Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Thursday, May 7, 2020

DC Animated Film Universe ခြောက်နှစ်တာခရီးစဉ်ရဲ့ နောက်ဆုံးအခန်းဖြစ်တဲ့ Justice League: Apokolips War ရုပ်ရှင်သုံးသပ်ချက်နဲ့ Rating 📝‼️


အခုဆိုရင် DC Animated Film Universe ရဲ့ ခြောက်နှစ်တာခရီးစဉ်ဇာတ်လမ်းကြီးကတော့ ပြီးဆုံးခန်းတိုင်ခဲ့ပါပြီ။ အဲဒီကာလတစ်လျှောက်လုံးမှာ ကျွန်တော်တို့ပရိသတ်တွေအားလုံးဟာ ကိုယ်ကြိုက်တဲ့စူပါဟီးရိုးတွေရဲ့ ရဲစွမ်းသတ္တိအပြည့်နဲ့ ကမ္ဘာကိုကယ်တင်ခဲ့တဲ့ စွန့်စားခန်းပေါင်းများစွာကိုကြည့်ပြီး စိတ်လှုပ်ရှားပျော်ရွှင်ခဲ့ရပါတယ်။ ကျွန်တော်ဟာ ဗီဒီယိုဂိမ်းကိုယ်စီရဲ့သမိုင်းကြောင်းနဲ့ ဂိမ်းလောကကို စိတ်ဝင်စားရုံသာမက DC Universe ကထုတ်တဲ့ရုပ်ပြကာတွန်းနဲ့ ရုပ်ရှင်တွေကိုလည်း အလွန့်လွန်ကြိုက်နှစ်သက်သူတစ်ယောက်ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်ကတည်းကစလို့ "DC Universe ရဲ့မှတ်သားဖွယ်ရာအချက်များ" ဆိုတဲ့ "DC fast facts" အပိုင်းတွဲတွေကို ပုံမှန်ရေးသားခဲ့ပါတယ်။ Justice League: Apokolips War သုံးသပ်ချက်ကို မတင်ဆက်ခင် ပထဦးဆုံးအနေနဲ့ သက်တမ်းခြောက်နှစ်ကြာဖန်တီးလာခဲ့တဲ့ DC Animated Film Universe ဆိုတဲ့အကြောင်းကို အရင်ဆုံးသဘောပေါက်သွားအောင် ရှင်းပြချင်ပါတယ်။ DC Animated Movies ဖြစ်တဲ့ DC ကာတွန်းရုပ်ရှင်များကို ၁၉၉၃ ခုနှစ်ကတည်းက စတင်ရေးဆွဲဖန်တီးလာကြတာဖြစ်ပြီး အရင် ၁၉၉၃ ခုနှစ်ကနေ အခု ၂၀၂၀ ခုနှစ်အထိဆိုရင် ထွက်ရှိခဲ့တဲ့ DC Animated ဇာတ်ကားပေါင်း ၆၃ သုံးကားရှိပါတယ်။ DC ကရေးဆွဲဖန်ပြီး ဖန်သားပြင်ပေါ်မှာကကာတွန်းရုပ်ရှင်အဖြစ် ပြန်လည်ဖန်တီးထားတဲ့ DC ကာတွန်းဇာတ်ကားမှန်သမျှကို DC Animated Movies လို့ တစ်စုတစ်တည်းခေါ်ဝေါ်ကြပါတယ်။ အဲဒီခေါင်းစဉ်ကြီးအောက်မှာမှ စီးရီးတွဲလည်းမဟုတ်၊ တီဗီချန်နယ်တွေမှာလွှင့်တာမျိုးမဟုတ်ဘဲ တိုက်ရိုက်ကြီးကြပ်တည်းဖြတ်ပြီး ရုပ်ရှင်ဗီဒီယိုအဖြစ် တစ်ဆက်တည်းထုတ်တဲ့ DC ကာတွန်းကားမျိုးကိုတော့ DC Animated Original Movies