

ဂိမ်းချစ်သူများအတွက် အချိန်မှန်တင်ဆက်ပေးနေကျဖြစ်တဲ့ စာရေးသူအကြိုက်ရဆုံး Devil May Cry စီးရီးရဲ့ မှတ်သားဖွယ်ရာအချက် ၇ ချက်ကို တင်ဆက်ဖို့ အချိန်ကျလာပြန်ပါပြီ။ အပိုင်း ၁ ကို Gamedia ပေ့ချ်နဲ့ ဘလော့မှာရော လွန်ခဲ့တဲ့တစ်လလောက်က ရေးသားဖော်ပြခဲ့ပြီး အချိန်ရတိုင်းမှာ အခုလို facts အပိုင်းသစ်တွေကို ရေးသားဖန်တီးဖို့ ရည်ရွယ်ထားပါတယ်။ အခုဆိုရင် ကျွန်တော် DMC စီးရီးကို ဘယ်လောက်ထိအသည်းနင့်အောင် ကြိုက်ရကြောင်း ဂိမ်းပရိသတ်တွေကို အထွေအထူးပြောပြနေစရာလိုမယ် မထင်တော့ပါဘူး။ ကျွန်တော့်အနေနဲ့ Devil May Cry ဂိမ်းများကို ၃ ကစပြီး စဉ်ဆက်မပြတ်ဆော့လာခဲ့တာ အခုဆိုရင် ပဉ္စမမြောက်ဂိမ်းကို ရောက်ရှိလို့လာခဲ့ပါပြီ။ DMC ပရိသတ်အတော်များများ လုံးဝမကြိုက်ကြတဲ့ ၂၀၁၃ နှစ်ထွက် Ninja Theory က ရေးဆွဲဖန်တီးတဲ့ DmC: Devil May Cry ကိုတောင် ဆုံးခန်းတိုင်တဲ့ထိ ကျွမ်းကျင်အောင် ဆော့ကစားခဲ့တဲ့အထိပါပဲ။ ဒါပေမယ့် ဆောင်းပါးမစတင်ခင်မှာ အားလုံးကိုတင်ပြစရာလေးတစ်ခုရှိပါတယ်။ ကျွန်တော်အလုပ်လုပ်တဲ့ ဒီလက်ပ်တော့ကလေးနဲ့ Devil May Cry 5: Deluxe Edition ကိုသွင်းပြီး ဆော့ကစားပြီးစီးတာ အချိန်အတော်အတန်ကြာပါပြီ။ DMC 5 ကို Dante Must Die အထိဆော့ပြီးရုံသာမက ဂိမ်းတွင်းစုဆောင်းရမယ့် collectibles တွေ အားလုံးကိုရယူပြီး အပြင်ရောက်နေတဲ့ရက်ကလွဲလို့ နေ့တိုင်းဆော့ဖြစ်ပါတယ် 😋💻
ဒါပေမယ့် Devil May Cry 5 ဂိမ်းဟာ မျိုးဆက်သစ်ဂိမ်းတွေထဲကတစ်ခုဖြစ်တာမို့ ဒိတ်အတော်အောက်နေတဲ့ ကျွန်တော့်ရဲ့လက်ပ်တော့နဲ့ ဂိမ်း setting တွေအားလုံးကို အနိမ့်ဆုံးထိချပြီး ဆော့တာတောင် တစ်ခါတလေ framerate အရမ်းကျပြီး stutter ဖြစ်ပါတယ်။ စထွက်ကတည်းက DMC 5 ရဲ့ Playstation 4 အခွေကို ဝယ်မယ်လို့ ရည်ရွယ်ထားတာလည်း အခုထိမဝယ်ဖြစ်သေးပါဘူး။ ဒါကြောင့်မို့ ဂိမ်းပရိသတ်တွေဆီမှာ ဆော့ပြီးလို့ ဒီအတိုင်းထားထားတဲ့ Devil May Cry 5 ဂိမ်းခွေလေးများ ရှိခဲ့ရင် ကျွန်တော့်ကို second အနေနဲ့ ပြန်လည်ရောင်းချပါလို့ အသိပေးချင်တာပါ။ လက်ရှိအချိန်မှာ ခွေသစ်ကို ဈေးအပြည့်ပေးပြီး မဝယ်နိုင်သေးတာမို့ Devil May Cry 5 second ခွေလေးရရင် ကျွန်တော့်ရဲ့ PS4 Pro မှာဆော့ဖို့ အတော်လေးအဆင်ပြေမှာပါ။ အဲဒါလေးကို တင်ပြချင်တာပါ၊ ဖတ်ရှုပေးတာကျေးဇူးတင်ပါတယ်၊ ဆက်သွားဖို့ အဆင်သင့်ဖြစ်နေလောက်ပြီလို့လည်း ယူဆပါတယ်။ အခုဆိုရင်တော့ ကျွန်တော်အကြိုက်ဆုံး Devil May Cry စီးရီးရဲ့ကိုယ်တိုင်ရှာဖွေစုစည်းခဲ့တဲ့ မှတ်သားဖွယ်ရာအချက် facts ၇ ချက်ရဲ့ ဆောင်းပါးအပိုင်း ၂ စတင်ပါပြီ 🤓⬇️

1️⃣ Vergil နဲ့ Dante ရှစ်နှစ်ပြည့်မွေးနေ့မှာ ဖခင်ဖြစ်သူ Sparda က သူ့ရဲ့မျိုးဆက်ဖြစ်တဲ့ သားနှစ်ယောက်ကို အမွေဆက်ခံစေတဲ့သဘောနဲ့ Yamato နဲ့ Rebellion ဓါးနှစ်လက်ကို လက်ဆောင်ပေးခဲ့ပါတယ်။ Sparda ဟာ Eva နဲ့ရတဲ့ သူတို့ရဲ့ပထမဦးဆုံးကလေးကိုသာ အမွေဆက်ခံသူဖြစ်စေဖို့ ရည်ရွယ်ခဲ့ပေမယ့် ယောက်ျားလေးအမွှာနှစ်ယောက်ဖြစ်နေခဲ့တဲ့အတွက် ပထမဆုံးကလေးဖြစ်တဲ့ Vergil ကို နတ်ဆိုးလောကနဲ့ လူ့လောကကို ဆက်သွယ်နိုင်တဲ့အစွမ်းရှိတဲ့ Yamato ဓါးကို ပေးအပ်ခဲ့ပါတယ်။ သားနှစ်ယောက်ထဲမှာမှ အနေအေးပြီး ဗဟုသုတရှာဖွေစုဆောင်းတယ်၊ စာဖတ်ဝါသနာပါပြီး ရည်မှန်းချက်ရှိတဲ့သားဦးကို ပိုကြီးလေးတဲ့တာဝန်ပေးအပ်တာဟာ တကယ်တမ်းတော့ သဘာဝကျသလို Sparda ရဲ့အမျှော်အမြင်ကြီးတဲ့လုပ်ရပ်ပါပဲ။
2️⃣ Devil May Cry 5 မှာ Dante, Nero နဲ့ V ဆိုပြီး ဇာတ်ကောင်သုံးယောက်ရှိတဲ့အလျောက် အဲဒီသုံးယောက်စလုံးဟာ ရန်သူကိုစိန်ခေါ်ကြွားဝါတဲ့ taunt ကို လေထဲမှာလုပ်နိုင်စွမ်းရှိပါတယ်။ အဲဒီထဲကမှ Nero ရဲ့ Air Taunt လုပ်နေစဉ်အတွင်းမှာ Red Queen ဓါးရဲ့ Rev ခလုတ်ကိုနှိပ်ပြီး Exceed လုပ်နိုင်ပါတယ်။ Red Queen ဓါးကိုခြေထောက်နဲ့ ထောက်ပြီး စကိတ်စတန့်ပြနေသလိုလုပ်နေတဲ့အချိန်မှာ Rev ခလုတ်ကို နှိပ်လိုက်တာနဲ့ ဘားတစ်ခုတတ်ပြီး အလိုလို Exceed ဖြစ်သွားမှာဖြစ်ပါတယ်။ Max-act အထိဖြစ်ဖို့အတွက်ကတော့ အချိန်ကိုက်ဖို့နဲ့ ကိုယ့်ရဲ့လက်ကခလုတ်နှိပ်တဲ့အခါ တိကျမှုရှိဖို့တော့ လိုပါတယ်။
3️⃣ Devil May Cry 5 ဟာ ဟိုးအရင်နှစ်များကတည်းက DMC စီးရီးကိုတောက်လျှောက်အားပေးလာခဲ့ကြတဲ့ ပရိသတ်တွေအတွက်တော့ တကယ့်ကိုရင်ထဲစွဲညှိရတဲ့အမိုက်စားဂိမ်းတစ်ခုပါပဲ။ ဘာကြောင့်လည်းဆိုတော့ ၂၀၀၇ ခုနှစ်ကထွက်တဲ့ Devil May Cry anime, DMC 4 မထွက်ခင်က အကြိုထွက်ထားခဲ့တဲ့ ရုပ်ပြကာတွန်း novel နဲ့ ပြန့်ကျဲနေတဲ့ DMC လောကတစ်ခုလုံးက လူသိနည်းတဲ့အချက်အလက်တွေကို ဒီဂိမ်းရဲ့မူရင်းဇာတ်ကြောင်း canon ထဲမှာ ပြန်လည်ထည့်သွင်းထားလို့ပါပဲ။ ဥပမာ DMC anime မှာ Dante ရဲ့ရုံးမှာ အချိန်လပေါင်းများစွာ နေထိုင်ခဲ့တဲ့ Patty Lowell ရဲ့အသက် ၁၈ နှစ်ပြည့်မွေးနေ့မှာ အစ်ကိုလိုခင်ရတဲ့ Dante ကို ဖိတ်ကြားတာမျိုး၊ Dante ရဲ့ Ebony နဲ့ Ivory ပစ္စတိုနှစ်လက်ကိုပြုလုပ်ပေးခဲ့တဲ့ Nicolette Goldstein (Nico) ရဲ့အဖွားဖြစ်သူ Nell Goldstein ကို ဂိမ်းဒိုင်ယာလော့ထဲမှာ ပြန်လည်ထည့်သွင်းထားတာမျိုး၊ အစရှိတာတွေကို တကယ်တမ်းကြည့်မယ်ဆိုရင် သေးငယ်တယ်ထင်ရပေမယ့် DMC ပရိသတ်တွေအတွက်တော့ လုံးဝကိုကြီးမားတဲ့အသိအမှတ်ပြုမှုတွေပါပဲ။
4️⃣ ခန္ဓာကိုယ်တစ်ခုထဲမှာပေါင်းစည်းနေတဲ့ နတ်ဆိုးဖြစ်တည်မှုနဲ့ လူသားစိတ်ဝိညာဉ်ကို Yamato နဲ့ ခွဲခြားလိုက်ဖို့ Vergil ဟာ သူငယ်စဉ်ကနေထိုင်ခဲ့တဲ့ Red Grave မြို့က အိမ်ဟောင်းကို သွားရောက်ခဲ့ပါတယ်။ ကိုယ့်ကိုယ်ကို Yamato ဓါးနဲ့မထိုးခင်မှာ Vergil ဟာ Sparda, Eva နဲ့ သူတို့ညီအစ်ကိုနှစ်ယောက်ရိုက်ထားတဲ့ မိသားစုဓာတ်ပုံကို အရင်ဆုံးကျောခိုင်းလိုက်ပါတယ်။ အဲဒါဟာ ဘာကိုဆိုလိုသလဲဆိုတော့ သူ့ရဲ့ခန္ဓာကိုယ်ထဲက