Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Thursday, April 11, 2019

အပြင်းထန်အကြမ်းတမ်းဆုံး Apex Legends တိုက်ပွဲတွေထဲမှာ မကြာခင်ပါဝင်လာတော့မယ့် Legend အသစ်က ဘယ်သူဖြစ်မလဲ?



မထွက်ရှိလာခင်ကတည်းက ဂိမ်မာတော်တော်များများ မျှော်လင့်ထားကြတဲ့ Apex Legends ဂိမ်းဟာ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့မှာတော့ စောင့်မျှော်နေသူတွေဆီ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာခဲ့ပြီး အားလုံးမျှော်လင့်ထားခဲ့သလိုပဲ ဂိမ်းလောကဆီက နာမည်ကောင်းတွေကို အချိန်တိုအတွင်းမှာ ဆွတ်ခူးရယူနိုင်ခဲ့ပါတယ်။ ထွက်ရှိပြီးပြီးချင်း ရှစ်နာရီအကြာမှာ ကစားသူပေါင်းတစ်သန်း၊ နှစ်ဆယ့်လေးနာရီအကြာမှာ ကစားသူပေါင်းနှစ်သန်းခွဲ၊ ခုနှစ်ရက်တစ်ပါတ်ပြည့်ချိန်မှာ ကစားသူပေါင်းနှစ်ဆယ့်ငါးသန်းနဲ့  အချိန်တစ်လကြာမြင့်ချိန်မှာတော့ ဆော့ကစားသူစုစုပေါင်း သန်းငါးဆယ်ရှိခဲ့ပြီး လက်ရှိမှာနာမည်ကျော် Battle Royale ဂိမ်းတွေဖြစ်ကြတဲ့ Fortnite, Player’s Unknown Battleground အစရှိတဲ့ ပြိုင်ဖက်ဂိမ်းတွေအားလုံးကို အချိန်တိုအတွင်း ကျော်တတ်နိုင်ခဲ့ပြီး ရှေ့ကနေဦးဆောင်နေပြီပဲဖြစ်ပါတယ်။ အပစ်အခတ်ကျွမ်းကျင်မှုနဲ့ လျင်မြန်ဖြတ်လတ်မှုကို အသားပေးတဲ့ ဂိမ်းကစားဟန်၊ ရင်ခုန်ဖို့ကောင်းတဲ့ တိုက်ပွဲတွေနဲ့ ကွဲပြားခြားနားပြီး တစ်မျိုးဆီထူးတဲ့ Legends ကိုယ်စီကို ရွေးချယ်ခွင့်ရှိတာကြောင့် အခြား Battle Royale ဂိမ်းတွေနဲ့မတူတဲ့အရသာကို ပေးစွမ်းတဲ့ Apex Legends ဂိမ်းကို Titanfall စီးရီးကို ဖန်တီးခဲ့တဲ့ Respawn Entertainment ကပဲ ဖန်တီးရေးဆွဲခဲ့တာဖြစ်ပြီး EA (Electronin Arts) က ထုတ်လုပ်ဖြန့်ချိတာဖြစ်ပါတယ်။ ဂိမ်းဇာတ်အိမ်ကိုအကြမ်းဖျင်းပြောပြရမယ်ဆိုရင် Apex Legends ဂိမ်းဟာ Titanfall 2 အပြီး နောက်ထပ်နှစ် ၃၀ အကြာမှာ ဇာတ်အိမ်တည်ထားတာဖြစ်ပြီး Titanfall လောကထဲက တည်နေရာမြေပုံတစ်ခုဖြစ်တဲ့ King Canyon ကို ဂိမ်းရဲ့အဓိကတိုက်ပွဲကွင်းအဖြစ်ထည့်သွင်းထားဖြစ်ပါတယ်။ Apex Legends ဆိုတဲ့အတိုင်း ကိုယ်ဟာ ပါဝင်သူတွေအားလုံးထဲက ထိပ်ဆုံးမှာရပ်တည်နေတဲ့ နံပါတ်တစ်အကျွမ်းကျင်ဆုံး Legend တစ်ယောက်ဖြစ်ဖို့ ကိုယ့်လိုပဲလာရောက်ယှဉ်ပြိုင်သူကစားသမားတွေနဲ့ နဖူးတွေ့ဒူးတွေ့ရင်ဆိုင်ရမှာပါ။



