Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Tuesday, March 13, 2018

သခင်မဲ့ဆာမူရိုင်း ဒါမှမဟုတ် လေလွင့်ဓါးသမားလို့ လူတွေသိကြတဲ့ ရိုနင်တွေအကြောင်း


ဆာမူရိုင်းလို့ဆိုလိုက်တာနဲ့ အားလုံး ဘာကိုဆိုလိုသလဲဆိုတာ သိကြမှာပါ။ ကျွန်တော်တို့ငယ်စဉ်ကတည်းက ရုပ်ရှင်ဇာတ်လမ်းတွေ၊ ရုပ်ပြကာတွန်းတွေနဲ့ ဝတ္ထုစာအုပ်တွေကနေတဆင့် တွေ့မြင်ရင်းနှီးခဲ့ကြတဲ့ သိပ်ကိုရဲရင့်ပြီး သစ္စာတရားနဲ့ သိက္ခာတရားကို အလေးအနက်ထားကြတဲ့ ဂျပန်ပြည်က စစ်သူရဲကောင်းတွေပေါ့။ ဒါပေမယ့် ဆာမူရိုင်းတွေအားလုံးကတော့ သိက္ခာတရားနဲ့ နေကြသူတွေတော့ မဟုတ်ပါဘူး၊ တစ်ချို့ သော ဆာမူရိုင်းတွေကတော့ ဆာမူရိုင်းဆိုတဲ့ဂုဏ်ပုဒ်ကိုစွန့်လွှတ်ပြီး လုပ်ကြံသူလို့အဓိပ္ပါယ်ဖွင့်ဆိုနိုင်တဲ့ ရိုနင် (Ronin) ဘဝကို ရွေးချယ်ကြပါတယ်။ အဲဒီတော့ ရိုနင်ဆိုတာကို အတိအကျပြောရမယ်ဆိုရင် လေလွင့်နေတဲ့ ဆာမူရိုင်းဟောင်းတွေလို့ ခေါ်ဆိုရမှာဖြစ်ပါတယ်။ တကယ်တမ်း အကျယ်ဖြန့်ပြီးအနက်ဖွင့်ဆိုရမယ်ဆိုရင်တော့ ရိုနင်ဆိုတာဟာ သခင်မရှိတဲ့ ဆာမူရိုင်းကို ဆိုလိုခြင်းပဲ ဖြစ်ပါတယ်။ ဂျပန်ပဒေသရာဇ်ခေတ်ဖြစ်တဲ့ ၁၁၈၅ ခုနှစ်ကနေ ၁၈၆၉ ခုနှစ် အထိ ဆာမူရိုင်းတွေမှာ ဘူရှီဒို ရှိုရှင်ရှူ (Bushido Shoshinshu) လို့ခေါ်တဲ့ စည်းမျဉ်းတစ်ခုရှိပါတယ်။ အဲဒီစည်းမျဉ်းကတော့ ဆာမူရိုင်းတစ်ယောက်ဟာ သူခစားရာအထက်ကသခင် သေဆုံးသွားရင် ဟာရာကီရီ (hara kiri) လို့ခေါ်တဲ့ ကိုယ့်ကိုယ်ကိုအဆုံးစီရင်ခြင်းကို လုပ်ဆောင်ရပါတယ်။ ဒါပေမယ့် တကယ်တမ်း သခင်မဲ့သွားတဲ့အချိန်မှာ ဆာမူရိုင်းတစ်ယောက်ဟာ အဲဒီစည်းမျဉ်းကို မလိုက်နာဘူးဆိုရင်တော့ အထက်ကပြောသလို လေလွင့်ဆာမူရိုင်းဟောင်း ရိုနင်တွေဖြစ်လာကြပါတယ်။