များလို့ သတ်မှတ်ပြီး ၂၀၀၇ ခုနှစ်ရဲ့ Superman: Doomsday ဟာ ပထမဦးဆုံးသော DC Animated Original Movies ဖြစ်ပါတယ်။ ရှုပ်သွားပြီလားမသိဘူး၊ တကယ်က ကဏ္ဍတွေခွဲပြီးနားလည်လိုက်မယ်ဆိုရင် ရှင်းရှင်းလေးပါ၊ နှစ်အလိုက်ထွက်ခဲ့တဲ့ DC ကာတွန်းရုပ်ရှင်တွေကို ကြည့်နေကျသူတွေအတွက်ဆိုရင် ပိုပြီးတော့ နားလည်ရလွယ်ပါလိမ့်မယ်။ ဆက်သွားရရင် ၂၀၀၇ ခုနှစ်ကစတဲ့ DC Animated Original Movies ထဲကနေ ၂၀၁၃ ခုနှစ်မှာတော့ New 52 ထဲက timeline နဲ့ ဇာတ်လမ်းအသီးသီးကို မှီငြိမ်းအခြေခံထားတဲ့ DC Animated Film Universe ဆိုပြီး ထပ်မံခွဲထွက်လာပြန်ပါတယ်။ အခုခြောက်နှစ်တာကြာတဲ့ခရီးစဉ်ဆိုတာက ၂၀၁၃ ခုနှစ်ရဲ့ Justice League: Flashpoint ဇာတ်ကားကစပြီး ယခု ၂၀၂၀ ခုနှစ်ရဲ့ Apokolips War မှာ အဆုံးသတ်သွားတဲ့ ၁၅ ကားစာ timeline ကြီးကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒီ Justice League: Apokolips War ဟာ Flashpoint, War, Son of Batman, Bad Blood, Teen Titans: Judas Contract, Dark တို့နဲ့ နောက်ခံဇာတ်ကြောင်းအရာရော၊ ပါဝင်တဲ့ဇာတ်ကောင်တွေအရပါ တစ်မျိုးတစ်ဖုံ ဆက်စပ်နေတာကြောင့် ၂၀၁၄ ခုနှစ်ကနေ ယခုအချိန်ထိ ထွက်ခဲ့သမျှ DC Animated Film Universe ကာတွန်းရုပ်ရှင်ပေါင်း ၁၅ ကားစလုံးကို ကြည့်ဖူးထားသူတွေအတွက်တော့ လုံးဝရှင်းလင်းပြီး ကြီးမားတဲ့ပုံကားချပ်ကို ဒီ Justice League: Apokolips War မှာ တွေ့မြင်ရပါလိမ့်မယ် 🖼✨

Reign of Superman နဲ့ Bloodlines နှစ်ကားကို လွတ်ခဲ့တဲ့ ကျွန်တော့်အတွက်ကတော့ ၂၀၁၄ ခုနှစ်ရဲ့ Justice League: War ကနေ Justice League: Apokolips War အထိ အဆက်အစပ်ရှိတဲ့အတွက် ဒီခြောက်နှစ်တာခရီးစဉ်ဟာ တစ်နှစ်မှတစ်ခေါက်ထွက်တဲ့ DC Animated Film Universe ဇာတ်လမ်းတွဲရှည်ကြီးကို စောင့်ကြည့်နေခဲ့သလိုပါပဲ။ ဆိုတော့ကာ ဒီ Justice League: Akopolips ဇာတ်ကားသုံးသပ်ချက်နဲ့ ပတ်သက်ပြီး အရင်ဆုံးအသိပေးချင်တာက ဒီဆောင်းပါးဟာ ကောင်းကွက်နဲ့ ဆိုးကွက်တွေပြောတဲ့ review ဆိုတာထက် ကျွန်တော် review