Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Wednesday, May 23, 2018

ကမ္ဘာတစ်ဝှမ်းလုံးကဂိမ်မာတွေအားလုံး ရင်ခုန်စိတ်လှုပ်ရှားစွာစောင့်မျှော်နေကြတဲ့ ၂၀၁၈ E3 ပွဲအကြောင်းတစေ့တစောင်း


ဂိမ်မာတွေအားလုံး ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေရတဲ့ E3 (Electronic Entertainment Expo) ပွဲကြီးကတော့ တစ်နှစ်ပြီးတစ်နှစ်ဆိုသလို အားလုံးဆီ တစ်ကျော့ပြန်လည်ရောက်ရှိလို့လာပါပြီ။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ကြီးကျယ်ခမ်းနားလှတဲ့ E3 ဂိမ်းပွဲတော်ကြီးကို ကစလို့ နှစ်စဉ်စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပြီး ပွဲကို ကမ္ဘာနယ်ပယ်အသီးသီးက နာမည်ကျော်ဂိမ်းကုမ္ပဏီတွေ၊ ဂိမ်းဖန်တီးထုတ်လုပ်သူတွေနဲ့ ဂိမ်းကိုချစ်တဲ့ပရိသတ်ပေါင်းများစွာ တက်ရောက်ကျတာမို့ ဒီ E3 ပွဲဟာ တစ်ကမ္ဘာလုံးကဂိမ်းချစ်သူပရိသတ်တွေကို ဆက်သွယ်ပေါင်းစည်းပေးတဲ့ ပေါင်းကူးတံတားလည်းဖြစ်ပါတယ်။ နှစ်စဉ်ထိန်းသိမ်းလာတဲ့အစဉ်အလာအရ E3 ပွဲတိုင်းမှာ ဂိမ်မာတွေနှစ်ရှည်လများစောင့်မျှော်နေတဲ့ဂိမ်းတွေ၊ ရင်ကိုလှုပ်ခတ်စေမယ့် ဂိမ်းအသစ်ကြေညာချက်တွေ၊ နည်းပညာရဲ့တီထွင်ဆန်းသစ်မှုတွေနဲ့အတူ မရိုးနိုင်တဲ့ဂိမ်းတင်ဆက်မှုတွေကို တစ်နေရာတည်းမှာ မျက်ဝါးထင်ထင် တွေ့မြင်ခံစားမှာဖြစ်တဲ့အတွက် ဒီ E3 ပွဲကို တက်ရောက်ချင်ကြတာဂိမ်မာအားလုံးရဲ့ အိပ်မက်ပါ။ ဒါပေမယ့် ပွဲကိုကိုယ်တိုင်ကိုယ်ကျ မတက်ရောက်ဖြစ်ကြတဲ့ဂိမ်မာများလည်း လုံးဝစိတ်ပူစရာမလိုပါဘူး။ မျှော်လင့်ချက်ပေါင်းများစွာနဲ့ ၂၀၁၈ ခုနှစ်ရဲ့ E3 ပွဲကို ဘယ်နေရာမှာ ဘယ်လိုမျိုးကျင်းပသွားမလဲ? ဘယ်အချိန်မှာကျင်းပမှာလဲ? ဘယ်လိုမျိုးဂိမ်းအသစ်တွေကို ကြေညာမှာလဲ? အစရှိတာတွေကို ဂိမ်မာတို့သိရှိစေဖို့ ဒီစာစောင်မှာ အချက်လေးတွေနဲ့တကွပြောပြပေးသွားမှာမို့ အချိန်လေးခဏပေးပြီး ဆက်လက်ဖတ်ရှုပေးဖို့ပဲလိုပါတယ်။ ဒီတော့ ရှည်ရှည်ဝေးဝေး စကားဦးသန်းနေတာကို ဒီလောက်နဲ့ပဲရပ်နားပြီး ပြောလိုတဲ့အကြောင်းအရာကို ကျွန်တော်တို့သွားလိုက်ကြပါမယ်၊ အေးဆေးအနားယူရင်း ဖတ်ရှုနိုင်ပါတယ်။
E3 2018 ပွဲကို ဘယ်အချိန်၊ ဘယ်နေရာမှာကျင်းပမှာလဲ?