တစ်ခေတ်တစ်ခါတုန်းကတော့ တစ်ချို့ သောဆာမူရိုင်းတွေဟာ တိုခုဂါဝါ ရှိုဂန်နိတ် (Tokugawa Shogunate) လို့ခေါ်တဲ့ အစိုးရကို ဆန့်ကျင့်ဖို့အတွက် ရိုနင်အဖြစ်ကို ရည်ရွယ်ချက်ရှိစွာ ခံယူတက်ကြပါတယ်။ ချမှတ်ထားတဲ့စည်းမျဉ်းတွေမရှိ၊ လိုက်နာရမယ့် ကျင့်ဝတ်တွေနဲ့ စောင့်ထိန်းရမယ့် သိက္ခာနဲ့ သစ္စာတရားတွေမရှိတာကြောင့် ရိုနင်တွေဟာ လွတ်လပ်စွာပဲ အစိုးရကို ဆန့်ကျင်ကြပါတယ်။ အဲဒီလိုနိုင်ငံရေးနဲ့ စစ်ရေးစစ်ရာတွေ ရှုပ်ထွေးနေချိန်မှာ တစ်ချို့သခင်တွေဟာ သူတို့်ရဲ့ လက်အောက်ခံ ဆာမူရိုင်းတွေကို ရိုနင်အဖြစ် ခံယူခိုင်းကြပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီလိုလုပ်လိုက်တဲ့အခါ သူတို့ရဲ့နာမည်နဲ့ ဂုဏ်သိက္ခာကိုမထိခိုက်ဘဲ လက်ရှိအစိုးရနဲ့ အုပ်စိုးနေတဲ့စနစ်ကို ဆန့်ကျင်နိုင်မှာဖြစ်ပါတယ်။ တိုခုဂါဝါအစိုးရ အုပ်ချုပ်ခဲ့တဲ့ကာလမှာ ပြောင်းလဲလာတဲ့ စနစ်အသစ်တွေကို ပြည်နယ်အသီးသီးက ဒိုင်မျိုတွေနဲ့ အရှင်သခင်တွေဟာ မနှစ်မြို့တာကြောင့် ရိုနင်အရေအတွက်ဟာ ဂျပန်နိုင်ငံမှာ မြင့်တက်လာခဲ့ပါတယ်။ ဆာမူရိုင်းဆိုတဲ့ စစ်သူရဲကောင်းတွေဆီမှာရှိတဲ့ ကန့်သတ်ချက်အတိုင်း ဆာမူရိုင်းတစ်ယောက်ဟာ သူ့အထက်ကသခင်ရဲ့ ခွင့်ပြုချက်မရပဲ အခြားသခင်တစ်ယောက်စီမှာ အမှုထမ်းခွင့်မရှိ ဆိုတဲ့ ဥပဒေကြောင့် ဆာမူရိုင်းအများစုဟာ လက်ရှိသခင်တွေဆီက ထွက်ခွာပြီး ရိုနင်အဖြစ်နဲ့ အစိုးရကို အတိအလင်း ဆန့်ကျင်လာကြပါတယ်။

အကြောင်းတစ်ခုခုကြောင့် သခင်သေဆုံးတာဖြစ်စေ၊ သခင်ရဲ့ စွန့်ပစ်ခြင်းကို ခံရတာမျိုးဖြစ်စေ၊ အစရှိတဲ့အချင်းအရာမျိုးဖြစ်လာတဲ့အချိန်မျိုးမှာ ဆာမူရိုင်းတွေဟာ ပြဠာန်းထားတဲ့ဥပဒေအရ အခြားသခင်တစ်ယောက်အောက်မှာ အမှုထမ်းခွင့်မရှိတာကြောင့် အသက်မွေးဝမ်းကြောင်းပြုဖို့ လုပ်ငန်းရှာရပါတယ်။ ဒါပေမယ့် စစ်ပညာရပ်နဲ့ ဓားရေးကျွမ်းကျင်မှုကလွဲပြီး အခြားဘယ်လိုပညာရပ်မှ မတက်ကျွမ်းတာကြောင့် သခင်မဲ့တဲ့ဆာမူရိုင်းတွေဟာ နောက်ဆုံးမှာ ရိုနင်တွေအဖြစ်နဲ့ အခကြေးငွေယူတဲ့ လုပ်ကြံသတ်ဖြတ်သူ (assassin) တွေဖြစ်လာကြပါတယ်။ ရိုနင်အများစုကတော့ ဓားနှစ်လက်ကို ခါးမှာချိတ်ဆွဲပြီး လက်နက်အဖြစ် အသုံးပြုကြပါတယ်။ ဒါတင်မက တစ်ခြား လက်နက်ပုန်းများစွာကိုလည်း အသုံးပြုကြပါသေးတယ်။ ငွေကြေးချို့တဲ့သူတွေကတော့ ဓားရေးလေ့ကျင့်ရာမှာသုံးတဲ့ ဝါးစိမ်းတုတ်အရှည်ကို လက်နက်အဖြစ်ကိုင်ဆောင်တတ်ကြပါတယ်။ သမိုင်းကြောင်းတစ်လျှောက်မှာမှ နာမည်ကြီးတဲ့ ရိုနင်အဖွဲ့ကတော့ 47 Ronins ဆိုတဲ့ ရိုနင်လေးဆယ့်ခုနှစ်ဦးအဖွဲ့ပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ သခင်ဖြစ်သူ အဆနို နာဂနိုရိ (Asano Naganori) ဟာ ကီရာ ရိုရှီနာခါ (Kira Yoshinaka) လို့အမည်ရတဲ့ အစိုးရအရာရှိတစ်ယောက်ကို ကိုယ်ထိလက်ရောက်စော်ကားမှုကြောင့် ကိုယ့်ကိုယ်ကိုယ် (hara kiri) လုပ်ပြီး သတ်သေဖို့ တွန်းအားပေးခံရတဲ့အခါမှာ သခင်မဲ့သွားတဲ့ ဆာမူရိုင်း ၄၇ ဦး ရိုနင်တွေဖြစ်လာကြပြီး ကွယ်လွန်သွားတဲ့သခင်အတွက် အမှန်တရားကိုပြန်လည်ယူဆောင်ပြီး လက်စားချေဖို့သစ္စာဆိုခဲ့ကြပါတယ်။