တွေရဲ့ပုံစံအတိုင်း စိတ်ထဲကခံစားရတဲ့ခံစားချက်၊ ဇာတ်ကြောင်းရှေ့ဆက်မှုယုတ္တိတန်မတန်၊ အဆုံးသတ်ကလက်သင့်ခံစရာကောင်းမကောင်းနဲ့ ကြည့်နေစဉ်အချိန်မှာ ဘယ်လောက်ထိ စိတ်ဖျော်ဖြေမှုပေးခဲ့သလဲ ဆိုတာတွေအပေါ် မူတည်ပြီး ကျွန်တော့်ရဲ့သုံးသပ်ချက်အပြည့်အစုံနဲ့ နောက်ဆုံးသတ်မှတ်ထားတဲ့ rating ကို ပြောပြသွားမှာပါ။ ရိုးပါတယ်၊ ရှင်းပါတယ်၊ တိကျပြတ်သားပြီး အထိရောက်ဆုံးပဲတင်ဆက်သွားမှာမို့ အဆင့်သင့်ဖြစ်ပြီုဆိုစလိုက်ကြစို့ဗျာ။ DC Animated Film Universe ကရုပ်ရှင်တွေဟာ တစ်ကားနဲ့တစ်ကားချိတ်ဆက်မှုတွေ ရှိနေကြပေမယ့် timeline အရ ဇာတ်လမ်းတွေ ချိတ်ဆက်နေပါတယ်ဆိုတဲ့အကြောင်းကို တကယ်တမ်းကြည့်နေချိန်မှာ အသိမပေးထားတဲ့အတွက် ဒီတစ်ကားကြည့်ပြီး နောက်တစ်ကားကြည့်လိုက်မှသာ "သြော် မနှစ်ကကားနဲ့ ဒီကားက အဆက်အစပ်ရှိတာပဲ" လို့ သိရတာမျိုးဖြစ်ပါတယ်။ ဒီနေရာမှာချီးကျူးချင်တာက ၂၀၁၄ ခုနှစ်ကတည်းကနေ ယမခန်နေ့ မေလ ၅ ရက်နေ့၊ ၂၀၂၀ ခုနှစ်ကမှ ထွက်ထားတဲ့ Justice League: Apokolips War အထိ ကြားထဲက ထွက်ခဲ့သမျှ DC ကာတွန်းရုပ်ရှင်တွေမှာ ဇာတ်ကောင်အသီးသီးရဲ့ဖြစ်ပွားသမျှအချင်းအရာတွေ၊ စရိုက်လက္ခဏာတွေ၊ ဆင့်ကဲြပောင်းလဲမှုတွေနဲ့ ရင်ဆိုင်ရတဲ့ရန်သူတွေကို တစ်ကားစီသီးသန့် တင်ဆက်ထားခဲ့ပေးတဲ့အတွက် Apokolips War ကို ကြည့်လိုက်တာနဲ့ Justice League ဟာ လက်ရှိဘယ်လိုအခြေအနေမှာရှိတယ်၊ Batfamily ရဲ့အနေအထား၊ Teen Titans ရဲ့ဖွဲ့စည်းထားပုံ၊ John Constentine နဲ့ Zatanna တို့ရဲ့ဆက်ဆံရေးဟာ ဘယ်လိုမျိုး အစရှိတာကို စိတ်ထဲမှာ အလိုလိုသိနေမှာဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်တောင် Apokolips War ကိုကြည့်နေရင်း "သြော် ငါအရင်ကကြည့်ထားသမျှ DC ကာတွန်းဇာတ်လမ်းတွေနဲ့ ဒီကားဟာ တစ်နည်းမဟုတ်တစ်နည်းကို ပတ်သတ်မှုရှိနေတာပါလား" ဆိုပြီးတော့တောင် သူတို့ရဲ့ ဒီခြောက်နှစ်တာ timeline တည်ဆောက်မှုကြီးကို အံ့သြချီးကျူးမိပါတယ်။ အရင်ကားတွေကိုမကြည့်ရသေးလည်း ဒီကားကြည့်လို့မရဘူးလားဆိုတော့ လုံးဝမှမဟုတ်ပါဘူး၊ Apokolips War ကို