Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Friday, May 17, 2019

အချိန်နဲ့အမျှ ပိုပိုပြီးကောင်းလာတဲ့ အခမဲ့ဂိမ်းကောင်းတစ်ခု ဒါမှမဟုတ် လက်ရှိ ၂၀၁၉ မှာ Warframe ကိုစဆော့သင့်သလား?



အားလုံးပဲ မင်္ဂလာပါ။ လက်ပ်တော့လေးလည်း ပြန်ကောင်းသွားပြီ အလုပ်ကိုလည်း အသေအချာအာရုံစိုက်လုပ်နိုင်ပြီတော့ အခုဒီပို့စ်လေးနဲ့အတူ စာဖတ်သူတွေအားလုံးကိုအကြောင်းအရာသစ်တစ်ခု တင်ဆက်ပေးဖို့ အချိန်ရောက်လို့လာပါပြီ။ ခေါင်းစဉ်မှာဖတ်လိုက်ရတဲ့အတိုင်း Warframe ဆိုတဲ့ဂိမ်းနဲ့ပတ်သက်ပြီး ဒီဆောင်းပါးမှာ သိသင့်သိထိုက်တာတွေပြောပြပေးသွားမယ့်အပြင် အခုလိုမျိုးဆက်သစ်ဂိမ်းတွေ အရမ်းလွှမ်းမိုးမှုအားကောင်းတဲ့အချိန်ကာလမျိုးမှာ ၂၀၁၃ ခုနှစ်ကတည်းက ထွက်ရှိထားတဲ့ Warframe လို ဂိမ်းမျိုးကို ဂိမ်မာတွေအနေနဲ့ ဆော့သင့်မဆော့သင့်ဆိုတာကိုပါ တစ်ခါတည်းလမ်းညွှန်ပြောပြပေးသွားမှာဖြစ်ပါတယ်။ ထွက်ရှိမှုသက်တမ်း ၆ နှစ်တိုင်တိုင်ရှိခဲ့ပြီဖြစ်တဲ့ ဒီ Warframe ဂိမ်းကို ဂိမ်မာတော်တော်များများလည်း သိပြီးသားဖြစ်သလို ဆော့ခဲ့ဖူးသူတွေလည်း ရှိကြမှာပါ။ ဒီဆောင်းပါးကိုရေးဖြစ်တဲ့အကြောင်းအရင်းကတော့ Warframe ဆိုတဲ့ဂိမ်းကိုဘယ်လိုရည်ရွယ်ချက်နဲ့ ဖန်တီးခဲ့လဲ? ဂိမ်းတစ်ခုဖြစ်လာဖို့အတွက် အခက်အခဲတွေနဲ့ အတားအဆီးတွေ ဘယ်လိုရှိလဲ? နောက်ပြီး Warframe ဂိမ်းဖန်တီးရေးဆွဲသူအဖွဲ့ဖြစ်တဲ့ Digital Extremes ကရော စိတ်အားပြင်းပြစွာနဲ့ ဆော့ကစားသူတွေအားလုံး ဂိမ်းတစ်ခုတည်းမှာ ကာလကြာရှည်စွာကစားနိုင်ဖို့ ဘယ်လောက်တောင် ကြိုးပမ်းအားထုတ်ခဲ့ရသလဲဆိုတာကို ဂိမ်မာအားလုံးကိုသိစေချင်တဲ့အပြင် အဓိကကတော့ ကိုယ်ဟာဂိမ်မာတစ်ယောက်အနေနဲ့ ဒီဂိမ်းကိုဆော့ရတာ ဘယ်လောက်ထိကောင်းသလဲဆိုတာကို ပြောပြချင်တာဖြစ်ပါတယ်။ ကဲ အားလုံးအဆင်သင့်ဖြစ်ပြီဆို စလိုက်ကြစို့ဗျာ။



Warframe ဆိုတာဘာလဲ?

