Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Friday, November 10, 2017

၂၀၁၈ ခုနှစ်မှာဂိမ်းသမိုင်းသစ်ရေးထိုးဦးမယ့် Pokemon Go ဂိမ်းအဖွဲ့ Niantic ဖန်တီးတဲ့ Harry Potter: Wizards Unite ဂိမ်းသစ်

90 born တိုင်းလိုလို အသည်းစွဲကြိုက်နှစ်သက်ခဲ့ကြတဲ့ စီးရီးဇာတ်လမ်းတွဲတွေကိုပြပါဆိုရင် Pokemon ကာတွန်းနဲ့ လျှို့ဝှက်ဆန်းကြယ် Harry Potter ဇာတ်ထုပ်ကို ပြရမှာပါပဲ။ ကျွန်တော်တို့လို 90 born တွေဟာ အဲဒီဇာတ်လမ်းတွဲတွေကိုကြည့်ပြီး သူတို့နဲ့အတူတူကြီးပြင်းလာခဲ့တာပါ။ ဘယ်လိုမျိုးစိတ်ကူးယဉ်ဆန်တယ်ပဲပြော တကယ်လို့ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော်တို့တတွေဟာ အဲဒီလို Pokemon နဲ့ Harry Potter ကမ္ဘာတွေထဲကို ကိုယ်တိုင်ကိုယ်ကျဝင်ရောက်ပြီး ရှင်သန်ချင်ခဲ့ကြတဲ့အထိကို ရူးရူးမူးမူးစွဲလမ်းခဲ့တာပါ။ အဲဒီအချက်ကိုကောင်းကောင်းကြီးရိပ်စားမိတဲ့ Niantic ဂိမ်းအဖွဲ့ဟာ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့မှာ ဂိမ်မာတွေလက်တွေ့အဆန်ဆုံးခံစားရစေမယ့် Pokemon Go ဂိမ်းကို မိုဘိုင်းဖုန်းပလက်ဖောင်းအတွက် စတင်ထုတ်ပေးခဲ့ပါတယ်။ ထွက်ရှိပြီးအချိန်အနည်းငယ်အကြာမှာပဲ တစ်ကမ္ဘာလုံးမှာရေပန်းစားအစားဆုံးဂိမ်းဖြစ်လာခဲ့တဲ့ Pokemon Go ဂိမ်းဟာ ဆော့ကစားသူများကို တကယ့်လက်တွေ့ဘဝမှာ Pokemon အကောင်များကိုလိုက်လံဖမ်းဆီးနေရသလို ခံစားရစေလို့ မိုဘိုင်းဖုန်းတစ်လုံးပိုင်ဆိုင်ရုံနဲ့ လူကြီးလူငယ်မရွေး ဆော့ကစားနိုင်တဲ့ ၂၀၁၆ ခုနှစ်ရဲ့ လူဆော့အများဆုံးမိုဘိုင်းဂိမ်းတစ်ခုဖြစ်လာခဲ့ပါတယ်။ အဲဒီလိုဖန်တီးမှုတွေနဲ့ Pokemon Go ဂိမ်းဟာ အချိန်တိုအတွင်းမှာ နာမည်တဟုန်ထိုးကြီးသွားခဲ့တဲ့အပြင် မိတ်ဆွေသူငယ်ချင်းတွေ၊ အပေါင်းအသင်းတွေနဲ့အတူ ဝိုင်းဖွဲ့ချိတ်ဆက်ဆော့ကစားနိုင်လို့ တက်ညီလက်ညီနဲ့ လူသားတွေရဲ့ပူးပေါင်းမှုကိုပါဖော်ဆောင်ခဲ့တဲ့အတွက် ဂိမ်းသမိုင်းတစ်လျှောက်အထင်ကရဖြစ်ရပ်တစ်ခုတောင် ဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလို နာမည်ကောင်းတွေနဲ့အညွှန့်တလူလူဝေဆာခဲ့တဲ့ Pokemon Go ဂိမ်းဟာ လူတွေကြားမှာ ကြာရှည်တော့မခံခဲ့ပါဘူး၊ ၂၀၁၆ ခုနှစ်ရဲ့လူတိုင်းရဲ့ပါးစပ်ဖျားပေါ်က Pokemon Go ဂိမ်းဟာ ၂၀၁၇ ခုနှစ်ထဲကူးလာပြီးနောက်ပိုင်းမှာ ဆော့ကစားမှုသိသိသာသာကျဆင်းသွားပြီး လူစိတ်ဝင်စားမှုလုံးဝကိုနည်းပါးသွားခဲ့ပါတယ်။ Pokemon Go ဂိမ်းဟာ တစ်ချိန်ကျရင်နာမည်လုံးဝပျောက်သွားမယ်ဆိုတာကိုကြိုတွက်ထားတဲ့ Niantic ဂိမ်းအဖွဲ့ဟာ အခု ၂၀၁၈ ကိုကူးပြောင်းဖို့လအနည်းလောက်သာလိုတော့တဲ့အချိန်မှာ Pokemon Go နဲ့အသွင်တူတဲ့ Harry Potter: Wizards Unite ဆိုတဲ့ဂိမ်းကို လာမယ့်နှစ်အတွင်း ထုတ်ပေးတော့မှာဖြစ်ကြောင်း အတိအလင်းကြေညာခဲ့ပါတယ်။