လူ့အသွေးအသားနဲ့ လူသားဆန်မှုအလုံးစုံကို မေ့ဖျောက်ပြီး နတ်ဆိုးဖြစ်တည်မှုကိုသာ ရာနှုန်းပြည့်လက်ခံတဲ့ သဘောကို ဆောင်ပါတယ်။ သို့ပေမယ့် Dante ကတော့ ကိုယ့်ကိုယ်ကို Rebellion ဓါးအကျိုးနဲ့ မထိုးခင်မှာ သူတို့ရဲ့မိသားစုဓာတ်ပုံကို မျက်နှာချင်းဆိုင်ထားပါတယ်၊ အဲဒါ ဘာကိုဆိုလိုသလဲဆိုတော့ သူ့အသွေးအသားထဲမှာ စီးဝင်နေတဲ့ လူသားဆန်မှုနဲ့ လူ့လောကကို ကာကွယ်ဖို့ ဘယ်လိုအရာကိုမဆိုလုပ်မယ်ဆိုတဲ့ သဘောပါပဲ။ မျဉ်းပြိုင်နှစ်ကြောင်းလို လားလားမှကို မတိုက်ဆိုင်တဲ့ Sparda ရဲ့မျိုးဆက် ညီအစ်ကိုနှစ်ယောက်ရဲ့ စိတ်သဘောထားလက္ခဏာရပ်တွေကို ဒီနေရာမှာတွေ့မြင်နိုင်ပါတယ်။

5️⃣ Dante နဲ့ Vergil တို့ရဲ့အကြီးမားဆုံးကွာခြားချက်ဟာ ဘယ်ကစသလဲဆိုတော့ Devil May Cry 5 မှာ အားလုံးတွေ့မြင်ခဲ့ရတဲ့ Eva ရဲ့နောက်ဆုံးထွက်သက် အခိုက်အတန့်မှာစခဲ့တယ်လို့ ဆိုရပါလိမ့်မယ်။ မိခင်ဖြစ်သူ Eva ဟာ Mundus လွှတ်လိုက်တဲ့ မိစ္ဆာနတ်ဆိုးတွေလက်ကနေ Dante ကိုကာကွယ်ဖို့ ဗီဒိုထဲမှာဖွက်တဲ့အချိန်မှာ Dante ရင်ထဲခံစားလိုက်ရတဲ့ စိတ်ခံစားချက်ဟာ Dante ရဲ့ဇာတ်ကောင်စရိုက်တစ်ခုလုံးကို ပုံဖော်ပေးလိုက်တဲ့အရာပါပဲ၊ အဲဒါကိုကပဲ Dante နဲ့ Vergil တို့ရဲ့ကွာခြားချက်ဖြစ်ပါတယ်။ Vergil နဲ့မတူစွာပဲ ဟိုးငယ်စဉ်အရွယ်ကတည်းက Dante နားလည်ခဲ့တာကတော့ လူသားတွေဆီမှာ နတ်ဆိုးတွေမလုပ်နိုင်၊ မဖြစ်နိုင်တဲ့ အရာတစ်ခုရှိတယ်ဆိုတာပါ။ အဲဒါကဘာလည်းဆိုတော့ ချစ်ခြင်းမေတ္တာကလာတဲ့ အသန့်စင်အရိုးရှင်းဆုံးစိတ်ခံစားချက်နဲ့ ကိုယ့်ရှင်သန်မှုကိုစတေးပြီး ကိုယ်ချစ်မြတ်နိုးရတဲ့တစ်ပါးသူအတွက် စွန့်လွှတ်အနစ်နာခံကြတဲ့ လူသားတွေရဲ့ဖြူစင်တဲ့နှလုံးသားပါပဲ။ လူသားမိခင်ဖြစ်တဲ့ Eva ဟာ သူမအသက်မဆုံးရှုံးစဉ်စက္ကန့်ပိုင်းလေးအလိုမှာ လူသားအဖြစ်ရှင်သန်ရခြင်းရဲ့အဓိပ္ပါယ်ကို Dante ကို ပြသလိုက်သလိုပါပဲ။ လူသားတွေဆီမှာ နတ်ဆိုးတွေဘယ်သောအခါမှ မပိုင်ဆိုင်နိုင်တဲ့အရာတစ်ခုရှိတယ်ဆိုတာကို Dante အမြဲတမ်းပြောပါတယ်၊ အဲဒီအရာကတော့ အကြင်နာမေတ္တာတရားတွေကို ထုတ်လွှင့်ဖြန့်ကျက်စေတဲ့ ဂုဏ်သတ္တိရှိတဲ့ လူ့နှလုံးသားပါပဲ။