Warframe ဆိုတာ ကနေဒါနိုင်ငံအခြေစိုက် ဂိမ်းကုမ္ပဏီ Digital Extremes က ဖန်တီးရေးဆွဲထုတ်လုပ်တဲ့ဂိမ်းဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပါတယ်။ ဂိမ်းလောကနဲ့ ဈေးကွက်မှာနာမည်တစ်စွန်းတစ်စတောင်မရှိတဲ့ Digital Extremes အတွက် သူတို့ကိုယ်တိုင်ဖန်တီးပြီး ထုတ်လုပ်တဲ့ Warframe ဂိမ်းဟာ ကုမ္ပဏီနဲ့ စတူဒီယိုရဲ့နောက်ဆုံးကျည်ဆန်လို့ဆိုရလောက်အောင်ကို မျှော်လင့်ချက်မဲ့နေတဲ့ကြားက အချိန် ၁၁ တစ်လအတွင်းမှာ ပြီးစီးအောင်တည်ဆောက်ပြီး ထုတ်ခဲ့ရတဲ့ဂိမ်းဖြစ်ပါတယ်။ လိုအပ်ချက်ပေါင်းများစွာရှိတဲ့အပြင် ပြီးပြည့်စုံမှုနဲ့ကင်းကွာတဲ့အနေအထားမှာ ထွက်ရှိလာခဲ့တဲ့ Warframe ဂိမ်းဟာ ထွက်ရှိလာပြီးချိန် ခဏအတွင်းမှာပဲ လူမသိသူမသိနဲ့ တဖြည်းဖြည်းတိမ်မြှုုပ်သွားရတော့မယ့် အနေအထားမှာရှိတယ်လို့ အစမ်းဆော့ခဲ့တဲ့သူများရော၊ ဂိမ်းအကြောင်းသုံးသပ်သူများကပါ မှန်းဆထားတဲ့ ဂိမ်းတစ်ခုဖြစ်ခဲ့ပါတယ်။ အဲလောက်တောင် အခြေအနေဆိုးတဲ့ဂိမ်းတစ်ခုက ဘယ်လိုမျိုးကံကောင်းထောက်မခြင်းတွေနဲ့ ကြုံတွေ့ခဲ့လို့ ဆော့ကစားမှုအများဆုံးဂိမ်းတွေထဲကတစ်ခု၊ ကစားသူပေါင်း ၅၀ မီလီယံမှတ်တမ်းရှိတဲ့ဂိမ်းအခြေအနေအဖြစ် ရုတ်ချည်းပြောင်းလဲခဲ့တာပါလဲ?