ကွဲပြားတဲ့ Legends တွေပါဝင်တာဟာ ဂိမ်းရဲ့ထူးခြားချက်တစ်ခုဖြစ်တာကြောင့် လက်ရှိမှာ Legend ပေါင်း ၉ ယောက်နဲ့ အပွဲပွဲနွှဲလို့ကောင်းနေဆဲဖြစ်တဲ့ Apex Legends ဂိမ်းထဲကို နောက်ထပ်ဇာတ်ကောင် Legend အသစ်ကို ထပ်မံထည့်သွင်းပေးဖို့ ဂိမ်းဖန်တီးသူ developer တွေအနေနဲ့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ထွက်ရှိလာတဲ့သတင်းတွေအရတော့ အဲဒီအသစ်ပါဝင်လာမယ့် Legend ရဲ့နာမည်ဟာ Wattson လို့ သိရှိရပြီး တကယ့်ကိုမကြာတော့တဲ့အချိန်အတွင်းမှာ ဂိမ်းထဲကိုဝင်ရောက်လာမှာပါ။ အခြား Legend တွေနည်းတူ ဇာတ်ကောင်အသစ်ဖြစ်တဲ့ Wattson ဟာလည်းပဲ ထူးခြားတဲ့စွမ်းအင်သုံးမျိုးကို အသုံးပြုနိုင်မှာဖြစ်ပြီး ရင်ခုန်ဖို့ကောင်းတဲ့ ကစားဟန်နဲ့ ကိုင်တွယ်ဆော့ကစားရမယ်ဆိုတာကတော့ သေချာနေပါတယ်။ စွမ်းအင်တစ်မျိုးချင်းစီရဲ့ အသေးစိတ်လုပ်ဆောင်နိုင်စွမ်းတွေကို ပြောပြချင်ပေမယ့် spoil သလိုဖြစ်သွားမှာစိုးတဲ့အတွက် စိတ်ဝင်စားသူဂိမ်မာတွေအနေနဲ့ ကိုယ့်ဘာသာကိုယ်ပဲရှာဖွေကြည့်ကြဖို့ကို မေတ္တာရပ်ခံလိုက်ရပါတယ်။ ဒါတင်မကသေးဘဲ အခြားသော Legend တွေအတွက်လည်း ဝတ်စုံသစ်တွေ၊ သေနတ်ပုံစံအသစ်တွေ ထပ်မံပါဝင်လာဦးမှာဖြစ်တဲ့အပြင် Wattson ကို စတင်ဆော့ကစားနိုင်တဲ့အချိန်မှာပဲ Content အသစ်တွေကို တစ်ပြိုင်နက်တည်းယှဉ်တွဲပြီး ထည့်သွင်းပေးသွားမှာပါ။ ဒီတော့ Apex Legends ဂိမ်းကို ကြိုက်နှစ်သက်ကြတဲ့ဂိမ်မာတွေအနေနဲ့ Legend အသစ် Wattson ဟာ ဘယ်လိုမျိုး Legend ဖြစ်မလဲ? စွမ်းအင်သုံးမျိုးကရော ဘယ်လောက်ထိအစွမ်းထက်မလဲ? အစရှိတာတွေကို ခန့်မှန်းတွေးဆပြီး ရင်ခုန်စောင့်စားနေကြဖို့ ပြောလိုက်ပါရစေ။ နောက်ပြီး Wattson ရဲ့ပုံပန်းသွင်ပြင် ဘယ်လိုရှိသလဲဆိုတာကို သိချင်နေကြသူတွေအတွက် အောက်မှာပြထားတဲ့နောက်ဆုံးပုံမှာ ကြည့်ရှုရင်း တကယ်တမ်းပါဝင်လာတဲ့အခါကျ အားလုံးနဲ့အတူ Wattson ကိုကြိုဆိုလိုက်ကြစို့ဗျာ။  





Ref: Wikia, Segmentnext, GamesRadar
Yan

Friday, April 5, 2019

သက်တမ်းဆယ့်ငါးနှစ်ကျော်ခဲ့ပေမယ့် ဖန်တီးမှုလက်ရာမြောက်နေဆဲဖြစ်တဲ့ Devil May Cry 3 ဂိမ်းကို တစ်ခေါက်ပြန်ပြောင်းသုံးသပ်ကြည့်တဲ့အခါ 🍂⏱