6️⃣ Devil May Cry ဆိုတဲ့နာမည်ကို တိုက်ရိုက်ဘာသာပြန်ကြည့်မယ်ဆိုရင် "နတ်ဆိုးတွေလည်း ငိုကြွေးကောင်းငိုကြွေးနိုင်လိမ့်မယ်" လို့ ပြန်လို့ရပါတယ်။ အဲဒါကိုအနက်အဓိပ္ပါယ်ဖွင့်မယ်ဆိုရင်တော့ ခံစားချက်မဲ့တဲ့နတ်ဆိုးတွေတောင်မှလည်း ကိုယ်ချစ်မြတ်နိုးရတဲ့တစ်စုံတစ်ယောက်ကို ဆုံးရှုံးရတဲ့အချိန်မှာတော့ လူသားတွေလိုခံစားချက်ပြင်းထန်လာပြီး ငိုကြွေးကောင်းငိုကြွေးနိုင်လိမ့်မယ်ဆိုတဲ့ သဘောပါပဲ။ အထက်ကပြောပြခဲ့တဲ့ Eva ရဲ့လူသားဆန်တဲ့စွန့်လွှတ်အနစ်နာခံမှုကို နားလည်သဘောပေါက်ခဲ့တဲ့ Dante အတွက်ကတော့ သူရဲ့ဖြစ်တည်မှုမှာ နတ်ဆိုးနဲ့လူသားသွေးရောနှောနေပေမယ့်လည်း သူ့ရင်ဘတ်ထဲကနှလုံးသားကတော့ လူသားဆန်စွာပဲ ခံစားချက်အလုံးစုံကို ခံစားနိုင်စွမ်းရှိတယ်ဆိုတဲ့ အဓိပ္ပါယ်ကိုဆောင်ပါတယ်။ တကယ်တမ်းတော့ စီးရီးဇာတ်ကြောင်းတစ်ခုလုံးကို ခြုံငုံသိမယ်ဆိုရင်တော့ Devil May Cry ဆိုတဲ့နာမည်ဟာ လုံးဝကိုရသမြောက်အနုပညာဆန်ပြီး စီးရီးတစ်ခုလုံးကို ပြည့်ဝစွာအနှစ်ချူပ်ဆိုထားတဲ့ နာမည်တစ်ခုပါပဲ။
7️⃣ Nero ဟာ ဖခင်ဖြစ်သူ Vergil နဲ့ ဘဝမှာ တစ်ခါမှမဆုံဖူးပေမယ့် သွေးကစကားပြောတဲ့ ဖအေတူသားလို့ဆိုရလောက်အောင်ကို Vergil နဲ့ တူညီတဲ့စရိုက်လက္ခဏာတွေကို ပိုင်ဆိုင်ထားပါတယ်။ အဲဒီထဲကမှ အံ့အားသင့်လောက်စရာ တူညီနေတဲ့အချက်ကတော့ အဆုံးအစမဲ့စွမ်းအားကို ပိုင်ဆိုင်ရယူလိုစိတ်ဖြစ်ပါတယ်။ DMC 4 မှာ Yamato က အကောင်းပကတိပြန်ဖြစ်သွားပြီး Nero ရဲ့ Devil Bringer နဲ့ ချိတ်ဆက်သွားချိန်မှာ Nero ရဲ့နတ်ဆိုးအစွမ်းကို ကျွန်တော်တို့ ပထမအကြိမ်တွေ့မြင်ခဲ့ရပါတယ်။ အဲဒီမှာ Nero ပြောကြားခဲ့တဲ့ "အဲဒီနေ့ကစပြီး ငါ့လက်တစ်လျှောက် ပြောင်းလဲသွားတယ်၊ ငါ့ရဲ့အသံတွေ ပဲ့တင်ရိုက်ခတ်လာတယ်၊ စွမ်းအား ... ငါ့ကို အဆုံးအစမဲ့စွမ်းအားပေးပါ။ နတ်ဆိုးတစ်ယောက်ဖြစ်မယ်ဆိုလည်း ငါခံယူလိုက်မယ်၊ အားလုံးနဲ့ဝေးကွာအောင် နယ်နှင်ထုတ်ခဲ့လည်း ငါသည်းခံမယ်၊ သူမကို ကာကွယ်ဖို့ ဘာမဆိုငါလုပ်ဝံ့တယ်" ဆိုတဲ့စကားအရ Nero ဟာလည်း ဖခင်ဖြစ်သူ Vergil လိုပဲ နတ်ဆိုးစွမ်းအားပင်ဖြစ်လင့်ပါစေ ကြီးမားတဲ့စွမ်းအားကို ပိုင်ဆိုင်ရမယ်ဆိုရင် ဘာမဆိုလုပ်မယ့်သူမျိုးဖြစ်ပါတယ်။ DMC 5 မှာ Nero ပြောခဲ့တဲ့ "စွမ်းအားမရှိဘူးဆိုရင် ငါဘာကိုမှမကာကွယ်နိုင်ဘူး၊ ငါအဲဒါကို အကြွင်းမဲ့သိထားတယ်" ဆိုတဲ့စကားဟာ တစ်ချိန်တုန်းက Dante ကို Vergil ပြောခဲ့တဲ့စကားအတိုင်း ထပ်တူထပ်မျှတူညီနေပါတယ်။ ဒါပေမယ့် Vergil နဲ့ Nero ရဲ့အကြီးမားဆုံးကွာခြားချက်ကတော့ Nero ဟာ ငယ်စဉ်ကတည်းက မိဘမဲ့တစ်ယောက်အနေနဲ့ သူရဲ့မွေးစားမိသားစုဖြစ်တဲ့ Credo နဲ့ Kyrie တို့ မောင်နှမနဲ့အတူ ကြီးပြင်းလာတဲ့အတွက် လူသားတွေရဲ့ချစ်ခြင်းမေတ္တာတရားနဲ့ သံယောဇဉ်နှောင်ဖွဲ့မှုတို့ကို နားလည်နေခဲ့တာပါပဲ။
ကဲ Devil May Cry စီးရီးရဲ့ မှတ်သားဖွယ်ရာအချက် ၇ ချက် ဆောင်းပါးအပိုင်း ၂ ကတော့ ဒီလောက်ပါပဲ။ အားလုံးဖတ်ရှုပြီး ကိုယ်မသိရသေးတဲ့ DMC အချက်လေးတွေကို သိသွားနိုင်မယ်ဆို ရေးသားရကျိုးနပ်ပါပြီ။ ဆောင်းပါးမစတင်ခင်မှာ ပြောခဲ့တဲ့ Devil May Cry 5 ရဲ့ second PS4 အခွေလေးကို လက်လွှဲရောင်းချချင်တယ်ဆိုရင်တော့ ကျွန်တော့်ကို တစ်ချက်လောက် ဆက်သွယ်ပေးပါ။ မက်ဆေ့ချ် Inbox က လာပြောလည်း အဆင်ပြေပါတယ် (အဆင်ပြေသွားရင် ကျေးဇူးအထူးတင်မိမှာပါ)။ ဖတ်ရှုသူဂိမ်းပရိသတ်တစ်ယောက်ချင်းစီကို ကျေးဇူးအထူးတင်လျက်ပါ။ အခုလိုပဲ နောင်လာမယ့် စိတ်ဝင်စားစရာဂိမ်းဆောင်းပါးတွေမှာ ကျွန်တော်တို့ ပြန်လည်ဆုံတွေ့ကြပါမယ် 💙❤️
Yan
No comments:
Post a Comment