Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Friday, May 1, 2020

ရဲရင့်ကြမ်းကြုတ်ပြီး သွေးချောင်းစီးတဲ့ Viking တိုက်ပွဲတွေနဲ့ ဂိမ်းလောကဆီပြန်လာမယ့် Assassin's Creed: Valhalla ရဲ့ဂိမ်းနောက်ခံသမိုင်းနဲ့ သိသိရသမျှ 🦅⚔️🌊



လွန်ခဲ့တဲ့သုံးရက်၊ ဧပြီလ ၃၀ ရက်နေ့၊ မြန်မာစံတော်ချိန် ၉ နာရီ ၁၅ မိနစ်အတိမှာ Ubisoft North America YouTube ချန်နယ်ကနေ ဂိမ်းလောကတစ်ခုလုံး စောင့်မျှော်နေကြတဲ့ Assassin's Creed ဂိမ်းသစ်ရဲ့ ပထမဦးဆုံးထွေလာကို တင်ပေးခဲ့ပါတယ်။ သိပ်မကြာတော့တဲ့ ၂၀၂၀ ခုနှစ်၊ အားလပ်ရက်ရာသီမှာ ထွက်ရှိလာမယ့် Assassin's Creed ဂိမ်းသစ်ရဲ့နာမည်အပြည့်အစုံဟာ Assassin's Creed: Valhalla ဖြစ်တယ်လို့ သိရပြီး အဲဒီထွေလာဟာ လေးမိနစ်နဲ့တစ်စက္ကန့်ကြာမြင့်ပါတယ်။ နာမည်ကျော်ဂိမ်းမီဒီယာတွေနဲ့ ဂိမ်းဂျာနယ်လစ်တော်တော်များများကတော့ တရားဝင်ထွေလာထွက်ရှိလာကတည်းက ဗီဒီယိုကို အသေးစိတ်ခွဲခြမ်းစိတ်ဖြာရင်း ဂိမ်းတွင်းပါဝင်လာမယ့်အကြောင်းအရာတွေကို ဆွေးနွေးသုံးသပ်နေကြပါတယ်။ Assassin's Creed: Valhalla ဂိမ်းသစ်ဟာ လတ်တလော ဂိမ်းသတင်းတွေထဲမှာ ဟော့ဖြစ်နေတာမို့ အဲဒီဂိမ်းထွေလာကို အခုချိန်မှာ အားလုံးကြည့်ရှုပြီးသွားလောက်ပြီလို့ ယူဆပါတယ်။ ဒါပေမယ့် ဒီဆောင်းပါးဟာ လွန်ခဲ့တဲ့သုံးရက်ကထွက်ထားခဲ့တဲ့ AC Valhalla ထွေလာကို ပြန်လည်သုံးသပ်ပြီး တကယ့်ကတယ် ဂိမ်းထွက်လာတဲ့အခါ ဘာတွေပါလာနိုင်မလဲဆိုတာကို ခန့်မှန်းတင်ပြမယ့် ဆောင်းပါးမျိုးမဟုတ်ပါဘူး။ ဂိမ်းတစ်ခုလုံးနဲ့ပတ်သက်ပြီး Ubisoft ဘက်ကတရားဝင်ပြောပြထားတဲ့ ဂိမ်းတွင်းသမိုင်းကြောင်းတွေ၊ နောက်ခံဇာတ်အိမ်နဲ့ ဂိမ်းကစားဟန်အကြမ်းဖျင်းကို လက်ရှိသိရသမျှအထိ ပြန်လည်မျှဝေသွားမှာပဲဖြစ်ပါတယ်။ အဲဒါမှပဲ မျိုးဆက်သစ်ဂိမ်းလောကကို ပြန်လည်ခြေစုံပစ်ဝင်ရောက်လာတော့မယ့် Assassin's Creed ဂိမ်းသစ်ဟာ ဘယ်လိုမျိုးပုံစံနဲ့ ရုပ်လုံးထွက်ပြမလဲဆိုတာကို ခြုံငုံပြီးသိရှိသွားမှာပါ။ ကဲ အဆင်သင့်ဖြစ်ပြီဆို စလိုက်ကြရအောင်လားဗျာ 🤓⬇️