၂၀၁၉ ခုနှစ်၊ မတ်လ ၉ ရက်နေ့ မှာထွက်ရှိခဲ့တဲ့ Devil May Cry 5 ဟာ နှစ်ပေါင်းများစွာစောင့်မျှော်နေကြတဲ့ DMC ပရိသတ်တွေအားလုံးရဲ့မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးလိုက်သလိုပါပဲ။ ၂၀၀၈ ခုနှစ်ကတည်းကစလို့ ရှိရင်းစွဲဇာတ်ကြောင်းအပေါ်မှာဆက်ပြီး မူရင်းဇာတ်ကောင်တွေနဲ့ဖန်တီးထားတဲ့ ဂိမ်းအသစ်မထွက်ရှိခဲ့တာကြောင့် မျှော်တလင့်လင့်စောင့်စားနေကြတဲ့ DMC ပရိသတ်ဟောင်းတွေအနေနဲ့ Devil May Cry ဂိမ်းအသစ်ဟာ ဒီတစ်သက်မှာထွက်မှထွက်လာပါတော့ဦးမလားဆိုပြီး ရင်တထိတ်ထိတ်နဲ့ စောင့်ဆိုင်းနေခဲ့ကြတာပါ။ ဂိမ်းလောကနဲ့အချိန်ကာလတစ်ခုကြာ ရင်းနှီးကျွမ်းဝင်တဲ့သူတွေဆိုရင်တော့ အချို့နာမည်ကြီးဂိမ်းကောင်းတွေအနေနဲ့ နောက်ဆက်တွဲဂိမ်းအသစ်တွေကို ဆက်လက်ဖန်တီးချင်ပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် ဖျက်သိမ်းလိုက်ရတယ်ဆိုတာ သိကြမှာပါ။ Kojima ရဲ့ Silent Hills: Playable Teaser, Platinum Games ရဲ့ Scalebound, Ubisoft Montreal ရဲ့ Tom Clancy’s Rainbow 6 Patriots အစရှိတဲ့ဂိမ်းတွေဟာ အလားအလာကောင်းပေမယ့် ကံမကောင်းစွာပဲ ပယ်ဖျက်ခဲ့ရတဲ့ဂိမ်းတွေပါပဲ 🥺💔



ဒါပေမယ့်လည်း ပရိသတ်တွေလိုချင်တဲဆန္ဒကို သိတဲ့ CAPCOM ကတော့ ၂၀၁၇ ကတည်းကစလို့ တောက်လျှောက်ဆိုသလိုပဲ အားလုံးရင်ထဲစွဲပြီးအကြိုက်တွေ့စေမယ့် Resident Evil 7: Biohazard နဲ့ Resident Evil 2: Remake လို၊ ဆယ်စုနှစ်တစ်ခုကြာစောင့်ခဲ့ရတဲ့ Devil May Cry 5 လို လက်ရာမြောက်တဲ့ဂိမ်းကောင်းတွေကို ထုတ်လုပ်မှုအရည်အသွေးမြင့်မားစွာနဲ့ ထုတ်လုပ်ပေးလို့နေပါတယ်။ ဒီနေရာမှာလက်ရာမြောက်တဲ့ဂိမ်းကောင်းတွေရဲ့အကြောင်းကို ပြောမယ်ဆိုရင် တချို့ဂိမ်းကောင်းတွေရဲ့နာမည်ကို ချန်ထားခဲ့လို့မဖြစ်ပါဘူး။ ဘယ်အချိန်ဆော့ဆော့အိုဟောင်းမသွားတဲ့ ဂိမ်းကောင်းမြောက်မြားစွာရှိတဲ့ထဲက ဒီတစ်ခေါက်ဆောင်းပါးမှာတော့ အချိန်သက်တမ်းဆယ့်ငါးနှစ်ကျော်ကြာခဲ့ပေမယ့် လက်ရာမြောက်နေဆဲ၊ ရင်ခုန်ဖို့ကောင်းဆဲ၊ ရသစုံလင်နေဆဲဖြစ်တဲ့ CAPCOM ရဲ့ ၂၀၀၅ ခုနှစ်ကထွက်ရှိခဲ့တဲ့ Devil May Cry 3: Dante’s Awakening ကို တစ်ခေါက်ပြန်ရှုမြင်သုံးသပ်ကြည့်ကြပါမယ်။ အဆင်သင့်ဖြစ်ပြီဆိုရင် ဆက်သွားကြဖို့ ဖိတ်ခေါ်လိုက်ပါတယ် 🤓➡️



