Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Thursday, November 16, 2017

ရာစုသစ်ဂိမ်းတွေရဲ့ယှဉ်ပြိုင်မှုတွေကြားမှာ ရင်ခုန်စိတ်လှုပ်ရှားစရာတွေနဲ့ ဝေဆာပြန်ဦးမယ့် The Game Awards 2017


ရုပ်ရှင်လောကမှာဆိုရင် နှစ်စဉ် ရွှေကမ္ဘာလုံးနဲ့ အော်စကာရုပ်ရှင်ဆုပေးပွဲတွေ၊ ဂီတလောကမှာလည်း နှစ်စဉ် ဂရမ်မီရှိုးတွေ၊ BMA, VMA ဂီတပွဲတွေ အစရှိတဲ့ပွဲတွေကို သူတု့ိရဲ့နယ်ပယ်အလိုက် ခုနှစ်တိုင်းကျင်းပကြစမြဲပါ။ ရုပ်ရှင်၊ ဂီတနဲ့စာပေ အစရှိတဲ့ကဏ္ဍအသီးသီးမှာ ပေါက်မြောက်ခဲ့ကြတဲ့အနုပညာလက်ရာတွေအတွက် သူတို့ရဲ့နောက်ကွယ်ကဖန်တီးရှင်ထူးချွန်သူတွေကို တစ်ကမ္ဘာလုံးသိရှိသွားစေဖို့ နှစ်စဉ်ဆုပေးပွဲတွေကျင်းပပြီး ထိုက်တန်စွာဆုချီးမြှင့်ကြတာဟာ ထုံးတမ်းတစ်ခုလိုဖြစ်နေခဲ့ပါပြီ။ ကဏ္ဍရပ်အသီးသီးအတွက် အသိအမှတ်ပြုဆုပေးပွဲတွေကို အချိန်မှန်ကျင်းပကြသလို မကြာတော့တဲ့အချိန်အတွင်းမှာ ဂိမ်းလောကရဲ့ The Game Awards ဆုပေးပွဲဟာလည်း ၂၀၁၇ ခုနှစ်ရဲ့ဂိမ်းဈေးကွက်ထဲမှာ ဒိတ်ဒိတ်ကြဲဖြစ်နေတဲ့ဂိမ်းတွေကို ပေါင်းစည်းပြီး ပွဲထုတ်တင်ဆက်သွားတော့မှာပါ။ အဲဒီတော့ဂိမ်မာပရိသတ်တွေ နှစ်တိုင်းနှစ်တိုင်း မျှော်တလင့်လင့်စောင့်စားနေရတဲ့ The Game Awards ဆိုတာဘာလဲ? အဲဒီဂိမ်းဆုပေးပွဲဟာ ဘယ်လောက်တောင်မှရင်ခုန်ဖို့ကောင်းမှာလဲ? သူ့ရဲ့နောက်ခံသမိုင်းကြောင်းနဲ့ ဒီနှစ်မှာကျင်းပသွားမယ့် The Game Awards နဲ့ပတ်သက်ပြီး သိသင့်သိထိုက်တဲ့အချက်အလက်တွေကို ဒီမှာပြန်ပြီးဝေမျှပေးလိုက်ပါတယ်။

The Game Awards ဆိုတာဘာလဲ?

The Game Awards ဆိုတာ ကနေဒါနွယ်ဖွားဂိမ်းလောကစာနယ်ဇင်းသမား Geoff Keighley ဦးဆောင်စီစဉ်ပြီး နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ဗီဒီယိုဂိမ်းပွဲတော်ဖြစ်ပါတယ်။ အဲဒီပွဲမှာ နှစ်တစ်နှစ်အတွင်း ရေပန်းအစားဆုံး၊ ပရိသတ်အကြိုက်တွေ့ဆုံး၊ ဈေးကွက်ထဲမှာရောင်းအားအကောင်းဆုံး အစရှိတဲ့ နာမည်ကောင်းတွေဆွတ်ခူးခဲ့တဲ့ဂိမ်းတွေကို တစ်စုတစည်းတည်းပေါင်းစည်းပြီး လျာထားခြင်းခံရတဲ့ကဏ္ဍအလိုက် ဆုပေးအပ်တဲ့ပွဲဆိုရင်လည်းမမှားပါဘူး။ The Game Awards ပွဲကို ကျင်းပရခြင်းရည်ရွယ်ချက်ဟာ ဗီဒီယိုဂိမ်းများရဲ့ဂုဏ်ပုဒ်ကိုမြှင့်တင်ဖို့နဲ့ ကမ္ဘာကျော်လက်ရာမြောက်ဂိမ်းများကို တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အသိအမှတ်ပြုဖို့ဖြစ်ပါတယ်။