ရည်ရွယ်ချက်ကောင်းတဲ့ Digital Extremes နဲ့ တစတစအသွင်ပြောင်းလာတဲ့ Warframe ဂိမ်း

Warframe ဂိမ်းဟာ ဆိုးရွားလွန်းတဲ့အချိန်တော်တော်များများကို ဖြတ်သန်းခဲ့ရလို့ ဘယ်သူကမှ တစ်ချိန်မှာ လူဆော့အများဆုံးဖြစ်လာမယ့် ဂိမ်းတစ်ခုလို့ မထင်မှတ်ခဲ့ပါဘူး။ တကယ်တမ်းမှာလည်း ဒီဂိမ်းရဲ့ဦးတည်ချက်နဲ့ သွင်ပြင်ဟန်ပန်ပြောင်းလာစေတာကလည်း ဂိမ်းဖန်တီးရတဲ့ရည်ရွယ်ချက်နဲ့ စိတ်ရင်းခံကောင်းတဲ့ Digital Extremes ပါပဲ။ Digital Extremes အနေနဲ့ Warframe ဂိမ်းကိုဖန်တီးတည်ဆောက်တဲ့နေရာမှာ ရည်ရွယ်ချက်တစ်ခုတည်းနဲ့ ဂိမ်မာအားလုံးရဲ့အကျိုးကိုမျှော်ကိုးပြီး ဖန်တီးပေးခဲ့တာပါ။ အဲဒါဘာလည်းဆိုတော့ အချိန်အခါမရွေးပဲဆော့နိုင်ပြီး ကိုယ်ကြိုက်တဲ့အချိန်မှာ ပြန်ဝင်ရောက်ကစားနိုင်သလို ပေါ့ပါးသွက်လက်တဲ့ ဂိမ်းအတွေ့အကြုံအသစ်ကိုပေးစွမ်းမယ့် ဂိမ်းချစ်သူအားလုံးဆော့နိုင်တဲ့ Sci-fi အာကာသလောကရဲ့ အခမဲ့ဂိမ်းတစ်ခုကို ဖန်တီးပေးဖို့ဖြစ်ပါတယ်။ ဂိမ်းကိုဝယ်ယူခြင်းကရတဲ့ အမြတ်အစွန်းနဲ့ ဂိမ်းတွင်းပစ္စည်းတွေကတဆင့်ရတဲ့ အခကြေးငွေတွေကို မက်မောတဲ့စိတ်အလျင်းမရှိပဲ သန့်စင်ကောင်းမွန်တဲ့ရည်ရွယ်ချက်ကောင်းနဲ့ ဖန်တီးခဲ့တဲ့အကျိုးတွေဟာ ဂိမ်းထွက်ရှိအပြီးနောက်ထပ်အချိန်နှစ်နှစ်အတွင်းမှာ ပြန်လည်ထင်ဟပ်လို့လာပါပြီ။


အချိန်တွေဘယ်လောက်ပြောင်းပြောင်း အိုဟောင်းမသွားနိုင်တဲ့ Warframe ဂိမ်းကစားဟန်နဲ့ လတ်ဆတ်သစ်လွင်တဲ့အာကာသလောကသစ်