ပစ္စုပွန်နဲ့ အနာဂတ်ကိုဆက်မသွားဘဲ အတိတ်ကာလကိုပြန်ခေါ်သွားတဲ့ဇာတ်ကြောင်းနဲ့ အရာအားလုံးစတင်ခဲ့ချိန် 🏡👨‍❤️‍👨

အမှန်တရားတစ်ခုကိုပြောရရင် Devil Hunter Dante ဟေ့ လို့ဆိုလိုက်တာနဲ့ ကျွန်တော်တို့စိတ်ထဲမှာပြေးမြင်ကြတဲ့ Dante ဟာ Devil May Cry 3 ထဲက ခပ်ငယ်ငယ်ဖြောင့်ဖြောင့်၊ ရင့်ကျက်မှုလုံးဝမရှိပေမယ့် စတိုင်သိပ်ကျလွန်းပြီး လက်ရုံးရည်နဲ့သာမက စကားလုံးတွေနဲ့ပါ ရန်သူကိုကလူကျီဆယ်တတ်တဲ့ ဆယ်ကျော်သက် Dante ပါပဲ။ အဲဒီလိုမျိုး ပျက်တီးပျက်ချော်စကားပြောဆိုပုံတွေ၊ ဘယ်လိုအခက်အခဲနဲ့ကြုံကြုံမမှု၊ ဘာကိုမှစိတ်ထဲမထားဘဲ ပေါ့ပေါ့ဆဆနဲ့ စိတ်မြန်လက်မြန်လုပ်တတ်တဲ့ အပြုအမူတွေကပဲ ပရိသတ်ရင်ထဲစွဲကျန်ခဲ့တာပါ။ Devil May Cry 3 ဟာ စီးရီးတစ်ခုလုံးမှာ ဇာတ်ရှိန်အမြင့်ဆုံး၊ စိတ်ခံစားမှုအပြင်းထန်ဆုံး ဇာတ်ကြောင်းဖြစ်သလို ကမ္ဘာမြေမှာကျန်ရစ်တဲ့ Sparda ရဲ့နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့ မတူညီတဲ့အတွေးအခေါ်နဲ့လုပ်ရပ်တွေကြားက လွန်ဆွဲပွဲမှာ ဘယ်သူကအနိုင်ရမလဲဆိုတာကို ဖန်သားပြင်ပေါ်မှာ ကိုယ်ကိုယ်တိုင်ဝင်ဆော့ကစားရင်း တစ်ကွက်ချင်းဆီ ကြည့်နေရသလိုပါပဲ။ နောက်တစ်ချက်က Dante အနေနဲ့ လက်ရှိကာလ Devil May Cry timeline မှာ စီနီယာအကျဆုံးနဲ့ အတွေ့အကြုံအရှိဆုံး Legendary Devil Hunter တစ်ယောက်ဖြစ်လာဖို့ကို Devil May Cry 3 က အစပျိုးပေးခဲ့တာဖြစ်ပြီး စီးရီးတစ်လျှောက်မှာ အရေးပါတဲ့ Vergil, Lady အစရှိတဲ့ ဇာတ်ကောင်တွေရဲ့ ငယ်စဉ်ဘဝဖြစ်ကြောင်းဖြစ်စဉ်ကို အဲဒီအခွေမှာပဲ စတင်မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။



ညှိလို့မရအောင်ကွဲပြားလွန်းတဲ့အယူအဆကိုယ်စီနဲ့ ညီအစ်ကိုနှစ်ယောက်ကြားက သွေးသားရင်းချာတိုက်ပွဲ ⚔️🛡