Spike Video Game Awards (VGAs) နဲ့ The Game Awards တို့ရဲ့ဆက်နွယ်မှု

VGAs ဒါမှမဟုတ် VGX လို့လည်း လူသိများတဲ့ Spike Video Game Awards ဟာ ဆယ်စုနှစ်တစ်ခုတိုင်အောင်ကျင်းပခဲ့တဲ့ The Game Awards မတိုင်မှီက ဂိမ်းဆုပေးပွဲဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်မှာစတင်ပြီးကျင်းပခဲ့တဲ့ VGAs ဂိမ်းဆုပေးပွဲကို ၂၀၁၃ အထိ ဆယ်နှစ်တိုင်တိုင်စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး နှစ်စဉ်ပွဲတိုင်းမှာ ဗီဒီယိုဂိမ်းတွေထဲကလူသိများတဲ့ဂိမ်းသီချင်းတွေနဲ့ ပြောင်မြောက်တဲ့ဂိမ်းနောက်ခံတေးသီချင်းတွေကို live performance အနေနဲ့ နာမည်ကျော်အဆိုတော်များက စင်တက်ဖျော်ဖြေတင်ဆက်တဲ့ကဏ္ဍတွေလည်း ပါဝင်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်ပွဲအပြီးမှာတော့ ဆယ်နှစ်တိတိကျင်းပခဲ့တဲ့ VGAs ဂိမ်းပွဲတော်ကိုဖျက်သိမ်းဖို့အကြောင်းဖန်လာခဲ့ပြီး ဂိမ်းနယ်ပယ်ရဲ့အထင်ကရစာနယ်ဇင်းသမားဖြစ်သူ Geoff Keighley က သူကိုယ်တိုင်ဦးစီးဦးဆောင်ပြီး The Game Awards ဆိုတဲ့ ဂိမ်းပွဲတော်ကိုပြန်လည်အသက်သွင်းခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ Spike Video Game Awards (VGAs) ဆိုတာမရှိတော့ပဲ အမည်သစ်၊ ပုံစံသစ်နဲ့ The Game Awards ဆိုတဲ့ ဂိမ်းဆုပေးပွဲဖြစ်ပေါ်လာခဲ့ပါတယ်။












နှစ်စဉ်နဲ့အမျှကျင်းပတဲ့ The Game Awards မှာ ဘာတွေကိုတွေ့မြင်ရမလဲ?

The Game Awards ဆိုတဲ့အတိုင်း နှစ်တစ်နှစ်ရဲ့ဆုပေးဖို့လျာထားခြင်းခံရတဲ့ဂိမ်းတွေကို ကဏ္ဍအလိုက် ထိုက်တန်စွာဆုတွေချီးမြှင့်ပြီး ဂုဏ်ပြုတဲ့ဂိမ်းဆုပေးပွဲဖြစ်ပါတယ်။ ကိုယ်အကြိုက်နှစ်သက်ဆုံးဂိမ်းတွေကို တစ်နေရာတည်းမှာ တစ်စုတစည်းတည်း ရင်ခုန်စိတ်လှုပ်ရှားစွာတွေ့မြင်ရမယ့်အပြင် အနာဂတ်ရဲ့ဂိမ်းသစ်တွေ၊ ကြေညာပြီးသားဂိမ်းသစ်တွေရဲ့ အကြောင်းအရာသစ်တွေကို သိရှိရတဲ့ပွဲမို့လို့ E3 ပွဲနည်းတူပဲ ဂိမ်မာပရိသတ်များအထူးစောင့်မျှော်ကြတဲ့ဂိမ်းပွဲတော်ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ် ၂၀၁၇ မှာတော့ ထူးခြားတဲ့ကဏ္ဍတစ်ခုအနေနဲ့ The Game Awards Orchestra ဆိုပြီး ကမ္ဘာကျော်သံစုံတီးဝိုင်းနဲ့အတူ နာမည်ကျော်ရော့ခ်ဂီတပညာရှင်များနဲ့ပူးပေါင်းပြီး ဂိမ်းတေးသီချင်းဖျော်ဖြေပွဲကိုပါ ထည့်သွင်းကျင်းပသွားမှာပါလို့ Keighley က သတင်းစာရှင်းလင်းပွဲမှာပြောကြားသွားခဲ့ပါတယ်။

ပွဲကျင်းပမယ့်ရက်စွဲ၊ တိုက်ရိုက်ထုတ်လွှင့်သွားမယ့်မီဒီယာတွေနဲ့ အနှစ်ချူပ်

The Game Awards ဂိမ်းဆုပေးပွဲကို ဒီဇင်ဘာလ ၇ ရက်နေ့မှာ လော့စ်အိန်ဂျယ်လိစ်မြို့ရဲ့ Microsoft Theatre မှာကျင်းပသွားမှာဖြစ်ပါတယ်။ ပွဲကို တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ မီဒီယာရုပ်သံလိုင်း စုစုပေါင်း ၅၁ ခုကနေ တိုက်ရိုက်ထုတ်လွှင့်သွားမှာဖြစ်ပြီး ဂိမ်းလောကရဲ့အထင်ကရမီဒီယာများဖြစ်ကြတဲ့ Gamespot နဲ့ Giant Bomb တို့ပါ ဒီတင်ဆက်မှုမှာပါဝင်သွားမှာပါ။ ဒီနှစ်အတွက်ဆုလျာထားခြင်းကို အများဆုံးကိုရရှိထားတဲ့ဂိမ်းတွေကတော့ Destiny 2, Horizon Zero Dawn, The Legend of Zelda: Breath of the Wild, Super Mario Odysse တို့ပဲဖြစ်ကြပြီး ပွဲတက်ရောက်သူဂိမ်မာတွေ အရင်ပွဲနဲ့မတူတဲ့အတွေ့အကြုံသစ်တွေကိုခံစားရစေဖို့အတွက် ထူးခြားတဲ့အစီအစဉ်သစ်တွေနဲ့ စိတ်ကျေနပ်မှု ပေးစွမ်းသွားမယ်လို့ သိရပါတယ်။


Yan
Ref: 
gamespotrollingstonewikia

No comments:

Post a Comment