တစ်နှစ်မှတစ်ကြိမ်ပဲကျင်းပတာဖြစ်တဲ့ E3 ပွဲတိုင်းကို နှစ်တစ်နှစ်ရဲ့ ဆဋ္ဌမမြောက်လဖြစ်တဲ့ ဇွန်လ (June) မှာကျင်းပလေ့ရှိပြီး ဇွန်လဒုတိယအပါတ် ၁၂ ရက်ကနေ ၁၄ ရက်အထိ သုံးရက်တိုင်တိုင် ကျင်းပသွားမှာဖြစ်ပါတယ်။ ၂၀၁၈ E3 ပွဲကို ပင်တိုင်ပွဲကျင်းပရာနေရာဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျယ်လိစ် (Los Angeles) မြို့ရဲ့ LA Convention Centre မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာပါ။
ပွဲကိုဘယ်သူတွေတက်ရောက်နိုင်လဲ? ဝယ်ယူနိုင်မယ့် ပွဲလက်မှတ်နဲ့ ဈေးနှုန်း

ဂိမ်မာတို့ရဲ့လိုအပ်ချက်ကို သိရှိနေတဲ့ E3 ပွဲစီစဉ်သူများဟာလည်း ဝါသနာအရင်းတည်တဲ့ ဝါရင့်သမ္ဘာရင့် ဂိမ်းမာများဖြစ်တဲ့အလျောက် ပွဲကိုဂိမ်မာတိုင်းလိုလို တက်ရောက်နိုင်အောင် ပြုလုပ်ပေးထားပါတယ်။ E3 ပွဲကို အများပြည်သူဝင်ရောက်ကြည့်ရှုလေ့လာနိုင်အောင် public area အဖြစ် နေရာတစ်ခုအထိကန့်သတ်ပေးထားပြီး တကယ်တမ်းပွဲတက်ရောက်မယ့်သူများကတော့ နေရာစေ့သွားလာခွင့်ရစေဖို့ ပွဲလက်မှတ်ကို တရားဝင်ဝက်ဘ်ဆိုဒ်ကနေတဆင့် ဝယ်ယူရမှာဖြစ်ပါတယ်။ ရောင်းချတဲ့လက်မှတ်ဈေးနှုန်းအနေနဲ့လည်း လူတန်းစေ့ဝယ်ယူနိုင်မယ့် ဈေးနှုန်းဖြစ်အောင် ဒေါ်လာ ၂၄၉ ကျပ်ပဲ သတ်မှတ်ပေးထားပြီး အထူးအစီအစဉ်အနေနဲ့ ပထမဦးဆုံးလက်မှတ်ဝယ်ယူတဲ့ ဂိမ်မာအယောက် ၁၀၀၀ အတွက် အထူးဈေးနှုန်း ၁၄၉ ကျပ်နဲ့ "Gamer Pass" ရရှိမှာဖြစ်ပါတယ်။
ပွဲမစတင်ခင်မှာ ပြုလုပ်မယ့် သတင်းစာရှင်းလင်းပွဲနဲ့ ဂိမ်းကြေညာချက်