အရင် DC Animated Film Universe ကာတွန်းရုပ်ရှင်တွေ မကြည့်ဖူးထားလည်း တစ်ကိုယ်တော်သီးသန့်ဇာတ်လမ်း (standalone film) အဖြစ် ကြည့်နိုင်ပါတယ်။ ခေါင်းထဲမှာဘယ်လိုအချက်အလက်နဲ့ ကြည့်ကြည့် ဒီရုပ်ရှင်ကပေးတဲ့ရသနဲ့ စိတ်ဖျော်ဖြေမှုကတော့ အတူတူပဲဖြစ်ပေမယ့် ၂၀၁၃ ခုနှစ်က Justice League: Flashpoint နဲ့ ၂၀၁၄ ရဲ့War နှစ်ကားကို ကြည့်ထားမယ်ဆိုရင်တော့ သာမန်ထက်ပိုပြီး စိတ်ဝင်စားစရာကောင်းသလို နက်နဲလိမ့်မှာကတော့ သေချာပါတယ် 🧠💡

မနေ့ကထွက်ရှိထားတဲ့ရုပ်ရှင်ဖြစ်တာကြောင့် ဒီသုံးသပ်ချက်မှာ ဇာတ်လမ်း spoiler တွေတော့ ပါဝင်မှာမဟုတ်ပါဘူး။ အရှေ့နှစ်တွေကထွက်ခဲ့တဲ့ DC ကာတွန်းရုပ်ရှင်တွေကို မကြည့်လိုက်ရတဲ့သူတွေကတော့ ဒီဇာတ်ကားကိုကြည့်ပြီး အံ့သြရလိမ့်မယ်ဆိုတာ သေချာပါတယ်။ ဘာကြောင့်လည်းဆိုတော့ ခြောက်နှစ်အတွင်း ထွက်ရှိခဲ့သမျှ Animated Film တွေထဲက ကာတွန်းဇာတ်ကောင်နဲ့ အဖွဲ့မှန်သမျှဟာ ဒီတစ်ခေါက်မှာ မင်းသားဗီလိန်မခွဲခြားပဲ အားလုံးတက်ညီလက်ညီ ပြန်လည်ပါဝင်နေကြလို့ပါပဲ။ နောက်ပြီး မိနစ် ၉၀၊ တစ်နာရီခွဲကြာရှည်တဲ့ဇာတ်ကြောင်းတစ်ခုလုံးမှာ ဇာတ်ကောင်တစ်ယောက်ချင်းကို ဖန်သားပြင်ပေါ်မှာတွေ့မြင်ရတဲ့ screentime နဲ့ အသားပေးဖော်ပြမှုဟာ ဇာတ်ကောင်တိုင်းရဲ့ဖြစ်တည်မှုကိုယ်စီနဲ့ ကိုက်ညီနေတယ်လို့ ခံစားရပါတယ်။ ကာတွန်းရုပ်ရှင် ၁၅ ကားနဲ့တည်ဆောက်ခဲ့တဲ့ ခြောက်နှစ်တာ DC Animated Film Universe ရဲ့ အဆုံးသတ်ဇာတ်ကားဖြစ်တာကြောင့် DC Universe ထဲက ဇာတ်ကောင်အတော်များများရဲ့ တိုက်ပွဲတွေကို ဖန်သားပြင်ပေါ်မှာ တွေ့မြင်ရမှာဖြစ်ပြီး သူတို့ရဲ့ရဲစွမ်းတမန်တိုက်ခိုက်တာတွေ၊ ကျရှုံးတာတွေ၊ အောင်နိုင်မှုရတာတွေ အစရှိတာတွေကိုပါ မျက်ဝါးထင်ထင်တွေ့မြင်ခံစားရဦးမှာပါ။ နောက်တစ်ခုကတော့ မထင်မှတ်ထားတဲ့ဇာတ်ကြောင်းအလှည့်အပြောင်းနဲ့ ခံစားမှုအရသာပါ၊ အရမ်းကြီးမားတဲ့ plot twist တွေကများ ကိုယ့်ကိုအံ့သြသွားစေမှာလား? ဒါမှမဟုတ် ကိုယ်နဲ့ရင်းနှီးပြီးသား DC ရဲ့နာမည်ကျော်စူပါဟီးရိုးတွေကို မထင်မှတ်ထားလောက်တဲ့ ကွဲပြားတဲ့ပုံစံနဲ့ ကြည့်ရှုရမှာလားဆိုတာကတော့ ကိုယ့်ဘာသာကိုယ်ကြည့်ပြီးပဲ ဆုံးဖြတ်ကြရမှာပါ။ Justice League: Apokolips War ဆိုတဲ့အတိုင်း ဒီတစ်ခေါက်မှာ DC ကတော့ စူပါဟီးရိုးတွေကြားက စစ်ပွဲဆိုတာ ဒါမျိုးပဲဆိုတာ အားလုံးကိုသိအောင် ပြလိုက်တယ်လို့ ယူဆရမလိုပါပဲ၊ အင်အားကြီးခွန်အားစုနှစ်စုအကြားက တိုက်ပွဲတွေဟာ ကြမ်းတယ်ရမ်းတယ်၊ ခက်ထန်တယ်၊ စိတ်နဲ့မာန်ပါတယ်၊ သေသည်အထိတိုက်ပွဲဝင်ကြပြီး အနိုင်အရှုံးဟာ ပြတ်သားလှပါတယ်။ အားလုံးဟာ ကိုယ်ပါဝင်တဲ့ကဏ္ဍကိုယ်စီမှာ ကျရာတာဝန်ကိုအပြည့်အဝထမ်းဆောင်ကြတယ်၊ တစ်ဦးနဲ့တစ်ဦးပံ့ပိုးကြတယ်၊ လက်တွဲတိုက်ပွဲဝင်ကြတယ်၊ နောက်ပြီး အဲဒီလိုဂုဏ်ရည်နဲ့ လက္ခဏာရပ်တွေဟာ Justice League အဖွဲ့သားတွေမှာမှမဟုတ်ဘဲ ဇာတ်ကားအတွင်းပါဝင်ခဲ့သမျှ ဇာတ်ကောင်တိုင်းလိုလိုဆီမှာ တွေ့မြင်ခံစားခဲ့ရတာဖြစ်ပါတယ်။ တစ်ကားတည်းသီးသန့်ဇာတ်ကြောင်းအဖြစ်နဲ့ ကြည့်ရင်လည်း ခံစားချက်ရသတစ်မျိုးရသလို အဆက်အစပ်ရှိသူတွေအတွက်လည်း အရောင်အသွေးပြည့်စုံတဲ့ DC ရဲ့ Justice League: Apokolips စစ်ပွဲပုံကားချပ်ကြီးကို အတိုင်းသား မျက်လုံးထဲမှာ တွေ့မြင်ကြရသလို ခံစားချက်ပေးပါလိမ့်မယ် 🦸‍♀️🦸‍♂️

Justice League: Apokolips ဟာ ဇာတ်ကြောင်းအရာမှာလည်း ကွင်းဆက်တစ်ခုကနေတစ်ခုဆီ ကူးသန်းပြောင်းလဲတဲ့နေရာမှာ အဆီအလျော်တည့်လှပါတယ်။ ခြောက်နှစ်တာအတွင်းမှာ ထုတ်ပေးထားခဲ့တဲ့ဇာတ်ကားအချို့ရဲ့ ဇာတ်ကြောင်းဇာတ်ကွက်များအရ ချိန်ဆကြည့်မယ်ဆိုလည်း လျော်ညီမှုရှိသလို တစ်ကားတည်းဇာတ်ကြောင်းအရဆိုရင်လည်း ယုတ္တိတန်မှုရှိတယ်လို့ သတ်မှတ်လို့ရတဲ့ ဇာတ်ကြောင်းလည်းဖြစ်ပါတယ်။ သို့ပေမယ့် တစ်ချို့ဇာတ်လမ်းနေရာတွေမှာ ဖြစ်ခဲ့တဲ့ဖြစ်ရပ်တွေကို ဒီအတိုင်းပဲထားရစ်ခဲ့ပြီး ဇာတ်ကိုအရှေ့ဆက်ရင် ပိုကောင်းမယ်လို့ ယူဆမိပါတယ်၊ ဒါ့အပြင် အချို့အရေးကြီးဇာတ်ကောင်တွေကို လုံလုံလောက်လောက် အသုံးပြုထားခြင်းမရှိတာကိုလည်း တွေ့ရပါတယ်။ အဓိကရင်ဆိုင်ရတဲ့ရန်သူ့ဘက်မှာ ပရိသတ်တွေကြားနာမည်ကျော်ပြီး လူသိများပြီးသားဖြစ်တဲ့ မဟာအင်အားစုတစ်ခုကို ထပ်ပေါင်းထည့်ထားရင် ကြည့်ရတာပို