Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Tuesday, June 12, 2018

ဆယ်စုနှစ်တစ်ခုတိုင်အောင် စောင့်မျှော်ခဲ့ရတဲ့ Devil May Cry 5 ဂိမ်းသစ်ဟာ အားလုံးရဲ့မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မှာလား?


၂၀၁၈ ခုနှစ်ရဲ့ E3 ပွဲကြီးစတင်ပြီဖြစ်တဲ့အတွက် အခုအချိန်ဟာ ဂိမ်မာတွေအားလုံးမျှော်လင့်နေကြတဲ့ အခိုက်အတန့်ဖြစ်နေပါတယ်။ ပွဲစပြီဆိုတာနဲ့တစ်ပြိုင်နက် ဂိမ်းဖန်တီးသူတွေနဲ့ ဂိမ်းကုမ္ပဏီတွေဟာ သူတို့ဖန်တီးထားတဲ့ ဂိမ်းအသစ်တွေကို ဆော့ကစားနိုင်မယ့် ပလက်ဖောင်းတွေနဲ့တကွ ထုတ်ပြလာကြပါတယ်။ E3 ပွဲကြေညာချက်တွေကနေတဆင့် အနာဂတ်မှာထွက်ရှိလာမယ့် ဂိမ်းကောင်းပေါင်းမြောက်မြားစွာကို သိရှိနိုင်ပြီး ဘယ်သူမှမထင်မှတ်ထားတဲ့ ဂိမ်းတွေကိုလည်း မျှော်လင့်လို့ရပါတယ်။ ဇွန်လ ၁၁ ရက်နေ့မှာ စတင်ပြီဖြစ်တဲ့ E3 ပွဲကြီးမှာ ပထမဦးဆုံး ထုတ်ဖော်ရှင်းလင်းမှုပြုလုပ်သူကတော့ Microsoft ပဲဖြစ်ပြီး Xbox One ပလက်ဖောင်းမှာဆော့နိုင်မယ့် ဂိမ်းတွေကိုချပြရင်းနဲ့ Devil May Cry 5 ဂိမ်းထွေလာကိုပါ တစ်ခါတည်းထုတ်ပြခဲ့တာဖြစ်ပါတယ်။ ဂိမ်းထွေလာဟာ နှစ်မိနှစ်ကျော်ရှည်လျားပြီး ဂိမ်းကစားဟန်ပုံစံနဲ့ ဇာတ်ကွက်အချို့ကို အသားပေးထည့်သွင်းဖော်ပြထားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ နောက်ထပ်လာမယ့် Devil May Cry ဂိမ်းနဲ့ပတ်သက်တဲ့ ကောလဟာလတွေနဲ့ ဖန်တီးမှုတွေစတင်နေပြီဆိုတဲ့ သတင်းတွေဟာ လွန်ခဲ့တဲ့နှစ်နှစ်လောက်ကတည်းက အင်တာနက်ပေါ်မှာပြန့်နှံ့ခဲ့ပေမယ့် Capcom ဘက်ကပြောရေးဆိုခွင့်ရှိသူတွေအနေနဲ့ ဘယ်လိုအတည်ပြုချက်မှ ထုတ်ပြန်ခြင်းမပြုခဲ့ပါဘူး။ ဒါပေမယ့် ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့မှာတော့ Devil May Cry ဂိမ်းစီးရီးကို ပင်တိုင်ဖန်တီးရေးဆွဲသူ ဒါရိုက်တာဖြစ်တဲ့ Hideaki Itsuno ကိုယ်တိုင်ကနေပြီး E3 ပွဲရဲ့စင်မြင့်ထက်မှာ "Devil May Cry စီးရီးရဲ့ စစ်မှန်တဲ့နောက်ဆက်တွဲဂိမ်းသစ်" လို့ပြောကြားပြီး ဂိမ်းထွေလာကို ချပြခဲ့တာဖြစ်ပါတယ်။ ဒီတော့ ဆယ်စုနှစ်တစ်ခုတိုင်အောင် ဂိမ်မာတွေစောင့်ဆိုင်းခဲ့ရတဲ့ Devil May Cry 5 အနေနဲ့ တကယ်တမ်းထွက်ရှိလာမယ့်အချိန်မှာ ဘယ်လိုမျိုးပုံစံနဲ့ ထွက်ရှိလာမလဲ? အခုချပြခဲ့တဲ့ထွေလာကိုကြည့်ပြီး ဘာတွေကိုခန့်မှန်းနိုင်မလဲ? ဇာတ်လမ်းဇာတ်အိမ် တည်ဆောက်ဖန်တီးထားပုံကရော ဘယ်လိုရှိသလဲ? အစရှိတာတွေအားလုံးကို ခြုံငုံသုံးသပ်ပြီး တစ်ချက်လောက်ဆွေးနွေးကြစို့ဗျာ။



