
ဂိမ်းပရိသတ်တွေအားလုံးပဲ မင်္ဂလာပါ။ စိတ်ဝင်စားဖို့ကောင်းတဲ့ဂိမ်းဆောင်းပါးတွေနဲ့ အားလုံးဆီတစ်ခေါက်ပြန်လို့ လာပါပြီ။ လွန်ခဲ့တဲ့နှစ်ရက်၊ သုံးရက်လောက်က သူငယ်ချင်းအိမ်စတူဒီယိုမှာ တေးသီချင်းကိစ္စတစ်ချို့နဲ့ အလုပ်များနေခဲ့လို့ အခုရက်ပိုင်းအတွင်းပေ့ချ်မှာ ဆောင်းပါးအတင်ပြတ်ခဲ့ရတာပါ။ မနေ့ညက အိမ်ရောက်ရောက်ချင်း အခုစာစောင်မှာဘယ်လိုအကြောင်းအရာတင်ဆက်ပေးရမလဲ စဉ်းစားနေရင်းကနေ မကြာခင်မှာ အသွင်သစ်နဲ့တွေ့မြင်ရတော့မယ့် Ghost of Tsushima အကြောင်းကို ရေးသားဖြစ်ခဲ့တာဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်၊ ဂျူလိုင်လ ၁၇ ရက်နေ့မှာ ထွက်ရှိမယ့် Ghost of Tsushima ဂိမ်းဟာ ကြမ်းတမ်းပြင်းထန်လှတဲ့ ၁၃ ရာစုတစ်ဝိုက်က ဂျပန်-မွန်ဂိုစစ်ပွဲကာလမှာ အခြေခံထားတဲ့ဇာတ်ကြောင်းဖြစ်တယ်ဆိုတာ ဂိမ်းချစ်သူတွေအနေနဲ့ အရိပ်အမြွက်လောက်တော့ သိကြမှာပါ။ အလွန့်အလွန်ကိုအင်အားကြီးပြီး စစ်ပရိယာယ်ကြွယ်ဝတဲ့ မွန်ဂိုစစ်တပ်ဟာ တစ်ချိန်တုန်းက ရုရှား၊ တရုတ်၊ ကိုရီးယား၊ အရှေ့တောင်အာရှ၊ ပါရှား၊ အိန္ဒယ၊ အရှေ့အလယ်ပိုင်းနိုင်ငံတစ်ချို့နဲ့ အရှေ့ဥရောပတစ်ဝိုက်အထိ ကြီးစိုးနိုင်ခဲ့ပြီး မွန်ဂိုတွေအုပ်ချူပ်ခဲ့တဲ့ ကမ္ဘာ့ကုန်းမြေပမာဏဟာ စတုရန်းမိုင်ပေါင်း ၁၂ သန်း (အာဖရိကတစ်တိုက်စာ) အထိရှိခဲ့ပါတယ်။ ခေတ်မှီပြီး ထိခိုက်မှုပြင်းထန်လွန်းတဲ့စစ်လက်နက်တွေ၊ ထိုးခွင်းရခက်ခဲ့တဲ့တိုက်စစ်ခံစစ်ဖွဲ့စည်းမှုပုံစံတွေ၊ မွန်ဂိုစစ်သားတစ်ယောက်ချင်းစီရဲ့ သူမတူတဲ့ကြမ်းကြုတ်နဲ့ ရဲရင့်မှုတွေဟော မွန်ဂိုအင်ပါယာကို တစ်ခေတ်တစ်ခါက ပြိုင်ဘက်မဲ့စေခဲ့တဲ့ ထင်ရှားတဲ့လက္ခဏာတွေပါပဲ 💪⚔️

ကိုယ်တိုက်ယူလိုတဲ့နယ်မြေကို ကြီးမားတဲ့အခက်အခဲမရှိဘဲ အသာတကြည်သိမ်းယူနိုင်ခဲ့တဲ့ မွန်ဂိုစစ်တပ်ဟာ နှစ်ခေါက်တိုင်တိုင် အားသွန်ခွန်စိုက်ချီတတ်တိုက်စစ်ဆင်ပေမယ့် ဆာမူရိုင်းတို့မွေးဖွားရာ ဂျပန်ပြည်ကိုတော့ ထိုးဖောက်မသိမ်းယူနိုင်ခဲ့ပါဘူး။ ကျွန်းစုနိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံကို ရေကြောင်းလမ်းက လာရောက်တိုက်စစ်ဆင်တဲ့မွန်ဂိုတပ်တွေဟာ သူတို့ချီတတ်လာတဲ့အချိန်တိုင်း ပြင်းထန်လှတဲ့တိုက်ဖုန်းမုန်တိုင်းနှစ်ခုနဲ့ ကြုံခဲ့ရပြီး ပင်လယ်ပြင်ထဲမှာ အလဲလဲအကွဲကွဲ ကျဆုံးကုန်ကျလို့ပါပဲ။ အဲဒီအချိန်လောက်ကစပြီး မြင့်မြတ်တဲ့ဂျပန်နိုင်ငံကို မိခင်ရာသီဥတုကြီးကပါ ကာကွယ်ပေးနေတယ်ဆိုတဲ့အဆိုနဲ့ နတ်ဘုရားတို့ကတိုက်ခတ်တဲ့လေမုန်တိုင်း (Kamikaze) ဆိုတဲ့အသုံးအနှုန်းဟာ တွယ်ကျယ်လာခဲ့တာဖြစ်ပါတယ်။ Ghost of Tsushima ရဲ့အရင်ဆောင်းပါးနှစ်ပုဒ်ကို မဖတ်လိုက်ရတဲ့သူတွေအတွက် စိတ်အတွေးထဲပုံဖော်နိုင်အောင်လို့ ဂျပန်-မွန်ဂိုစစ်သမိုင်းကြောင်းကို အကျဉ်းချုံးပြီးပြောပြတာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်ထဲကနေ ဂိမ်းပရိသတ်တွေ စောင့်မျှော်နေတဲ့ Ghost of Tsushima ဟာ မကြာတော့တဲ့အချိန်မှာ အားလုံးမတွေ့မြင်ရသေးတဲ့ ဂိမ်းအကြောင်းအရာအချက်အလက်တစ်ချို့ကို လာမယ့် Playstation Livestream တိုက်ရိုက်ထုတ်လွှင့်မှုမှာ တင်ဆက်ပြသသွားမယ်လို့ သိရပါတယ် 🌅🌳

တရားဝင်ဖော်ပြထားတဲ့အချိန်ရက်စွဲကိုအတိအကျပြောပြရမယ်ဆိုရင်တော့ ၂၀၂၀ ခုနှစ်၊ မေလ ၁၄ ရက်နေ့၊ အရှေ့စံတော်ချိန် နေ့ခင်း ၁ နာရီကနေ ပစိဖိတ်စံတော်ချိန် ညနေ ၄ နာရီ (May 14, at 4 p.m. ET/1 p.m. PT) အတွင်းဖြစ်ပြီး အဲဒီအချိန်အတွင်းမှာ Ghost of Tsushima ဂိမ်းအကြောင်းအရာသစ်ကို ထုတ်ဖော်ပြသသွားမှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်လက နောက်ဆုံးထွက်ရှိထားတဲ့ Story Reveal Trailer ကိုလည်း Reaction လုပ်ထားပြီးသားမို့ အခုအသစ်ထပ်လာမယ့် ဖော်ပြမှုမှာ ဘယ်လိုဂိမ်းတွင်းအကြောင်းအရာ၊ ဇာတ်လမ်းနဲ့ ဂိမ်းကစားဟန်တွေကို အသားပေးပြသထားမလဲဆိုတာ ရင်ခုန်မိပါတယ်။ ကျွန်တော်တို့လက်ရှိမှာနေထိုင်နေတဲ့ စံတော်ချိန်နဲ့တွက်မယ်ဆိုရင် အရှေ့စံတော်ချိန်နဲ့ မြန်မာစံတော်ချိန်ဟာ အချိန် ၁၀ နာရီ၊ ပစိဖိတ်စံတော်ချိန်နဲ့ဆိုရင် မြန်မာစံတော်ချိန်ဟာ အချိန် ၁၃ နာရီဝန်းကျင် ကွာဟတာမို့ ဂိမ်းချစ်သူများက ကိုယ်နဲ့အဆင်ပြေကိုက်ညီတဲ့အချိန်မှာ Ghost of Tsushima ရဲ့ဂိမ်းဗီဒီယိုအကြောင်းအရာသစ်ကို စောင့်ကြည့်နိုင်ပါတယ်။ ကဲ လတ်တလောမှာတင်ဆက်ပေးချင်တဲ့ဆောင်းပါးကတော့ ဒါပါပဲ။ သိတဲ့အတိုင်း လာမယ့်ရက်တွေမှာ အရင်လိုစိတ်ဝင်စားဖို့ကောင်းတဲ့ ဂိမ်းအကြောင်းအရာတွေကို ပုံမှန်တင်ဆက်သွားမှာပါ။ ဆောင်းပါးဖတ်ရှုသူဂိမ်းပရိသတ်များကို ကျေးဇူးတင်ကြောင်း ပြောရင်း အခု Ghost of Tsushima စာစောင်ကို အဆုံးသတ်လိုက်ချင်ပါတယ်။ နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့ အခုလိုဂိမ်းဆောင်းပါးတွေမှာ ကျွန်တော်တို့ ပြန်လည်ဆုံတွေ့ကြပါမယ် 🤓💜
Yan
Can't read with unicode,bro.
ReplyDelete