Warframe ဟာ ဘာကြောင့်အခြေအနေပြောင်းလဲခဲ့သလဲလို့မေးရင် ယေဘုယျအဖြေကတော့ ဂိမ်းရဲ့အချိန်နဲ့အမျှတိုးတက်ကောင်းမွန်လာအောင် ထိန်းသိမ်းမွန်းမံမှုနဲ့ အမြဲတမ်းဖန်တီးမှုအသစ်တွေကို ထည့်သွင်းပေးတဲ့ Update တွေကြောင့်လို့ ဖြေရမှာပါ။ ၂၀၁၃ ခုနှစ်မှာထွက်ရှိခဲ့တဲ့ပုံစံအတိုင်းသာ အခုချိန်မှာဆော့ရမယ်ဆိုလို့ကတော့ အခုအချိန် ဒီဆောင်းပါးရေးဖို့နေနေသာသာ မိနစ်အနည်းငယ်လောက်ဆော့ပြီး စက်ထဲက ပြန်ဖျက်ကောင်းဖျက်မိလိုက်မိမှာပါ။ အဓိကကတော့ ၂၀၁၃ မှာထွက်ထားတဲ့ဂိမ်းရဲ့ကျောရိုးခံစနစ်ကို အမျိုးအစားမတူတဲ့ပြန်လည်ဆန်းသစ်မှုအသစ်သစ်တွေ ပေါင်းထည့်ခြင်းကြောင့် ဂိမ်းဟာတစတစ အောင်မြင်မှုရရှိလာခဲ့တာပါ။ နောက်တစ်ချက်က ခြောက်နှစ်စာပြင်ဆင်မွန်းမံမှုတွေအပြင် Warframe ရဲ့နဂိုရှိရင်းစွဲဂိမ်းကစားဟန်ကြောင့်လည်း ဒီဂိမ်းဟာ တစ်မူထူးခြားပြီးအတုမရှိတဲ့ပုံစံနဲ့ ပေါက်မြောက်သွားခဲ့တာပါ။ Warframe ဂိမ်းဟာ Third Person Sci-fi Shooter Looter ဂိမ်းအမျိုးအစားဖြစ်ပြီး ဂိမ်းမှာအဓိကအကျဆုံးလို့ဆိုနိုင်တဲ့ လှုပ်ရှားမှုစနစ်ဟာ လွတ်လပ်တယ်၊ ပေါ့ပါးသွက်လက်တယ်၊ အကန့်အသတ်မဲ့သလို လိုသလိုသွားလာနိုင်တယ်၊ အဲသလိုလှုပ်ရှားနေတဲ့ကိုယ့်ရဲ့ Warframe ကိုဖန်သားပြင်ပေါ်မှာကြည့်ရတဲ့ ခံစားမှုက ဘာနဲ့မှလဲမရတဲ့ ကျေနပ်မှုကိုပေးစွမ်းတယ်။ ဒါ့အပြင် ကိုယ်အားသန်တဲ့တိုက်ခိုက်မှုပုံစံကို ရွေးချယ်ပြီး ရန်သူကိုရင်ဆိုင်တိုက်ခိုက်ရုံသာမက ဂိမ်းတစ်ခုလုံးကို ကိုယ့်စိတ်ကြိုက်ကစားဟန်နဲ့ အပြီးသတ်ဆော့ကစားနိုင်တယ်။ လေဆာထုတ်တဲ့သေနတ်ကနေ ငွေအတိနဲ့လုပ်ထားတဲ့လေးနဲ့မြှားအထိ၊ ခါးမှာချိတ်တဲ့ဓားမြှောင်ကနေ ပုခုံးပေါ်ထမ်းတင်ထားတဲ့ ခန္ဓာကိုယ်တစ်ရပ်စာရှည်တဲ့ဓါးအထိ လက်နက်ရွေးချယ်မှုက စုံလင်လွန်းတယ်။ အဲ ဒါတင်မကသေးဘူး၊ လက်နက်တွေသုံးရတာ မနှစ်မြို့ဘူးလို့ဆိုနေသူတွေအတွက် Warframe တစ်ကောင်မှာ စွမ်းရည်လေးမျိုးပါတယ်၊ လက်ရှိမှာ Warframe ပေါင်း ၃၈ ကောင်ရှိပြီး တစ်ယောက်ချင်းစီမှာ ကွဲပြားခြားနားတဲ့အသွင်အပြင်တွေနဲ့ စွမ်းရည်တွေရှိတယ်ဆိုတော့ အမျိုးအစားမတူတဲ့ဂိမ်မာတွေအားလုံးဆော့ကစားနိုင်တယ်။ ပြောရမယ်ဆိုရင် ဒီအချက်တွေကြောင့် Warframe ဂိမ်းဟာ အခုလိုမျိုးဆက်သစ်ဂိမ်းတွေ နေရာအကြီးကြီးယူထားချိန်မှာတောင် လက်မထောင်ထားနိုင်တာဖြစ်ပါတယ်။


 
လက်ရှိ ၂၀၁၉ မှာ Warframe ဂိမ်းကိုဘာကြောင့်စဆော့သလဲဆိုတဲ့အကြောင်းနဲ့ စာရေးသူအနှစ်ချူပ် 🤓✏️

Warframe ဂိမ်းဟာ အခုလက်ရှိအချိန်မှာဆိုရင်တော့ Steam ပလက်ဖောင်းမှာ ဆော့ကစားမှုအများဆုံးနံပါတ်လေးနေရာရရှိထားပြီး “Ninja Play Free” ဆိုတဲ့ Warframe ဂိမ်းရဲ့ဆောင်ပုဒ်အလိုက် ဂိမ်းကို ဆော့ကစားချင်သူအားလုံးအတွက် အခမဲ့အနေနဲ့ ဒေါင်းလုဒ်ဆွဲပြီးဆော့ကစားရုံပါပဲ။ Warframe ဟာ Destiny နဲ့ Skyrim တို့လိုနာမည်ကျော်လူသိများတဲ့ ဂိမ်းများနဲ့ အလားတူအနေအထားမှာ နှိုင်းယှဉ်ချင်းခံရတဲ့ဂိမ်းလည်းဖြစ်ပြီး ဂိမ်းရဲ့ပေးစွမ်းတဲ့ခံစားမှုရသနဲ့ ဂိမ်းတွင်းအတွေ့အကြုံအလိုက် သူ့ကဏ္ဍနဲ့နဲ့သူ လွတ်လပ်စွာရပ်တည်နေတဲ့ဂိမ်းလည်းဖြစ်ပါတယ်။