ဘယ်လိုရှုထောင့်ကပဲကြည့်ကြည့် တစ်ချက်မဟုတ်တစ်ချက်မှာတော့ အကြိုက်တွေ့စေရမယ့် Dante လိုမျိုးဇာတ်ကောင်အတွက် သူလိုကိုယ်လို ထိပ်တိုက်ရင်ဆိုင်တွေ့ရမယ့် နောက်ထပ်ဇာတ်ကောင်တစ်ယောက်ကို ဂိမ်းထဲမှာထည့်သွင်းရမယ်ဆိုတာ သိပ်တော့လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ နောက်တစ်ချက်က အရှေ့မှာထွက်ခဲ့တဲ့ Devil May Cry 1 နဲ့ 2 အသီးသီးကြောင့် စီးရီးပရိသတ်တွေအားလုံးက Dante နဲ့ အတော်အတန်ရင်းနှီးပြီးသားလည်း ဖြစ်နေပါပြီ။ ဒါပေမယ့် ပထမဦးစွာချီးကြူးလိုက်ချင်တာက CAPCOM အနေနဲ့ ဒီနေရာမှာအတော့်ကိုပြောင်မြောက်တဲ့လုပ်ရပ်ကို စွမ်းဆောင်နိုင်ခဲ့တာပါပဲ။ စတိုင်ကျလွန်းပြီး ဟော့ဟော့ရမ်းရမ်းနေတတ်တဲ့ပုံစံကြောင့် လူကြိုက်များလွန်းတဲ့ Dante နဲ့ စီးရီးတစ်လျှောက်လုံးပြိုင်ဆိုင်ဖို့အတွက် သွေးအေးရက်စက်ပြီး ကြီးမားတဲ့ရည်ရွယ်ချက်ရှိတဲ့ ကိုယ့်ရဲ့သွေးသားရင်းချာအမြွာညီအစ်ကို Vergil ဆိုတဲ့ ဇာတ်ကောင်ကို ဖန်တီးရေးဆွဲနိုင်ခဲ့တာဟာ တကယ့်ကိုလက်ခုပ်တီး အမွမ်းတင်ရမယ့်လုပ်ရပ်ဖြစ်လို့ပါပဲ။ အမှန်အတိုင်းဝန်ခံရရင် ကျွန်တော့် တစ်သက်တာအကြိုက်ရဆုံး ဂိမ်းဇာတ်ကောင်တွေထဲက ထိပ်တန်းဝင်သူတစ်ယောက်ဟာ Vergil ပါပဲ။ Dante နဲ့ Vergil ဟာ အစစအရာရာမှာယှဉ်လို့ရလောက်ပေမယ့် တကယ်တမ်းမှာပြန်ကြည့်လိုက်မယ်ဆိုရင် Vergil ဟာ Dante ထက်ကိုပိုလို့တောင် ကြိုက်ချင်စဖွယ်ကောင်းနေပါသေးတယ်။ Yamato ဓါးကိုလက်မှာကိုင်ပြီး အသာယာလေးသပ်တင်ထားတဲ့ ဆံပင်စတိုင်နဲ့ Dante ထက်ပိုရုပ်ဖြောင့်သလို အတိုက်အခိုက်လည်းပိုကောင်းတဲ့ Sparda ရဲ့သားတစ်ယောက် ဖြစ်နေတာကြောင့် အဓိကဇာတ်ကောင်ဖြစ်သူ ကိုယ်တိုင်ထက်ကို နှာတစ်ဖျားသာနေတယ်လို့ ပြောမယ်ဆိုရင်တောင် မှားမယ်မထင်ပါဘူး။



ဇာတ်ဆောင်တိုင်းရဲ့ပါဝင်မှုကဏ္ဍကိုယ်စီနဲ့ ဂိမ်းဇာတ်အိမ်ကိုတဖြည်းဖြည်းမြှင့်တင်လာတဲ့ Storytelling နဲ့ Narrative 📚⛈