ဒီလိုနဲ့ တစ်နှစ်ကျော် နှစ်နှစ်နီးပါး ပြင်ဆင်မှုတွေအပြီး ၁၇၀၃ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့၊ နှင်းမုန်တိုင်းတွေ တိုက်ခတ်နေတဲ့ ညတစ်ညမှာတော့ အဲဒီရိုနင် ၄၇ ယောက်ဟာ ကီရာရဲ့ နေအိမ်ကို အုပ်စုနှစ်စုခွဲပြီး အိမ်အရှေ့ဖက်က တစ်ဖွဲ့၊ အိမ်အနောက်ကတစ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်။ ဒါပေမယ့် အိမ်ထဲက လူအားလုံးကို မသတ်ပဲ ကီရာနဲ့သူ့ရဲ့နောက်လိုက် ၁၄ ဦးကိုသာ ကလဲ့စားချေတဲ့အနေနဲ့ သတ်ခဲ့ပါတယ်။ ဒီလုပ်ကြံသတ်ဖြတ်မှုဟာ တရားမဝင်ပေမယ့် ဂျပန်ပြည်အစိုးရဟာ အဲဒီရိုနင် ၄၇ ဦးရဲ့ ရဲရင့်မှု၊ သတ္တိနဲ့ တည်တံ့လှတဲ့သစ္စာတရားကို လေးစားတဲ့အနေနဲ့ ဆာမူရိုင်းတွေရဲ့ထုံးတမ်းဖြစ်တဲ့ ဟာရာကီရီနဲ့ ကိုယ့်ကိုယ်ကိုယ်သတ်သေစေဖို့ ခွင့်ပြုခဲ့ပြီး တိုကျိုမြို့ ဆန်ဂါခုဂျီ (Sengakuji) ဘုရားကျောင်းမှာ ရုပ်အလောင်းတွေကို မြှုပ်နှံစေခဲ့ပါတယ်။ ဆာမူရိုင်း ဒါမှမဟုတ် ရိုနင်တွေရဲ့ အခုလိုသမိုင်းဝင်ဖြစ်ရပ်ကို ပြန်လည်အသက်သွင်းတဲ့အနေနဲ့ ၂၀၁၃ ခုနှစ်မှာ နာမည်ကျော်မင်းသား Keanu Reeves ဦးဆောင်တဲ့ 47 Ronins ရုပ်ရှင်ထွက်ရှိခဲ့တာကြောင့် ရိုနင်ဆိုတဲ့စကားလုံးဟာ လူတော်တော်များများနဲ့လည်း မစိမ်းတဲ့စကားလုံးဖြစ်ခဲ့ပါတယ်။

ဒီဖြစ်ရပ်အပြင် သမိုင်းတစ်လျှောက်မှာ နာမည်ကြီးတဲ့ နောက်ထပ်ရိုနင်တစ်ယောက်ကတော့ မီရာမိုတို မူဆာရှီ (Miyamoto Musashi) ပဲဖြစ်ပါတယ်။ သူ့ကိုတော့ မသိတဲ့သူရှားပါးပါတယ်၊ ဘာကြောင့်လည်းဆိုတော့ မီရာမိုတိုဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အတော်ဆုံးဓားသမားလို့ သတ်မှတ်ခံထားရတဲ့ သူတစ်ယောက်ဖြစ်လို့ပါပဲ။ အသက် ၁၃ နှစ်သား အရွယ်ကစလို့ တတ်ပေ့၊ ကျွမ်းပေ့ဆိုတဲ့ ဓားပညာရှင်တွေ တစ်ယောက်ပြီးတစ်ယောက်နဲ့ စိန်ခေါ် စီးချင်းထိုးခဲ့ပြီး နောက်ဆုံးအနားယူတဲ့အချိန်အထိ ရှုံးပွဲမရှိခဲ့လို့ပါပဲ။ သူ့ရဲ့အတွေးအခေါ်တွေ၊ သင်ကြားမှုတွေဟာ သိပ်ကိုကောင်းမွန်သလို ဓားပညာမှာပြိုင်ဘက်မရှိဘွဲ့ကို ရခဲ့တာကြောင့် ဂျပန်သာမက ကမ္ဘာ့သမိုင်းမှာပါ အားလုံးအမှတ်ရနေကြတဲ့ ရိုနင်တစ်ယောက်ပဲဖြစ်ပါတယ်။ ဒီလောက်ဆိုရင် ရိုနင်ဆိုတာ ဘာလဲ? လေလွင့်နေတဲ့ဆာမူရိုင်းတွေနဲ့ သူတို့ရဲ့သမိုင်းဝင်ဖြစ်ရပ်တွေကို သိရှိသွားလောက်ပြီထင်ပါတယ်။ နောက်ထပ်ပြီးလည်း အခုလို စိတ်ဝင်စားဖို့ကောင်းတဲ့ ဗဟုသုတဖြစ်ဖွယ်ဆောင်းပါးလေးတွေကို ပြန်လည်တင်ဆက်သွားမှာမို့ စောင့်မျှော်နိုင်ပါတယ်။ ဖတ်ရှုသူအားလုံးကို ကျေးဇူးတင်ပါတယ်။

Ref: historycollections
Wine & Yan