 á€•á€­á€Żá€™á€­á€Żá€›á€„အ်ကဝက်ပဟဎး ကွဲပြားဆန်းသစ်တဲ့ပုံစံနဲ့တွေ့ရမယ့် အဓိကဇာတ်ဆောင် Nero

၂၀၀၈ ခုနှစ်ကထွက်ရှိခဲ့တဲ့ Devil May Cry 4 မှာ Dante မဟုတ်တဲ့ အဓိကဇာတ်ဆောင်တစ်ယောက်ကို အသားပေးပွဲထုတ်ထားတာ တွေ့ရမှာဖြစ်ပါတယ်။ အဲဒါကတော့ Order of the Swords ဘာသာရေးဂိုဏ်းရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ဆယ်ကျော်သက်အရွယ် Nero ပဲဖြစ်ပါတယ်။ Dante ငယ်ရွယ်စဉ်တုန်းက ပုံပန်းသွင်ပြင်၊ စိတ်နေသဘောထားနဲ့ ဟော့ဟော့ရမ်းရမ်းနိုင်တဲ့ ဇာတ်ကောင်သစ် Nero ကို စီးရီးရဲ့အဓိကဇာတ်ဆောင်အဖြစ် ပထမနေရာမှာထားပြီး ဂိမ်မာများအားလုံးက ဆော့ကစားခဲ့ရတာဖြစ်ပါတယ်။ အခုလာမယ့် Devil May Cry 5 မှာတော့ ဖြစ်ရပ်တွေအားလုံးအဆုံးသတ်သွားတဲ့နောက်ပိုင်း နှစ်အတော်အတန်အချိန်ကုန်လွန်ခဲ့ပြီး ဆယ်ကျော်သက် Nero ဟာ အသက်နှစ်ဆယ့်ငါးနှစ်ဝန်းကျင်ဖြစ်လာပါပြီ။ အရင်ကလိုဆံပင်ငွေရောင်ကို မျက်နှာရှေ့မှာဝဲနေအောင်မချထားတော့ဘဲ ခေါင်းဆောင်းပါတဲ့ အနက်ရောင် ကုတ်အကျီရှည်နဲ့အတူ သူကိုင်ဆောင်နေကျလက်နက်တွေဖြစ်တဲ့ Red Queen ဓါးနဲ့ Blue Rose ပစ္စတိုသေနတ်ကို ကိုင်ဆောင်ထားတာတွေ့ရမှာဖြစ်ပါတယ်။


Rico ဆိုတဲ့ပါတနာသစ်နဲ့အတူ Devil Hunter တစ်ယောက်ဖြစ်လာခဲ့တဲ့ Nero

Devil May Cry ဂိမ်းစီးရီးရဲ့အဓိကဇာတ်ဆောင်ဟာ နတ်ဆိုးခေါင်းဆောင် Sparda ရဲ့သား Dante ဖြစ်ပါတယ်။ Dante ဟာနတ်ဆိုးသွေးတစ်ပိုင်း၊ လူသားတစ်ပိုင်းရောယှက်နေတဲ့ နတ်ဆိုးနှိမ်နင်းသူ Devil Hunter တစ်ယောက်လည်းဖြစ်သလို စီးရီးရဲ့ဗီလိန်ဖြစ်တဲ့ Vergil ရဲ့အမြွာညီအစ်ကိုလည်းဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၁၉ ခုနှစ်မှာတော့ အဲဒီနေရာကို Nero ကလက်ပြောင်းယူလိုက်ပုံပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ Nero ဟာ စီးရီးရဲ့ ဇာတ်ကောင်သစ်တစ်ယောက်ဖြစ်တဲ့ Nico ဆိုတဲ့အမျိုးသမီးပါတနာနဲ့အတူ ပူးပေါင်းလှုပ်ရှားပြီး နတ်ဆိုးတွေကို hunt လုပ်လို့ပဲဖြစ်ပါတယ်။ Nero နဲ့ Nico ဟာ အပြာရောင်နီယွန်မီးလိုင်းတွေနဲ့ Devil May Cry စကားလုံးပုံဖော်ထားတဲ့ ပေါင်မုန့်ကားကို စီးနင်းနေတာကိုလည်း ထွေလာမှာအားလုံးတွေ့ခဲ့ရမှာပါ။ ဒါ့အပြင်ထွေလာအရ Nico ဟာ Nero ရဲ့လက်နက်ပိုင်းဆိုင်ရာလိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး အထောက်အပံ့ပေးတဲ့သူလည်းဖြစ်ပါတယ်။


