Ubisoft ဘက်ကနေလည်း နှစ်ပေါင်းများစွာနာမည်တစ်ခုနဲ့ ရပ်တည်နေတဲ့ Assassin's Creed စီးရီးရဲ့ Assassin's Creed: Valhalla ထွက်ရှိမှာဖြစ်တယ်လို့ သိရပါတယ်။ ကုမ္ပဏီနှစ်ခုရဲ့တန်ဖိုးဟာ သိပ်အများကြီး မကွာဟတာကြောင့် Ubisoft အနေနဲ့ အစွမ်းကုန်ပြန်လည်အားထုတ်ပြီး အမှီလိုက်မယ်ဆိုရင် သူတို့ဆုံးရှုံးခဲ့ရတဲ့နံပါတ်တစ်နေရာကို ပြန်လည်သိမ်းယူနိုင်မှာဖြစ်တယ်လို့ ထင်ရပေမယ့် တကယ်တမ်း CD Projekt Red ရဲ့ Cyberpunk 2077 ထွက်လာတဲ့အချိန်ကျရင် သူတို့နှစ်ခုကြားက တန်ဖိုးဟာ အခုထက်ပိုကွာခြားသည်ထက် ကွာခြားသွားနိုင်တယ်လို့ မြင်မိပါတယ်။ အဲဒီတော့ ကျွန်တော်တို့ဂိမ်းချစ်သူတွေအတွက် တကယ့်ကိုပြောင်မြောက်လှပပြီး ရသစုံတဲ့ဂိမ်းတွေကို ထုတ်ပေးနိုင်ခဲ့တဲ့ ဥရောပဂိမ်းကုမ္ပဏီကြီးနှစ်ခုရဲ့ အားပြိုင်မှုမှာ ဘယ်သူက ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်မလဲဆိုတာကိုတော့ စောင့်ကြည့်နေရတော့မှာပါ။ 


စာဖတ်သူဂိမ်းပရိသတ်တွေအားလုံးကိုလည်း CD Projekt Red က Ubisoft ကို ကျော်တတ်သွားတဲ့ကိစ္စရပ်နဲ့ ပတ်သက်ပြီး အချက်အလက်နဲ့တကွ ခြုံငုံသိသွားနိုင်အောင်လို့ ဒီဆောင်းပါးကို ရေးသားတင်ဆက်ပေးရခြင်းဖြစ်ပါတယ်။ လာမယ့်ဆောင်းပါးတွေမှာလည်း အခုလိုသုတ၊ ရသစုံလင်စွာ ပေးစွမ်းသွားမယ့် ဂိမ်းတွင်းလောကအကြောင်းအရာတွေကို ရေးသားဖန်တီးသွားမှာပါ။ အားလုံးလည်း ဒီဆောင်းပါးလေးကိုဖတ်ရှုပြီး စိတ်ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ၂၀၂၀ ခုနှစ်တစ်နှစ်အတွင်းမှာ ထွက်လာမယ့် Cyberpunk 2077 နဲ့ Assassin's Creed: Valhalla တို့ နှစ်ခုမှာရော ဘယ်ဟာအတွက်ပိုပြီးရင်ခုန်သလဲဆိုတာကို အောက်မှာတစ်ချက်လောက် ပြန်လည်ပြောပြခဲ့ပါဦးလို့ နှုတ်ဆက်လိုက်ရင်း မကြာခင်အချိန်မှာ ကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ် 💜

Yan

No comments:

Post a Comment