အချိန်နည်းနည်းလောက်ပေးပြီးသာ စမ်းဆော့ကြည့်လိုက်ပါ၊ Tenno တွေရဲ့အမိုက်စားတိုက်ခိုက်ကွက်တွေနဲ့ ခုန်ပျံကျော်လွှားလှုပ်ရှားမှုတွေကို အံ့မခန်းစွဲလမ်းသွားမယ်ဆိုတာ အာမခံပါတယ်။ ကမ္ဘာ၊ မာကျူရီ၊ ဗီးနပ်စ်၊ ဂျူပီတာ၊ မားစ် အစရှိတဲ့ဂြိုလ်တွေနဲ့အတူ Plains of Eidolon နဲ့ Fortuna လိုကွင်းပြင်ကျယ်တွေမှာ များပြားတဲ့လျှို့ဝှက်ချက်တွေကို ရှာဖွေရင်း ကြိုက်သလောက်သာအပျော်ရှာကြဖို့လည်း နှိုးဆော်လိုက်ရပါတယ်။ လက်နက်တွေနဲ့ Frame တွေကို Grind လုပ်ပါ၊ Farm ပါ။ ကျွန်တော်ကိုယ်တိုင်လည်း နာရီပေါင်း ၅၀၀ နီးပါးတိုင်တိုင်ဆော့ကစားခဲ့ပြီးတာတောင် အခြားလုပ်ဆောင်စရာတွေ မြောက်မြားစွာကျန်ရှိနေပါသေးတယ်။ ပြောချင်တာကတော့ ဒီလောက်ပါပဲ။ ဒီဆောင်းပါးနဲ့အတူ လူမသိသူမသိတိမ်မြှုပ်နေတဲ့ တန်ဖိုးကြီးကျောက်မျက်ရတနာတစ်ခုလိုဖြစ်နေတဲ့ ဂိမ်းမို့လို့ ညွှန်းရခြင်းလည်းဖြစ်ပါတယ်။ ဆော့ရင်းဆော့ရင်း နားလည်လာမှာက ဒီဂိမ်းဟာ ဒေါ်လာ ၆၀ တန်ဖိုးပေးပြီးဝယ်ရတဲ့ အချို့သော AAA ဂိမ်းတွေထက်တောင် ဆပေါင်းများစွာသာလွန်ကောင်းမွန်နေတယ်ဆိုတာပါပဲ။ ဖတ်ရှုမှုတွေအတွက် ကျေးဇူးတင်ပါတယ်။ နောက်ထပ် အခုလိုမျိုးဂိမ်းဆောင်းပါးတွေမှာ ပြန်လည်တွေ့ဆုံကြပါမယ်။ အမျိုးအစားစုံလင်တဲ့ အကြောင်းအရာသစ်တွေနဲ့အတူ နောက်တစ်ခေါက် ဂိမ်းဆောင်းပါးမှာ ပြန်လာခဲ့ပါဦးမယ် 💙

ဂိမ်းအတွင်းမှာပါဝင်တဲ့ Warframe ဇာတ်ကောင်တွေရဲ့ဓါတ်ပုံတွေကု အားလုံးကြည့်ရှုနိုင်အောင်လို့ပါ တစ်ခါတည်းတွဲတင်ပေးလိုက်ပါတယ်။ အောက်ကပုံတွေကိုထောက်ပြီး ဂိမ်းအတွင်းမှာပါဝင်တဲ့ Warframe များကို ဆက်လက်ကြည့်ရှုနိုင်ပါတယ် ➡️➡️