ဇန်နဝါရီလဟာ စွေ့ကနဲကောက်ကာငင်ကာ ကုန်ချသွားတာနဲ့တစ်ပြိုင်တည်း ၂၀၂၀ ရဲ့ဖေဖော်ဝါရီလထဲကို ရောက်ရှိလာခဲ့ပါပြီ။ ဂီတလောလကဘက်မှာ နှစ်စဉ်ကျင်းပဆဲဖြစ်တဲ့ ၆၂ ကြိမ်မြောက် ဂရမ်မီဂီတဆုပေးပွဲကြီး ပြီးဆုံးသွားခဲ့သလို ရုပ်ရှင်လောကမှာလည်း ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကမှ အော်စကာရုပ်ရှင်ဆုပေးပွဲကြီး ပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်ရဲ့ အော်စကာရုပ်ရှင်ဆုပေးပွဲဟာ နယ်ပယ်အသီးသီးက အနုပညာချစ်သူပရိသတ်များ အတော်လေးရင်သပ်ရှုမောခဲ့ရတဲ့ပွဲသလို အနုပညာစွမ်းပကားပြောင်မြောက်တဲ့သရုပ်ဆောင်များလည်း အတော်လေးပွဲကြပ်ခဲ့တဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်။ ဒီတော့ဗျာ ဂီတနဲ့ ရုပ်ရှင်ပြီးပြီဆိုတော့ နောက်ထပ်အနုပညာဖန်တီးမှုတစ်မျိုးဖြစ်တဲ့ ဗီဒီယိုဂိမ်းတွေဖက်ကရော ဘယ်လိုမျိုးပွဲမျိုး၊ အခမ်းအနားမျိုးရှိလည်း? ခေတ်တစ်ခေတ်ရဲ့အချိန်ကာလနဲ့ လူသားမျိုးနွယ်ဆင့်ကဲပြောင်းလဲမှုကို အရောင်ထင်ဟပ်တဲ့ ဂိမ်းကောင်းတွေကရော ဘယ်တော့ထွက်လာကြမှာလဲ? အဲဒီအတွက်ကတော့ မကြာသေးခင်ကမှ ဂိမ်းလောကတစ်ခွင်မှာ ရိုက်ခတ်မှုတစ်ချို့ဖြစ်ခဲ့တဲ့ Ubisoft ရဲ့ထုတ်ဖော်ပြောကြားချက်ကို ကြည့်လိုက်ကြရအောင် 🤓
ဖေဖော်ဝါရီလ ၆ ရက်နေ့ကပြုလုပ်ခဲ့တဲ့ financial call မှာ Ubisoft အနေနဲ့ ၂၀၂၁ ခုနှစ်၊ ဧပြီလကိုမရောက်ခင်အချိန်အတွင်း Triple-A (AAA) ဂိမ်းပေါင်း ၅ ခုကို ထုတ်ပေးသွားမှာဖြစ်ကြောင်း အတိအလင်းကြေညာခဲ့ပါတယ်။ ဂိမ်းလောကထဲမှာ နာမည်ကောင်းတစ်ခုနဲ့ရပ်တည်နေပြီး action-adventure နဲ့ action-shooter ဂိမ်းအမျိုးအစားတွေကို သပ်ရပ်ပြောင်မြောက်လာတဲ့တီထွင်ဆန်းသစ်မှုတွေနဲ့ တစ်မျိုးတစ်ဖုံပြောင်းလဲခဲ့တဲ့ Ubisoft ဆီက တိုက်ရိုက်လာတဲ့သတင်းဖြစ်တာကြောင့် ဂိမ်မာတွေရော၊ ဂိမ်းမီဒီယာတွေများကပါ Ubisoft ရဲ့ နောက်လာမယ့်ခြေလှမ်းက ဘာလဲဆိုတာ သိချင်စိတ်ပြင်းပြလာကြပါပြီ။ နိုး နိုး နိုး သတင်းက ဒါနဲ့တင်အဆုံးမသတ်သေးပါဘူး၊ အဲဒီလိုထွက်ရှိလာမယ့် ဂိမ်းငါးခုစလုံးကို ပရိသတ်တွေခန့်မှန်းရအောင် သိုဝှက်ထားတာမဟုတ်ဘဲ ဂိမ်းသုံးခုရဲ့နာမည်ကိုပါ ထုတ်ဖော်ပြောကြားသွားခဲ့တာဖြစ်ပါတယ် 🙌
ကဲ ၂၀၂၁ ခုနှစ်မရောက်ခင်ထုတ်သွားမယ့် Ubisoft ရဲ့ဂိမ်းငါးမျိုးထဲက ခေါင်းစဉ်သုံးခုကတော့ Watch Dogs: Legion, Gods & Monsters နဲ့ Rainbow Six Quarantine တို့ပဲဖြစ်ကြပါတယ်။ ကျန်တဲ့နှစ်ခုက ဘာဂိမ်းတွေဖြစ်မလဲဆိုတာကို သိချင်နေတဲ့သူတွေအတွက်လည်းမပူပါနဲ့၊ Ubisoft က တရားဝင်မပြောပြခဲ့လည်း ကျန်တဲ့ဂိမ်းနှစ်ခုက Viking နောက်ကြောင်းနဲ့ဇာတ်အိမ်တည်ထားတဲ့ Assassins Creed နဲ့ Far Cry ဂိမ်းသစ်ဖြစ်တယ်လို့ Kotaku ကအယ်ဒီတာ Jason Schreier က Twitter မှာပြောကြားခဲ့ပါတယ်။ ဒီလောက်ဆိုရင် လာမယ့် ၂၀၂၁ ခုနှစ်အထိ Ubisoft ရဲ့ပစ်မယ့်ကျည်ဆံတွေကို အားလုံးမှန်းဆလို့ရပြီထင်ပါတယ်၊ စာရေးသူမြင်တာကတော့ အချိန်စောပြီးကြေညာထားတဲ့ဂိမ်းတွေနဲ့ Ubisoft ဆိုတဲ့နာမည်ကို ဂိမ်းလောကမှာ ထင်သာမြင်သာရှိနေအောင် ဖြန့်ကျက်ထားပြီး အသစ်စက်စက် AC နဲ့ Far Cry ဂိမ်းတို့ကို အချိန်ကောင်းမှာ ပွင့်ထွက်သွားအောင်ပစ်ထည့်မယ့် ဗျူဟာမှာရှိနေပါတယ်။ မျိုးဆက်သစ်ဂိမ်းစက်ဖန်တီးသူများ (Google Stadia မပါ) ကိုယ်တိုင်ကလည်း အကြိတ်အနယ်ယှဉ်ပြိုင်နေကြသလို ဂိမ်းကောင်းတွေထွက်ရှိလာဖို့အတွက်လည်း ဂိမ်းကုမ္ပဏီကြီးတွေက သူ့ထက်ငါအပြိုင်ကြိုးစားလို့နေပါတယ်။ ဘာတွေပဲပြောပြော ပွဲကတော့လှသထက်လှလာဖို့ပဲရှိပါတယ်၊ ဘာတွေဖြစ်လာဦးမှာလဲဆိုတာတော့ ဂိမ်မာများပီပီ လက်တွဲပြီးအတူစောင့်ကြည့်ကြတာပေါ့ 🤝💜
Yan