နာမည်ကျော်ဂိမ်းကုမ္ပဏီကြီးတွေဖြစ်ကြတဲ့ Sony, Microsoft, Bethesda, EA နဲ့ Nintendo တို့ဟာ တကယ့်ပွဲမစတင်ခင်မှာ သတင်းစာရှင်းလင်းပွဲနဲ့ Live Streaming တွေကို ကနဦးအကြိုပြုလုပ်သွားမှာဖြစ်ပါတယ်။ အဲဒီလိုမျိုးသတင်းစာရှင်းလင်းပွဲပြုလုပ်ခြင်းဟာ E3 ပွဲကို ပိုပြီးအရှိန်မြင့်လာစေသလို ပွဲတက်ရောက်သူဂိမ်းပရိသတ်တွေနဲ့ ဂိမ်းဖန်တီးထုတ်လုပ်တဲ့ကုမ္ပဏီတွေကြား တိုက်ရိုက်အမေးအဖြေကဏ္ဍကနေတဆင့် သိလိုသမျှတွေ၊ မေးမြန်းလိုတာတွေကို လွတ်လပ်စွာထုတ်ဖော်ပြောကြားနိုင်ပါတယ်။ အဲဒီတော့ တကယ်တမ်း E3 ပွဲမှာ ဘယ်ကုမ္ပဏီက ဘယ်လိုဂိမ်းတွေကိုမိတ်ဆက်ပေးမလဲ? အရင်နှစ် E3 ပွဲတွေမှာကတည်းက ကြေညာပြီးသားဂိမ်းတွေအနေနဲ့ရော ဘယ်လိုမျိုးပွဲထွက်လာမလဲ? ဂိမ်းမီဒီယာတွေရဲ့ခန့်မှန်းချက်တွေနဲ့ ရရှိလာတဲ့သတင်းအချက်အလက်တွေအရ 2018 E3 ပွဲရဲ့သုံးသပ်ချက်တွေကို ကျွန်တော်တို့ တစ်ချက်ဆက်ကြည့်လိုက်ရအောင်။














Sony အနေနဲ့ E3 2018 မှာ ဘာတွေချပြဖို့ရှိသလဲ?


Sony အနေနဲ့ သတင်းစာရှင်းလင်းပွဲမှာထည့်သွင်းပြောကြားဖို့ စီစဉ်ထားတဲ့ အကြောင်းအရာခေါင်းကြီးပိုင်းအရ ၂၀၁၆ ခုနှစ်က စတင်ကြေညာခဲ့တဲ့ Days Gone, သိုသိုသိပ်သိပ်ဖန်တီးနေတဲ့ Shadow Die Twice ဂိမ်းအကြောင်းကို ဦးစားပေးပြောကြားမယ်လို့ ခန့်မှန်းရပြီး ဂိမ်မာတွေစောင့်မျှော်နေကြတဲ့ PS4 Exclusive ဂိမ်းတွေဖြစ်တဲ့ Spider-Man, Hideo Kojima ရဲ့ Death Stranding, အောင်မြင်မှုအညွှန့်တလူလူဖြစ်လာဦးမယ့် Naughty Dog ရဲ့ Last Of Us Part.2 ဂိမ်းတွေအကြောင်းရှင်းလင်းသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် Yakuza 6 နဲ့ Kingdom Hearts 3 ကိုလည်း စင်မြင့်ထက်မှာတွေ့မြင်ရဖို့ ပရိသတ်တွေကမျှော်လင့်နေကြပါတယ်။ Playstation ကနေ နောက်ဆုံးမျှော်လင့်ရတဲ့ဂိမ်းကတော့ ဂျပန်ပြည်ရဲ့မြေရှင်ပဒေသရာဇ်ခေတ်၊ ဆူရှီမာကျွန်းကိုမွန်ဂိုတွေ ဝင်ရောက်သိမ်းယူတဲ့ကာလမှာ ဇာတ်အိမ်တည်ထားတဲ့ Ghost Of Tsushima ဂိမ်းပဲဖြစ်ပါတယ်။


Microsoft နဲ့ Xbox အနေနဲ့ E3 2018 မှာ ဘာတွေချပြဖို့ရှိသလဲ?