စဉ်းစားကြည့်လိုက်မယ်ဆိုရင် ဂိမ်းတစ်ခုလုံးမှာ ဇာတ်ကောင်များများစားစားမပါတာကို တွေ့ရပါလိမ့်မယ်။ ဒါပေမယ့် ဇာတ်ကြောင်းတစ်လျှောက်လုံးမှာထည့်သွင်းထားတဲ့ ဇာတ်ကောင်တွေနဲ့ သူတို့ရဲ့ကျရာကဏ္ဍမှာ ပါဝင်ရတဲ့ဇာတ်လမ်းဇာတ်ကွက်တွေဟာ အပိုအလိုမရှိအောင် မျှတမှုရှိပါတယ်။ Dante အနေနဲ့ သူ့ရဲ့ဖြစ်တည်မှုအစစ်အမှန်ဟာ ဘာမှန်းဆိုတာ အတွေးတစွန်းတစတောင်မရှိတဲ့အချိန်မှာ အစ်ကိုဖြစ်သူ Vergil ကတော့ လူသားမျိုးနွယ်နဲ့ နတ်ဆိုးသွေးရောထားတဲ့ Nephilim တစ်ယောက်အနေနဲ့ ဖခင်ဖြစ်သူ Sparda ရဲ့အဆုံးမဲ့တဲ့ပကတိအစွမ်းကို ရယူဖို့ တစ်ဆင့်ချင်းစီစတင်ပြင်ဆင်နေပါပြီ။ Vergil အနေနဲ့ သူဟာလူသားတစ်ယောက်ဖြစ်ချင်တဲ့ဆန္ဒရှိရင် ဖြစ်ခွင့်ရှိပေမယ့် ဟိုးငယ်စဉ်ဘဝကတည်း မိခင်ဖြစ်သူ Eva ရဲ့အသက်ဆုံးရှုံးမှုကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရတဲ့အတွက် ပျော့ညံ့အားနည်းတဲ့လူသားမျိုးနွယ်ဖြစ်ရတဲ့အပေါ်မှာ လိုလားတဲ့ခံစားချက်တစိုးတစင်းမှ မရှိပါဘူး။ Dante နဲ့မတူတဲ့ပတ်ဝန်းကျင်မှာ ရှင်သန်ကြီးပြင်းခဲ့ရသူ Vergil အနေနဲ့ မိခင်ရဲ့သေဆုံးမှုဟာ သူ့အတွက်ကြီးမားတဲ့စိတ်ဒဏ်ရာတစ်ခုလို ရင်ထဲမှာအမြစ်တွယ်လာခဲ့ပြီး ကိုယ့်ကိုယ်ကိုကာကွယ်နိုင်တဲ့ခွန်အားမရှိတဲ့အတွက် အခုလိုမျိုးအသက်ဆုံးရှုံးရတာဖြစ်တယ်ဆိုတဲ့ အယူအဆနဲ့ ဘဝတစ်လျှောက်လုံး အမှောင်ထဲမှာခရီးဆက်နေသူလည်းဖြစ်ပါတယ်။ Vergil လိုပဲ Sparda ရဲ့အစွမ်းကိုရယူချင်ပေမယ့် Sparda ရဲ့အသွေးအသားကိုလိုအပ်နေတဲ့ Arkham, ဖခင်ရဲ့စတေးမှုမှာ မိခင်ကိုဆုံးရှုံးလိုက်ရတဲ့အတွက် ပြန်လည်လက်စားချေဖို့ရည်ရွယ်ချက်နဲ့ ကိုယ့်ထူးကိုယ်ချွန်ပြီး Temen-Ni-Guru အထိလိုက်လာတဲ့ Lady, ကောင်းကင်ကြီးပြိုကျလို့ တစ်လောကလုံးအမှောင်ဖုံးဖုံး ကိုယ့်နဲ့မဆိုင်ရင် ဘာကိုမှဂရုမစိုက်ပေမယ့် မိသားစုတာဝန်အရ ကိုယ့်ရဲ့အမြွာညီအစ်ကိုအရင်းဖြစ်သူရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့လုပ်ရပ်တွေကို အဆုံးသတ်ကဘယ်လိုပဲဖြစ်ဖြစ် ရပ်တန့်ဖို့တာဝန်ရှိတဲ့ Dante, အစရှိတဲ့ဇာတ်ကောင်တွေရဲ့ နောက်ကြောင်းဖြစ်စဉ်တွေနဲ့ ဂိမ်းတစ်ခုလုံးရဲ့ဇာတ်အိမ်ကိုချိတ်ဆက်ထားတာ ထိမိပြီး ပီသပါတယ်။



ဝမ်းနည်းဖို့ကောင်းတဲ့အဆုံးသတ်ဇာတ်လမ်းနဲ့ Devil May Cry ဆိုတဲ့နာမည်ဖြစ်လာတဲ့နောက်ခံဇာတ်ကြောင်း 🖤🌫

