
၂၀၁၇ ခုနှစ်ကထွက်ရှိခဲ့တဲ့ CAPCOM ရဲ့ Monster Hunter World ဂိမ်းဟာ ဂိမ်းလောကတစ်ခွင်မှာလူကြိုက်များပြီး ကျယ်ပြန့်ကြီးမားတဲ့ဂိမ်းလောကနဲ့ သူမတူထူးခြားတဲ့ဂိမ်းစနစ်တည်ဆောက်မှုတွေကြောင့် ပရိသတ်အကြိုက်ဘဝင်ခိုက်ခဲ့ရတဲ့ လက်ရာမြောက်ဂိမ်းတစ်ခုဆိုရင်လည်း မမှားပါဘူး။ ထွက်ရှိလာချိန်ကတည်းက အခု ၂၀၂၀ ခုနှစ်ရောက်တဲ့အထိ အချိန်သုံးနှစ်တာကာလအတွင်း ဆော့ကစားသူသန်းပေါင်းများစွာရှိခဲ့ပြီး လက်ရှိအချိန်အထိကို ကစားသူတွေစဉ်ဆက်မပြတ် ရှိနေသေးတဲ့အတွက် Monster Hunter franchise ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး CAPCOM ဘက်က ဘာတွေဆက်လုပ်သွားမလဲဆိုတာ အားလုံးကသိချင်နေကြပါတယ်။ အဲဒီလိုအောင်မြင်ခဲ့တဲ့ Monster Hunter ဂိမ်းရဲ့ အနာဂတ်ခြေလှမ်းတွေထဲက ပရိသတ်တွေကိုဖမ်းစားနိုင်ခဲ့တဲ့ အကြောင်းအရာတစ်ခုကတော့ ရက်စက်ကြမ်းကြုတ်လှတဲ့ ဂိမ်းထဲကသတ္တဝါပေါင်းများစွာကို ရုပ်ရှင်ဖန်သားပြင်ထက်မှာ လက်တွေ့အဆန်ဆုံးပုံစံနဲ့ အံ့မခန်းကြည့်ရှုကြရမယ့် Monster Hunter Live Action ရုပ်ရှင်ဇာတ်ကားပါပဲ။ Resident Evil ရုပ်ရှင်ဇာတ်ကားစီးရီးရဲ့ ဒါရိုက်တာဖြစ်သူ Paul W. S. Anderson ကိုယ်တိုင် Monster Hunter ဇာတ်ကားကို အသက်သွင်းဖန်တီးနေပြီဆိုတဲ့ သတင်းဟာ ၂၀၁၂ ခုနှစ်ကတည်းက မီဒီယာတွေကြားမှာ ပြန့်နှံ့နေခဲ့တာမှန်ပေမယ့် တကယ်တမ်း ၂၀၁၇ ခုနှစ်နှောင်းပိုင်းမှာမှ ပြင်ဆင်မှုစတင်ခဲ့တာဖြစ်ပါတယ်။ Monster Hunter World ဂိမ်းဟာ ဂိမ်းလောကတစ်ခွင်မှာ ပရိသတ်တွေရဲ့အသည်းစွဲဂိမ်းတစ်ခုဖြစ်တဲ့အပြင် CAPCOM ရဲ့အရည်အသွေးမြင့်ထုတ်ကုန်တစ်ခုဖြစ်တာကြောင့် လာမယ့် Monster Hunter Live Action ရုပ်ရှင်ကားကရော ဘယ်လိုမျိုးအကောင်းဆုံးတွေပြင်ဆင်ထားမလဲဆိုတာ တစ်ချက်လောက်ကြည့်လိုက်ရအောင်လားဗျာ 🤓🎬
Monster Hunter ဆိုတဲ့နာမည်နဲ့ အရည်အသွေးမြင့်ရုပ်ရှင်ဇာတ်ကားအဖြစ် ပွဲထွက်လာမယ့် Monster Hunter ဇာတ်ကားမှာ ပရိသတ်တွေတွေ့မြင်ရမယ့် အဓိကသရုပ်ဆောင်တွေကတော့ အထွေအထူးမိတ်ဆက်ပေးစရာမလိုလောက်အောင် အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ Resident Evil ရုပ်ရှင်တစ်လျှောက်လုံးရဲ့ အဓိကဇာတ်ဆောင်မင်းသမီး Milla Jovovich, ပြင်းထန်လှတဲ့တိုက်ကွက်တွေနဲ့ ဒူး၊ တံတောင်ကိုအသုံးချတဲ့ မွေထိုင်းရိုးရာသိုင်းကို အလှအပဆုံးဖော်ကျူးနိုင်တဲ့ Ong-back ဇာတ်ကားရဲ့မင်းသား Tony Jaa, အမေရိကန်အတ္တလန်တမြို့ရဲ့ Trap ရက်ပ်ဂီတကို ဦးဆောင်ဖန်တီးခဲ့တဲ့လက်ဦးဆရာဖြစ်သူ T.I အစရှိတဲ့နာမည်ကျော်တွေအပြင် အခြားသောသရုပ်ဆောင်များဖြစ်တဲ့ Ron Perlman, Diego Boneta နဲ့ Meagan Good တို့က ကျရာနေရာကနေ အကောင်းဆုံးပါဝင်အားဖြည့်ထားကြပါတယ်။ ဒီ Monster Hunter ဇာတ်ကားကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလအတွင်း တောင်အာဖရိကရဲ့ Cape Town မှာသွားရောက်ရိုက်ကူးထားတယ်လို့သိရပြီး Constantin Film က တာဝန်ယူရိုက်ကူးပေးထားတာဖြစ်ပါတယ်။ အကြမ်းဖျင်းဖော်ပြထားတဲ့ဇာတ်လမ်းကျောရိုးကတော့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ (United Nation) ရဲ့အထူးစစ်တပ်ဟာ Portal တစ်ခုကတဆင့် လူသားတွေနဲ့ ခွန်အားကြီးသတ္တဝါတွေ အချင်းချင်းတိုက်ခိုက်ကြတဲ့ အမည်မသိကမ္ဘာတစ်ခုဆီရောက်ရှိသွားရာကနေ ဇာတ်လမ်းစတင်မှာဖြစ်တယ်လို့ သိရပါတယ်။ Live Action ဇာတ်ကားထဲမှာ ဘယ်လိုမျိုးပကတိထိတ်လန့်ဖွာကောင်းတဲ့ သားရဲသတ္တဝါကြီးတွေကိုမြင်ရမလဲ? လူသားတွေဘက်ကရော ဘယ်လိုအစွမ်းထက်တဲ့လက်နက်တွေနဲ့ ပြန်လည်တိုက်စစ်ဆင်ခုခံမလဲ? ဇာတ်လမ်းတည်ဆောက်ပုံနဲ့ ဂိမ်းပရိသတ်တွေကို ဘယ်လိုဆွဲဆောင်သွားမလဲ? အစရှိတာတွေကတော့ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရတော့မှာပါ 🦕🌳
CAPCOM ရဲ့နာမည်ကျော်ဂိမ်းကို အခြေခံထားတဲ့ Monster Hunter Live Action ရုပ်ရှင်ကို Sony Pictures Releasing ကအမေရိကန်အတွက်၊ Tencent Pictures ကတရုတ်အတွက်နဲ့ Toho Towa ကဂျပန် အသီးသီးဖြန့်ချိသွားကြမှာဖြစ်ပါတယ်။ ထွက်ရှိလာမယ့်ရက်စွဲကတော့ သိပ်မကြာတော့တဲ့ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့ဖြစ်တယ်လို့ အတိအလင်းကြေညာထားတဲ့အတွက် ဂိမ်မာများအနေနဲ့ အချိန်ဘယ်လောက်မှစောင့်နေရတော့မှာမဟုတ်ပါဘူး။ အောင်မြင်ကျော်ကြားထားပြီးသား နာမည်ကျော်ဂိမ်းများကို ရုပ်ရှင်သရုပ်ဆောင်များနဲ့ အစားထိုးပြီး Live Action ဇာတ်ကားတွေအဖြစ် ပြန်လည်အသက်သွင်းရိုက်ကူးတဲ့အခါ ဘယ်လောက်တောင်မှ မှန်းချက်နဲ့နှမ်းထွက်မကိုက်တတ်သလဲဆိုတာ ဂိမ်းလောကသားတွေအသိဆုံးဖြစ်ပါတယ်။ ဆိုတော့ကာ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလမှာ ထွက်လာမယ့် CAPCOM ရဲ့ Monster Hunter ဇာတ်ကားကရော ဘယ်လိုတွေအကြောင်းဖန်လာဦးမှာလဲ ဆိုတာကတော့ ဂိမ်းချစ်သူတွေအကုန် စောင့်မျှော်ရင်း အကဲဖြတ်သုံးသပ်ကြရမှာပါ။ အချိန်နှစ်လလောက်ပဲ စောင့်ရမှာဖြစ်တာကြောင့် Monster Hunter ဇာတ်ကားဟာ ဘယ်လိုပုံစံနဲ့ အားလုံးဆီရောက်ရှိလာမှာလဲဆိုတာ မကြာခင်သိရှိရတော့မှာဖြစ်ပါတယ်။ အားလုံးပဲ ဒီသတင်းလေးကိုဖတ်ရင်း ကျေနပ်ကြလိမ့်မယ်ထင်ပါတယ်။ အခုလိုပဲ ဂိမ်းလောကတစ်ခွင်ကစိတ်ဝင်စားဖို့ကောင်းတဲ့ သတင်းအကြောင်းအရာဆောင်းပါးတွေကို အချိန်မှန်တင်ဆက်သွားမှာဖြစ်တာကြောင့် အားလုံးပဲစောင့်ဆိုင်းနိုင်ပါတယ်။ ဖတ်ရှုသူများအားလုံးကို ကျေးဇူးအထူးပဲတင်ရှိပါတယ်။ မကြာခင်မှာ ကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ် 💚💚

Yan