ယမန်နှစ် ၂၀၁၉ ခုနှစ်ကတည်းက Ubisoft ရဲ့ Assassin's Creed ဂိမ်းအသစ်နဲ့ ပတ်သက်တဲ့ကောလဟလတွေဟာ ဂိမ်းမီဒီယာဝက်ဆိုဒ်များနဲ့ အင်တာနက်စာမျက်နှာတစ်ခွင်မှာ ပြန့်ကျဲနေခဲ့တာဖြစ်ပါတယ်။ ပုံစံမျိုးစုံ၊ သတင်းမျိုးစုံပေါက်ကြားခဲ့ပေမယ့် အသစ်ထွက်လာမယ့် AC ဂိမ်းဟာ အေဒီ ၈၀၀ ကနေ ၁၁၀၀ အကြားက ဟိုးအရင် Viking ခေတ်ကို ပြန်သွားမယ်ဆိုတာကတော့ မှန်ကန်ခဲ့ပါတယ်။ လတ်တလောကမှ Assassin's Creed: Valhalla ဆိုတဲ့ တရားဝင်ဂိမ်းနာမည်နဲ့ ပထမဦးဆုံးထွေလာ ထွက်ရှိခဲ့တာကြောင့် Ubisoft ဒီတစ်ခေါက်မှာ အားလုံးလက်ထဲထည့်ပေးမယ့် AC ဂိမ်းသစ်ဟာ ဘယ်လိုတည်ဆောက်ထားလဲ? ဘာတွေပါဝင်မလဲ? ဘယ်လိုခေတ်သမိုင်းကြောင်းတွေကို ဖြတ်သန်းရမလဲ? အစရှိတာတွေကို ဆက်လက်ဖော်ပြသွားပါမယ်။ ပထမဦးစွာပဲ ဂိမ်းတစ်ခုလုံးရဲ့နာမည်ဖြစ်တဲ့ Valhalla ဆိုတာ ရှေးဟောင်းနော့စ်ဘာသာစကားအရ Valhöll လို့စာလုံးပေါင်းပြီး အနက်ကတော့ "ကျဆုံးသွားတဲ့သူရဲကောင်းတို့ စံမြန်းရာဟောခန်းမ (The hall of the fallen)" လို့ အဓိပ္ပါယ်ရပါတယ်။ အဲဒီဟောခန်းမဟာ နော့စ်နတ်ဘုရားဖြစ်သူ အိုဒင် (Odin) ကိုယ်တိုင်က နေရာပေးထားခဲ့တာဖြစ်ပြီး အသက်မသေဆုံးခင်အထိ တိုက်ပွဲပေါင်းများစွာမှာ ကိုယ့်ရဲ့ရဲစွမ်းသတ္တိကို ထုတ်ဖော်ပြနိုင်ရင် ဒီဟောခန်းမှာဂုဏ်ကျက်သရေအပြည့်နဲ့ စံမြန်းဖို့ ထိုက်တန်တယ်လို့ ဆိုရိုးစကားရှိပါတယ်။ ဥပမာပေးရရင် Skyrim ဂိမ်းက စစ်သူရဲကောင်းများ ဂုဏ်သိက္ခာရှိရှိ သေဆုံးပြီးတဲ့အခါ ရောက်သွားကျတဲ့ ဆော်ဗင်ဂါ (Sovngarde) နဲ့ အလားသဏ္ဍာန်တူပါတယ်။ Grímnismál လို့အမည်ရတဲ့ ရှေးဟောင်းနော့စ်ကဗျာအရ အိုဒင်ရဲ့သူရဲကောင်းဟောခန်းမ Valhalla ဟာ သူရဲကောင်းတွေကိုင်ဆောင်တဲ့ဒိုင်းတွေနဲ့ တည်ဆောက်ထားပြီး ခန္ဓာကိုယ်မှာဝတ်တဲ့ ချပ်ဝတ်ဆန်ဆာတွေဟာ ကျယ်ပြန့်လှတဲ့ခန်းမရဲ့ ဧည့်ခင်းကျွေးမွေးတဲ့ထိုင်ခုံတွေကို ဝိုင်းရံထားတယ်လို့ ရေးဖွဲ့ထားပါတယ်။ ဒါ့အပြင် Valhalla ရဲ့ ဂိတ်တံခါးကို မြေခွေးတွေက စောင့်ကြပ်နေပြီး အပေါ်ယံမှာတော့ သိမ်းငှက်တွေဟာ ဝဲပျံနေကျတယ်လို့လည်း ပုံဖော်ထားပါသေးတယ်။ Valhalla နာမည်ရဲ့အဓိပ္ပါယ်နဲ့ ထုတ်ခဲ့တဲ့ထွေလာကို ပူးတွဲကြည့်မယ်ဆိုရင် အိုဒင်ရဲ့သူရဲကောင်းတို့စံမြန်းရာခန်းမနဲ့ Viking တွေရဲ့ စွမ်းစွမ်းတမာန်တိုက်ပွဲတွေဟာ လုံးဝကိုကွတ်တိကျတဲ့ တွဲလုံးတစ်ခုလို့ ဆိုရမှာပါပဲ 🗡🛡


AC ပရိသတ်တွေသာမက တစ်ကမ္ဘာလုံးကဂိမ်းချစ်သူတွေ စိတ်ဝင်စားနေကြတဲ့ ဒီ Assassin's Creed: Valhalla ဂိမ်းမှာ ကိုယ်ကိုင်တွယ်ဆော့ကစားရမယ့် အဓိကဇာတ်ကောင်ဟာ ထွေလာမှာအားလုံးတွေ့မြင်လိုက်ကြတဲ့ Viking လူမျိုးစုခေါင်းဆောင် Eivor ဖြစ်ပြီး ကစားသူတွေအနေနဲ့ ကိုယ့်ဇာတ်ကောင်ကို အမျိုးသားနဲ့ အမျိုးသမီး ကြိုက်နှစ်သက်ရာရွေးချယ်ဆော့ကစားနိုင်ပါတယ်။ Eivor ကို အမျိုးသမီးအဖြစ် ရွေးချယ်ဆော့ကစားမယ့်သူတွေက သူမရဲ့ Viking ပုံစံနဲ့ ရုပ်ရည်သွင်ပြင်ကို တွေ့မြင်ချင်တယ်ဆိုရင် ဒေါ်လာ ၂၀၀ တန်ဖိုးရှိတဲ့ Collector's Edition ရဲ့ Figure အရုပ်ကို Ubisoft ဝက်ဆိုဒ်မှာသွားပြီးကြည့်ရှုနိုင်ပါတယ်။ ၂၀၁၈ ခုနှစ်ရဲ့ Assassin's Creed: Odyssey လိုမျိုး ကျား၊ မ ဇာတ်ကောင်ကွဲပြားမှုအောက်မှာ Valhalla ရဲ့ ဇာတ်ကြောင်းရှေ့ဆက်ပုံ ပြောင်းလဲသွားမလားကတော့ အခုထိမသိရသေးပါဘူး။ တကယ့်လက်တွေ့ Viking တွေရဲ့သမိုင်းကြောင်းထဲကအတိုင်း ဒီဂိမ်းထဲကဇာတ်အိမ်ဟာလည်း အေဒီ ၈၀၀ ကနေ ၁၁၀၀ အကြားမှာ ကျောရိုးခံထားတာဖြစ်ပါတယ်။ အတိအကျဆိုရမယ်ဆိုရင်တော့ Assassin's Creed: Valhalla ဟာ အေဒီ ၉ ရာစုနှောင်းပိုင်းဖြစ်တဲ့ ၈၇၃ ခုနှစ်၊ အင်္ဂလန်မှာ ဇာတ်ကြောင်းစတင်တာဖြစ်ပါတယ်။ လူမျိုးစုခေါင်းဆောင်ဖြစ်တဲ့ Eivor နဲ့ Viking တွေဟာ တစ်ရွာမပြောင်းသူကောင်းမဖြစ်ဆိုသလို သူတို့ကြီးပြင်းရှင်သန်ရာ နောဝေး (Norway) ကို စွန့်ခွာပြီး Viking လူမျိုးစုနဲ့ လူ့အဖွဲ့အစည်းအတွက် အဆင်ပြေမယ်လို့ ယူဆရတဲ့ အင်္ဂလန်ဘက်ကို ပြောင်းရွေ့လို့လာခဲ့ပါတယ်။ သို့ပေမယ့် အဲဒီအချိန်ဟာ အခု ၂၁ ရာစုလို ယဉ်ကျေးပျူငှာမှုနဲ့ နှစ်ဦးနှစ်ဖက်လိုက်ရောညီထွေ ဆက်ဆံမယ့်အစား ထောင့်မကျိုးရင် တိုက်ပွဲပဲနွှဲကြတဲ့ ကာလဖြစ်တာမို့ တစ်နယ်ကလူမျိုးစုတွေအနေနဲ့ နောက်တစ်နယ်ကို ပြောင်းလဲအခြေချဖို့ဆိုတာ အတော်လေးအန္တရာယ်တဲ့အပြင် သေချင်တဲ့ကျားတောပြောင်းဆိုသလို အခိုက်မသင့်ရင် ကိုယ့်လူမျိုးစုပါ မျိုးတုန်းသွားနိုင်ချေရှိပါတယ်။ ဒါ့အပြင် အင်္ဂလန်မှာ အေဒီ ၅၀၀ ဝန်းကျင်ကတည်းက ရှိနေခဲ့တဲ့ ဂျာမန်အနွယ်ဝင် Saxons လူမျိုးစုတွေဟာလည်း သူတို့နယ်နိမိတ်ထဲရောက်လာတဲ့ အခြား Viking လူမျိုးကွဲတွေကို မျက်မုန်းကျိုးနေတာကြောင့် တိုက်ပွဲတွေဆင်နွဲ၊ ပဋိပက္ခတွေဖြစ်ကြမှာပါ။ ဒီဂိမ်းမှာ အဓိကဇာတ်ကောင် Eivor အနေနဲ့ Viking လူမျိုးစုခေါင်းဆောင်အဖြစ် ကိုယ့်ရဲ့ Viking လူမျိုးစုရပ်ဝန်းနဲ့ စစ်သည်သူရဲကောင်းတွေကို ပိုပြီးတောင့်တင်းအောင် တည်ဆောက်တာတွေ၊ နယ်မြေချဲ့ထွင်တာတွေ ဒါမှမဟုတ် အခြားနယ်ကလူမျိုးစုတွေနဲ့ မိတ်ဖွဲ့တာတွေ၊ သောင်းကျန်းနေတဲ့ ရှေးခေတ်သားရဲတိရစ္ဆာန်ကြီးတွေကို အမဲလိုက်တာတွေ အစရှိတဲ့လုပ်ငန်းဆောင်တာတွေကို လုပ်ကိုင်ရမယ်လို့ ခန့်မှန်းရပါတယ် 🗿🌦



Assassin's Creed: Valhalla ရဲ့ဇာတ်လမ်းမှာ Saxons တွေနဲ့ ရင်ဆိုင်ရမယ်ဆိုတာဟာ ဂိမ်းရဲ့အစပိုင်းပဲရှိတယ်လို့ ဆိုရမလားမသိပါ။ ဘာကြောင့်လည်းဆိုတော့ ကမ္ဘာ့သမိုင်းကြောင်းအရဆိုရင် အေဒီ ၈၆၀ ကနေ ၉၀၀ အတွင်းမှာ Viking တပ်တွေဟာ အင်္ဂလန်ရဲ့နယ်မြေအတော်များများကို အနိုင်တိုက်အုပ်ချူပ်ထားနိုင်ခဲ့ပေမယ့် ကြီးမြတ်တဲ့ အင်္ဂလန်ဘုရင်အဲဖရက် (Alfred the Great of Wessex) လက်ထက်မှာတော့ အင်အားကြီးပြီး ပရိယာယ်ကြွယ်တဲ့သူရဲ့ အင်္ဂလန်စစ်တပ်နဲ့အတူ ဘုရင်အဲဖရက်ဟာ ကြမ်းကြုတ်ခက်ထန်တဲ့ Viking စစ်တပ်တွေကို ပြန်လည်ချေမှုန်းနိုင်ခဲ့ပါတယ်။ ဘုရင်အဲဖရက် (Alfred the Great of Wessex) ဟာ Viking စစ်တပ်တွေကို အနိုင်တိုက်နိုင်ခဲ့တဲ့ အင်္ဂလန်ဘုရင်အနည်းစုထဲကမှ တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ ထွေလာမှာအားလုံးတွေ့မြင်ခဲ့ရတဲ့ စစ်ကြေညာစာလွှာကိုရေးသားနေသူဟာ ဘုရင်အဲဖရက်ကိုယ်တိုင်ဖြစ်ပြီး ဆော့ကစားသူတွေက Viking မျိုးနွယ်စုခေါင်းဆောင် Eivor နေရာကနေ အင်္ဂလန်ဘုရင်အဲဖရက်ရဲ့ နည်းစနစ်ကျပြီး စစ်ရေးပါးနပ်မှုရှိတဲ့ အင်္ဂလန်စစ်တပ်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရမယ်လို့ မျှော်လင့်ရပါတယ်။ အထက်ပါသမိုင်းကြောင်းတွေနဲ့ ဂိမ်းမှာပါဝင်လာနိုင်ဖွယ်ရှိတဲ့ဇာတ်အိမ်ကျောရိုးကို သိရှိအပြီးမှာ Assassin's Creed: Valhalla ကို ရှေးဟောင်းစစ်ကားတစ်ကားလိုပဲ စိတ်ထဲမြင်နေပါတယ်။ ဒါပေမယ့် Assassin's Creed လို့ ခေါင်းစဉ်တပ်ထားတဲ့အတွက် Assassins တွေရဲ့ အခန်းကဏ္ဍဟာ ဘယ်လိုနေရာကနေ ပါဝင်လာမလဲ? Templar တွေရဲ့ကမ္ဘာကိုအုပ်စိုးမှုကြီးကရော ဘယ်ကနေစတင်လာမလဲ? ဆိုတာတော့ စိတ်ဝင်တစားစောင့်ကြည့်ရတော့မှာပါပဲ။ သမိုင်းကြောင်းစိတ်ဝင်စားတဲ့ ကျွန်တော့်အတွက်ကတော့ ဒါတွေဟာ လေ့လာစရာကောင်းတဲ့ဖြစ်ရပ်တွေဆိုတာ မှန်ပေမယ့် Assassins Creed ဂိမ်းတစ်ခုအနေနဲ့ဆိုရင်တော့ အခုလိုဇာတ်ကြောင်းဇာတ်အိမ်တွေကို AC နဲ့ လိုက်ဖက်ညီတဲ့ပုံစံ သွတ်သွင်းဖို့က ဘယ်လိုဖြစ်လာမှန်းမသိသေးပါဘူး။ ကဲ ဆိုတော့ကာ အားလုံးပဲ ၂၀၂၀ ခုနှစ်ရဲ့အားလပ်ရက်ရာသီကို စောင့်ရင်း Ubisoft ရဲ့ နောက်ဆုံး Assassin's Creed ဂိမ်းသစ်ဖြစ်တဲ့ Assassin's Creed: Valhalla ရဲ့ သတင်းတွေကို နားစွင့်နေကြရုံပဲ ရှိပါတော့မယ်။ စာဖတ်သူတွေကို Assassin's Creed: Valhalla နဲ့ ဆက်နွယ်နေတဲ့သမိုင်းကြောင်းအကျဉ်းနဲ့ နောက်ခံဇာတ်အိမ်ကို အခုလိုရေးသားတင်ဆက်ပေးရင်း ဒီကနေနှုတ်ဆက်လိုက်ပါတယ်။ နောင်လာမယ့် အခုလိုစိတ်ဝင်စားစရာဂိမ်းဆောင်းပါးတွေမှာ ကျွန်တော်တို့ ပြန်လည်တွေ့ဆုံကြပါမယ် 💐








Yan

No comments:

Post a Comment