DMC စီးရီးမှာထွက်သမျှဂိမ်းတွေကို ခုနှစ်တောက်လျှောက်အားပေးခဲ့ကြတဲ့ fan တွေကတော့ အထူးတလည်ပြောနေစရာ မလိုပါဘူး။ Devil May Cry ဆိုပြီး နာမည်ဖြစ်လာတဲ့ နောက်ခံဇာတ်ကြောင်းအနှစ်ချူပ်ကိုက Devil May Cry 3 ရဲ့ဇာတ်လမ်းအပြီးမှာ စခဲ့တာပါ။ Dante နဲ့ Vergil ရဲ့နောက်ဆုံးတိုက်ပွဲအပြီးမှာ Dante အနိုင်ရသွားခဲ့ပြီး အရေးနိမ့်သွားတဲ့ Vergil အနေနဲ့ သူတို့ညီအစ်ကိုနှစ်ယောက်ကြားက ကွဲပြားခြားနားမှု၊ မတူညီတဲ့ခံယူချက်အသီးသီးနဲ့ ရှင်သန်ကြီးပြင်းလာမှုတွေကို ကွဲကွဲပြားပြားနားလည်သွားပြီး အမြင်မှန်ရခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလိုအလင်းဝင်သွားချိန်မှာ အရာအားလုံးကနောက်ကျသွားခဲ့ပါပြီ။ အဲဒါကြောင့် Vergil အနေနဲ့ သူတစ်ကိုယ်ကောင်းဆန်စွာ စတင်ခဲ့တဲ့အရာတွေကို သူကိုယ်တိုင်အဆုံးသတ်ဖို့ ညီဖြစ်သူ Dante က နှစ်ယောက်အတူ လူ့လောကမှာရှင်သန်ဖို့ ခေါ်ခဲ့ပေမယ့်လည်း ငြင်းဆန်ပြီး Underworld မှနေရစ်ခဲ့ပါတယ်။ အဖြစ်အပျက်တွေအားလုံးအပြီးမှာတော့ အတွေးပေါင်းများစွာနဲ့ Dante တစ်ယောက် Temen-Ni-Guru ကနေ ဆင်းလာခဲ့ပါတယ်။ အဲဒီမှာ Dante ပြန်အလာကိုစောင့်နေတဲ့ Lady နဲ့ Dante တို့ပြောခဲ့တဲ့နောက်ဆုံးဒိုင်ယာလော့လေးတွေကို တင်ပြပေးလိုက်ပါတယ် 🥀💬

Lady: ရှင်ငိုနေတာလား?

Dante: မငိုပါဘူး.. အဲဒါမိုးစက်တွေပါ။

Lady: ဒါပေမယ့် မိုးကတိတ်သွားပြီလေ။

Dante: နတ်ဆိုးတို့မျက်ရည် ဘယ်တော့မှမြေခလေ့မရှိဘူး။ (Devils Never Cry)

Lady: ကျွန်မ သိတယ်။ ဒါပေမယ့်လည်း ဘယ်လိုပဲနတ်ဆိုးဖြစ်နေပါစေ၊ ကိုယ်ချစ်ရတဲ့သူတွေကို ဆုံးရှုံးလိုက်ရတဲ့အခါ သူတို့လည်း ဝမ်းနည်းကြေကွဲရလိမ့်မယ်လို့ ရှင်မထင်ဘူးလား။ (Maybe somewhere out there, even a devil may cry when he loses a loved one. Don’t you think?)

Dante: ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

Lady: ဒါနဲ့ ကျွန်မတို့ရဲ့အလုပ်အခုထိ မပြီးပြတ်သေးဘူး။

Dante: ဒါဆိုအခုပဲ စလိုက်ကြစို့။ အဲဒီအရာအတွက်ပဲ ငါအသက်ရှင်နေတာ။ ဒါငါ့ရဲ့ရူးသွပ်မှုပဲ။

အဲဒီလိုအဆုံးသတ်ဒိုင်ယာလေ့တွေအပြီးမှာ ဘေးနားပတ်လည်ဝိုင်းနေတဲ့ Demon တွေကို သူတစ်ပြန်ကိုယ်တစ်ပြန်တိုက်ခိုက်ရင်း Devil May Cry 3 ဇာတ်လမ်းပြီးဆုံးကြောင်းစာတန်းတတ်လာတာဖြစ်ပါတယ်။