Microsoft အနေနဲ့ Xbox One X နဲ့ အတူလက်တွဲပြီး ဂိမ်းတွေအတွက် ရုပ်ထွက် 4K အပြည့်အဝပေးစွမ်းနိုင်ခဲ့တာ အချိန်အတော်အတန်ကြာခဲ့ပါပြီ။ ဒါပေမယ့် ဒီတစ်ချက်တည်းနဲ့ မလုံလောက်သေးတဲ့ Microsoft အနေနဲ့ ဒီနှစ် E3 ပွဲကို လူအများစိတ်ဝင်စားမယ့်ဂိမ်းတွေချပြပြီး ပွဲတက်ရမှာပါပဲ။ ယမန်နှစ် E3 ပွဲမှာ ဟိုးလေးတစ်ကျော်ဖြစ်ခဲ့တဲ့ Crackdown 3, Forza Motorsport 7 နဲ့ Cuphead တို့ကြောင့် ၂၀၁၇ ခုနှစ်ပွဲမှာ ခံသာသွားပေမယ့်လည်း တစ်နှစ်ထက်တစ်နှစ်ဆိုသလို ဂိမ်းလောကကြီးနဲ့ E3 ပွဲကြီးဟာ အပြောင်းအလဲပေါင်းစုံဖြစ်နေတာမို့ ပွဲမဝင်ခင်ကြိုတင်ပြင်ဆင်ရတော့မှာပါ။ ပရိသတ်တွေအနေနဲ့ Ori and the Will of Wisps ဂိမ်းရဲ့သတင်းတစွန်းတစပဲဖြစ်ဖြစ် သိချင်နေကြသလို ကောလဟာလတွေအရမ်းထွက်နေတဲ့ Halo 6 အခြေအနေကိုလည်း မျက်ဝါးထင်ထင်တွေ့မြင်နေကြပါပြီ။ Xbox နဲ့လက်တွဲဘော်တွေဖြစ်ကြတဲ့ Microsoft အနေနဲ့ ဘယ်လိုမျိုးဂိမ်းတွေနဲ့ တင်ဆက်မှုတွေကို E3 2018 မှာချပြသွားမလဲဆိုတာကတော့ အားလုံးစောင့်ကြည့်ရမှာပါပဲ။


Nintendo အနေနဲ့ E3 2018 မှာ ဘာတွေချပြဖို့ရှိသလဲ?

ဂိမ်းလောကရဲ့တစ်ထောင့်တစ်နေရာကနေ ဂိမ်းစက် console နယ်ပယ်ကို ချူပ်ကိုင်ထားတဲ့ Nintendo အနေနဲ့လည်း ဒီနှစ် E3 ပွဲမှာချပြတင်ဆက်သွားမယ့် အစီအစဉ်ဟာ ယမန်နှစ်နဲ့ ဆင်တူတယ်လို့တော့ ကြိုတင်ပြောကြားလာပါတယ်။ ဂျွန် ၁၂ ရက်နေ့မှာ ဗီဒီယိုနဲ့တကွ တင်ဆက်မှုလုပ်သွားမှာဖြစ်ပြီး Nintendo Switch ပလက်ဖောင်းပေါ်မှာ ကစားနိုင်မယ့် Third Party ဂိမ်းတွေကို ထုတ်ဖော်ပြောကြားသွားမှာပါ။ အခြားဂိမ်းကုမ္ပဏီတွေလို အမိုက်စားဂိမ်းတွေ ထုတ်ပြဖို့မရှိပေမယ့် အရင်နှစ်က အမြည်းချပြခဲ့တဲ့ Pokemon Switch ကို ရှင်းရှင်းလင်းလင်းထုတ်ပြလိုက်မယ်ဆိုရင်တော့ E3 ပွဲမှာမျက်နှာပန်းလှဖို့ ကြိမ်းသေနေပါတယ်။ Nintendo ဂိမ်းပလက်ဖောင်းရဲ့ဇာတ်လိုက်စီးရီးဖြစ်တဲ့ Mario ကိုတော့ မေ့ထားလို့ရမှာမဟုတ်တဲ့အတွက် Super Smash Bros Switch ကိုမြင်ရဖို့တော့ သေချာသလောက်ရှိပါတယ်။













EA (Electronic Arts) အနေနဲ့ E3 2018 မှာ ဘာတွေချပြဖို့ရှိသလဲ?