စိတ်တက်ကြွဖို့ကောင်းမယ်လို့ ထင်ပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ အခုလိုခြောက်နှစ်တာ timeline ရဲ့နောက်ဆုံးအခန်း၊ ဇာတ်သိမ်းဖြစ်ရပ်တွေကို ဖော်ပြတဲ့ဇာတ်ကားအနေနဲ့ မိနစ် ၉၀ ဆိုတဲ့ ကြာမြင့်ချိန်ဟာ လုံးဝကို တိုတောင်းလွန်းလှပါတယ်။ ဒီလိုဇာတ်လမ်းမျိုးမှာ နောက်ထပ် မိနစ် ၃၀ လောက်ပေါင်းထည့်လိုက်တာနဲ့ အထက်မှာပြောခဲ့တဲ့အချက်လေးတွေကို ပြင်ဆင်ထည့်သွင်းနိုင်ခွင့်ရှိသွားမှာဖြစ်တဲ့အပြင် တစ်ကားလုံး ပြသချိန်မလုံလောက်မှုကပဲ ဇာတ်ကားရဲ့အချို့သောအဆင်မပြေတဲ့အချက်တွေကို ဖြစ်ပွားစေတာပါပဲ။ အဲဒီလိုရှုထောင့်ကမကြည့်ဘဲ မိနစ် ၉၀ အတွင်းမှာ ဘယ်လိုမျိုးအကြောင်းအရာတွေကို ထည်သွင်းလိုက်နိုင်သလဲဆိုတဲ့ အမြင်ကကြည့်ရင်တော့ ဒီတစ်ခေါက် Justice League: Apokolips War ဟာ အရင်ဇာတ်ကားတွေထက် ချီးကျူးဖို့ကောင်းတာတော့ အသေအချာပါပဲ။ ဆိုတော့ကာ ကျွန်တော်ကတော့ မနေ့ညကမှ တစ်ကားလုံးကြည့်ရှုပြီးစီးခဲ့ပြီး အခုဖော်ပြပေးခဲ့တာကတော့ ၂၀၂၀ ခုနှစ်၊ မေလ ၅ ရက်နေ့က ထွက်ရှိခဲ့တဲ့ Justice League: Apokolips ရဲ့သုံးသပ်ချက်တွေပါပဲ။ DC ပရိသတ်များရော၊ ဂိမ်းချစ်သူများပါ ဒီကာတွန်းရုပ်ရှင်ကို ကြည့်ရှုသင့်ကြောင်း စကားပါးလိုက်ချင်သလို ကိုယ့်အချိန်ပေးရတာနဲ့တန်တဲ့ DC Animated Movies ဖြစ်ကြောင်းကိုလည်း ထပ်ဆောင်းပြောကြားလိုပါတယ်။ ဖတ်ရှုရင်းနဲ့ ဒီနေရာထိတောင် ရောက်လာပြီဆိုတော့ Justice League: Apokolips War ကို ကျွန်တော့်ရဲ့သုံးသပ်ချက်နဲ့ rating အရ 8/10 (8 out of 10) ပေးကြောင်း ပြောရင်း ဒီကနေ နှုတ်ဆက်လိုက်ပါရစေ။ DC Animated Movies ကြိုက်သူများနဲ့ ဒီဇာတ်ကားကိုကြည့်ပြီးသွားသူတွေ ကိုယ့်ဘက်ကထင်မြင်ချက်လေးတွေကို အောက်မှာပြန်လည်မျှဝေခဲ့ပါဦး။ အခုလိုပဲ စိတ်ဝင်စားဖို့ကောင်းတဲ့ဂိမ်းအကြောင်းအရာတွေကို ပုံမှန်တင်ဆက်ပေးသွားမယ့်အကြောင်း ပြောရင်း ဒီကနေနှုတ်ဆက်လိုက်ပါတယ်။ နောင်လာမယ့်ဆောင်းပါးတွေမှာ ကျွန်တော်တို့ ပြန်လည်ဆုံတွေ့ကြပါမယ်။ ကောင်းသောနေ့လေးပါ မိတ်ဆွေတို့ 🌳🌥

Yan

No comments:

Post a Comment