Devil May Cry 3 အားတစ်ခေါက်ပြန်ပြောင်းသုံးသပ်ခြင်း စာရေးသူအနှစ်ချူပ် ✍️🌷

ကောင်းမွန်ပြောင်မြောက်တဲ့ဂိမ်းတစ်ခုရဲ့ဖွင့်ဆိုချက်ဟာ ရုပ်ထွက်ဂရပ်ဖစ်အဆင့်မြင့်မားမှု၊ နောက်ဆုံးပေါ်နည်းပညာနဲ့ စွမ်းဆောင်ရည်မြင့်ဂိမ်းအင်ဂျင်ထည့်သွင်းထားမှု အစရှိတာတွေ ပါဝင်မှဆိုတာဟာာ ရာခိုင်နှုန်းတစ်ခုတော့အထိမှန်ပါတယ်။ ကျွန်တော့်ရဲ့ကိုယ်ပိုင်အမြင်နဲ့ လက်ရာမြောက်တဲ့ဂိမ်းတစ်ခုကို အဓိပ္ပါယ်ဖွင့်ဆိုရမယ်ဆိုရင် ခိုင်မာပြီးယုတ္တိတန်တဲ့ ဇာတ်ကြောင်းဇာတ်အိမ်ဖွဲ့စည်းမှု၊ ရင်ထဲမှာစွဲထင်စေမယ့် ဇာတ်ကောင်ဖန်တီးတည်ဆောက်မှု၊ ရုပ်ထွက်ဂရပ်ဖစ်နဲ့ ကျင်လည်ရတဲ့ဂိမ်းလောက ထင်ဟပ်ကိုက်ညီမှုနဲ့ အချိန်မရွေးပြန်ဆော့တိုင်း ပြည့်မှီတဲ့ရသကိုပေးစွမ်းမှု အစရှိတဲ့အခြေခံအချက်တွေကို ကြည့်ပြီးဆုံးဖြတ်ပါတယ်။ ရုပ်ရှင်တစ်ကားလိုပဲ ဂိမ်းတစ်ခုမှာ မတူညီတဲ့ဇာတ်ကောင်အသီးသီးဟာ ကွဲပြားတဲ့ပါဝင်မှုအခန်းကဏ္ဍတွေမှာပါဝင်ပေမယ့် ဖန်သားပြင်ပေါ်ကအခန်းအားလုံး ပေါင်းစည်းလိုက်တဲ့အခါမှာ အဓိပ္ပါယ်ရှိတဲ့ဇာတ်အိမ်ဇာတ်ကွက်ကို ကွင်းကွင်းကွက်ကွက် ရုပ်လုံးပေါ်လာရင် ဒါဟာဂိမ်းကောင်းတစ်ခုလို့ သတ်မှတ်လို့ရပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေနဲ့ ကွဲပြားတဲ့အရေးကြီးအချက်တစ်ချက်က ဂိမ်းတွေမှာ ဆော့ကစားသူတွေဟာ ကိုယ်တိုင်ကိုယ်ကျဝင်ရောက်ပြီး ဖြစ်ပျက်သမျှကို တစ်ခန်းချင်းဆီရှုမြင်ခံစားနိုင်တာပါပဲ။ အဲဒါကြောင့်ပဲ ဂိမ်းတွေကို ကမ္ဘာနဲ့အဝှမ်း အသက်အရွယ်မရွေးပဲ ကျွန်တော်တို့တတွေဟာ ဆော့ကစားနေကြတာပါ။ အထက်ပါအချက်တွေနဲ့ ကိုက်ညီပြီး ကဏ္ဍအသီးသီးဟာ ဖန်တီးမှုလက်ရာမြောက်လွန်းတဲ့ ဒီဂိမ်းဟာ လက်ရှိမှာနောက်ဆုံး Devil May Cry 5 ထွက်လာပလေ့စေဦး DMC စီးရီးအတွက် ကျွန်တော့်ရဲ့နံပါတ်တစ်အခွေပါပဲ။ အထပ်ထပ်အခါခါဆော့ကစားရတာ ရိုးအီခြင်းအလျင်းမရှိသလို ခံစားမှုရသမြောက်တဲ့ဂိမ်းဖြစ်တာမို့ ဂိမ်မာတွေအားလုံးကိုလည်း အညွှန်းပေးလိုက်ရင်း Devil May Cry 3: Restrospective ဆောင်းပါးကို တင်ဆက်ပေးလိုက်ရပါတယ်။ ဒီလိုမျိုးနောက်ထပ်လာမယ့် စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာအသစ်တွေမှာ ပြန်လည်ဆုံတွေ့ကြပါမယ်လို့ပြောရင်း အားလုံးကိုနှုတ်ဆက်လိုက်ပါတယ်။

"Without strength, you cant protect anything, I know that"

"So...Devils cry, huh? Let's hear what that SOUNDS LIKE!"

Yan