၂၀၁၀ ခုနှစ်လောက်ကစပြီး လွန်ခဲ့တဲ့လေးငါးနှစ်အထိ EA ကဖန်တီးထုတ်လုပ်တဲ့ ဂိမ်းတွေဟာ ဂိမ်မာတွေရဲ့အသည်းစွဲဂိမ်းစီးရီးတွေအဖြစ် ရင်ထဲမှာစွဲထင်ကျန်ရစ်နေတာ အမှန်ပါ။ ဒါပေမယ့် မော်ဒန်ခေတ်ဂိမ်းလောကနဲ့ ဂိမ်းမျိုးဆက်သစ်ကိုကူးပြောင်းလာတဲ့အချိန်မှာတော့ PS4 ရာစုနှစ်ရောက်လာခဲ့ပြီး EA ရဲ့ဂုဏ်သတင်းအရှိန်အဝါတွေ လျော့ကျလာခဲ့ပါတယ်။ ဒါပေမယ့်လည်း EA အနေနဲ့ ခြေလှမ်းတွေကို ဖြည်းဖြည်းနဲ့မှန်မှန်လှမ်းနေပြီး အခုလာမယ့် E3 2018 ပွဲမှာ ဂိမ်မာတွေအတွက် Play Event စီစဉ်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင်ဂိမ်မာများရဲ့အသည်းစွဲဂိမ်းတွေဖြစ်ကြတဲ့ FIFA, Madden နဲ့ Bioware ကချပြမယ့် ဂိမ်းတွေကိုပြင်ထားတယ်လို့သိရပါတယ်၊ Battlefield ဂိမ်းကိုလည်းမေ့ထားလို့မရသလို ဂိမ်းလောကအတွက်ကြီးမားတဲ့ပြောင်းလဲမှုတစ်ခုလို့ အားလုံးသုံးသပ်ယူဆတဲ့ Anthem ဂိမ်းကတော့ EA ရဲ့နောက်ဆုံးမျှော်လင့်ချက်ဖြစ်ပါတယ်။


ဒီလောက်ဆိုရင်တော့ ဂိမ်းပရိသတ်တွေအားလုံး အခုလာမယ့် E3 2018 ပွဲမှာ ဘယ်လိုအစီအစဉ်တွေရှိတယ်၊ ဘယ်ဂိမ်းကုမ္ပဏီတွေက ဘာတွေပြဖို့ရည်ရွယ်ထားတယ်၊ အစရှိတာတွေကို လုံးစေ့ပတ်စေ့သိသွားလောက်ပြီလို့ ထင်ပါတယ်။ E3 ပွဲဟာ တစ်နှစ်တစ်ခါပဲကျင်းပတာမို့ ကမ္ဘာနဲ့အဝှမ်းက ဂိမ်းပရိသတ်တွေအားလုံး မျှော်တလင့်လင့်နဲ့ စောင့်ဆိုင်းကြတဲ့ ဂိမ်းခင်းကျင်းပြသရာပွဲတော်ကြီးဆိုရင်လည်း မမှားပါဘူး။ ပွဲနဲ့ပတ်သက်တဲ့ သိရှိသမျှသတင်းအချက်အလက်တွေနဲ့ အကြောင်းအရာတွေကို ဂိမ်မာတွေကိုပြန်လည်ဝေမျှဖို့ ဒီစာစောင်မှာစုစည်းတင်ပြလိုက်ပါတယ်။ အားလုံးပဲနောက်လ ၁၂ ရက်မှာ စတင်ကျင်းပမယ့် E3 2018 ပွဲကြီးကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်နေကြပါဦးလို့ တိုက်တွန်းရင်း နောက်ဆောင်းပါးတွေမှာ ပြန်တွေ့ကြပါမယ်။ 

Yan
Ref: Gamespot, Kotaku