သစ်လွင်ဆန်းပြားတဲ့စိတ်လှုပ်ရှားစရာတွေနဲ့ ဂိမ်းအတွေ့အကြုံသစ်တွေကိုစောင့်စားနေတဲ့ Pokemon Go သည်းကြီးမဲကြီးဆော့ခဲ့ကြသူလုထုဟာ ဒီသတင်းကြောင့်ပြန်ပြီးလှုပ်လှုပ်ရွရွဖြစ်လာခဲ့ပါပြီ။ Niantic ဂိမ်းအဖွဲ့ဟာ ဒီ Harry Potter ဂိမ်းသစ်ကို Warner Bros Interactive ကုမ္မဏီနဲ့အတူ လက်တွဲဖန်တီးနေခဲ့တာဖြစ်ပြီး တရားဝင်ထုတ်ပြန်ကြေညာချက်အရဆိုရင် Harry Potter: Wizards Unite ဂိမ်းသစ်မှာ မှော်ကမ္ဘာကြီးထဲကပတ်ဝန်းကျင်အသစ်တွေ၊ တည်နေရာအလိုက်ကွဲပြားခြားနားတဲ့မြို့တွေထဲမှာ ခရီးရှည်ကြီးတစ်ခုထွက်နေရသလိုခံစားရမှာဖြစ်ပြီး မှော်အစွမ်းသင်ကြားရတာတွေ၊ ရှေးဟောင်းဒဏ္ဍာရီပစ္စည်းတွေကို စုဆောင်းတာတွေ ပါဝင်လာမယ်လို့ သိရပါတယ်။ ဒါ့အပြင် ကိုယ့်လိုပဲအခြားကစားသူများနဲ့အတူပူးပေါင်းပြီး ဆိုးသွမ်းကြမ်းတမ်းလှတဲ့မှော်ဝင်သတ္တဝါကြီးတွေကိုလည်း ရင်ဆိုင်နှိမ်နင်းရမှာဖြစ်ပြီး Death Eaters, Lord Voldemort အစရှိတဲ့ ပရိသတ်အကြိုက်ဇာတ်ကောင်တွေလည်း ပြန်လည်ပါဝင်လာနိုင်ဖွယ်ရှိပါတယ်။ ဒီဂိမ်းနဲ့ပတ်သက်ပြီး Harry Potter: Wizards Unite ဆိုတဲ့စာတန်းပါ ဓါတ်ပုံကလွဲပြီး အခြားဘာမှမထုတ်ဖော်ပြထားပါဘူး။ ဂိမ်းသတင်းအကြောင်းအရာတွေကို Niantic ဟာ လာမယ့် ၂၀၁၈ ခုနှစ်ထဲမှာ ထပ်မံကြေညာသွားမှာဖြစ်တဲ့အတွက် စောင့်ဆိုင်းနေကြတဲ့သူများအဖို့တော့ လောလောဆယ်မှာ မျှော်တလင့်လင့်နဲ့ ဆက်ပြီးစောင့်ဆိုင်းနေရုံမှတစ်ပါး ဘာမှမတတ်နိုင်ပါဘူး။ Pokemon Go ဂိမ်းကိုလည်းအရူးအမူးကြိုက်ခဲ့ကြပြီး Harry Potter ဇာတ်လမ်းတွဲရဲ့ပရိသတ်တွေလည်းဖြစ်တဲ့သူတွေအတွက်ကတော့ လုံးဝကိုရွှေသတင်းပဲဖြစ်ပါတယ်လို့ပြောရင်း ၂၀၁၈ ကိုစိတ်ရှည်ရှည်နဲ့စောင့်ကြဖို့ ဂိမ်မာများအားလုံးကို ဒီကနေတိုက်တွန်းလိုက်ရပါတယ်။

Yan
Ref: kotaku, theverge

No comments:

Post a Comment