နယ်မြေသစ်ဖြစ်တဲ့ Red Grave မြို့ကို တခြားကမ္ဘာကနတ်ဆိုးတွေ ကျူးကျော်ဝင်ရောက်လာမှု

Devil May Cry 4 ကို ရှေးကျတဲ့မြို့ပြအဆောက်အုံတွေရှိတဲ့ Fortune City မှာ ဇာတ်အိမ်တည်ထားပြီး Devil May Cry 5 ကိုတော့ နယ်မြေသစ်ဖြစ်တဲ့ Red Grave City (အုတ်ဂူနီမြို့တော်) မှာ ဇာတ်အိမ်တည်ထားပါတယ်။ ဒီမြို့ဟာ Reboot DmC ထဲမှာ ပါဝင်တဲ့ မြေအောက်ကမ္ဘာ Limbo နဲ့ အနည်းငယ်ပုံစံတူပြီး လက်ရှိခေတ်တိုက်တာအဆောက်အအုံတွေရှိတာကိုလည်း တွေ့ရမှာပါ။ လက်ရှိအချိန်ထိ သိရသမျှတော့ နတ်ဆိုးတွေဟာ Demon Tree လို့အမည်ရတဲ့ ဝင်ပေါက်နေရာကနေတဆင့် Red Grave City ကိုကူးသန်းဝင်ရောက်လာကြတာဖြစ်ပါတယ်။ အဲဒီအချိန်မှာ မြို့ရဲ့စစ်တပ်နဲ့ နတ်ဆိုးတွေကြားက တိုက်ပွဲတွေဟာ လုံးဝပြင်းထန်နေပြီး ပျက်သုန်းလုနီးပါးဖြစ်နေတဲ့ Red Grave City ရဲ့အခြေအနေကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။ များပြားလှတဲ့ နတ်ဆိုးမိစ္ဆာတွေရဲ့ ကျူးကျော်ဝင်ရောက်လာမှုဟာ လက်ရှိမှာ Devil Hunter တစ်ယောက်ဖြစ်နေတဲ့ Nero ကို စိန်ခေါ်လိုက်တဲ့သဘောဖြစ်ပါတယ်။ ဒါပေမယ့် ဂိမ်းထဲမှာ Devil Hunter သုံးယောက်ပါဝင်လိမ့်မယ်လို့ဆိုတဲ့အပြင် လေနှင်ရာလွင့်နေတဲ့ Dante ရဲ့သတင်းအစအနကိုလည်း ဘာမှမကြားသိရပါဘူး။ ဒီတော့ Dante နဲ့ Nero အပြင် နောက်ထပ်တွေ့ရမယ့် Devil Hunter ဆိုသူက ဘယ်သူလဲဆိုတာ စဉ်းစားစရာပါပဲ။


Devil May Cry 5 တရားဝင်ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ ဂိမ်းဇာတ်လမ်းအကျဉ်းချူပ်စာပိုဒ် 

ဂိမ်းထွေလာမထွက်လာခင် ရက်အနည်းအလိုမှာ Capcom ကနေပြီး Devil May Cry 5 ရဲ့တရားဝင်ဝက်ဘ်ဆိုဒ်လိပ်စာကို မှတ်ပုံတင်ခဲ့ပြီး အဲဒီကိစ္စဟာလည်း ဂိမ်းထွက်လာဖို့အတွက် သေချာလုံလောက်တဲ့သတင်းတစ်ခုဖြစ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ အဲဒီဝက်ဘ်ဆိုဒ်ထဲကို ဝင်ရောက်နိုင်ပြီဖြစ်ပြီး ဝက်ဘ်ဆိုဒ်မှာ ဂိမ်းရဲ့ဇာတ်လမ်းအကျဉ်းကို ဖော်ပြထားတာတွေ့နိုင်ပါတယ်။ အဲဒီစာပိုဒ်အရဆိုရင်တော့ "အတိတ်ကဖြစ်ရပ်တွေအပြီး နှစ်တွေကုန်လွန်ခဲ့ပြီ။ အားလုံးမေ့လျော့နေခဲ့တဲ့ နတ်ဆိုးလောကရဲ့ ကျူးကျော်မှုတွေဟာ ဒီကမ္ဘာမြေကိုတစ်ကြော့ပြန် ရောက်ရှိလို့လာတယ်။ Red Grave City မှာအမြစ်တွယ်ပြီး ကြီးထွားရှင်သန်နေတဲ့ Demon Tree ကနေတဆင့် နတ်ဆိုးမိစ္ဆာတွေ ဝင်ရောက်လာကြတယ်။ အဲဒီလိုကျူးကျော်ဝင်ရောက်မှုကို တားဆီးဖို့ Dante ရဲ့မဟာမိတ်ဖြစ်တဲ့ Nero အပေါ်မှာ တာဝန်အပြည့်ရှိတဲ့အတွက် Nico ဆိုတဲ့အမျိုးသမီးပါတနာတစ်ယောက်နဲ့အတူ Devil May Cry လို့အမည်ပေးထားတဲ့ ကားကိုမောင်းပြီး Red Grave City ဆီ ဦးတည်ထွက်လာခဲ့တယ်" လို့ရေးထားတာကို တွေ့ရမှာပါ။  Nero ရဲ့စွမ်းအားဗဟိုချက်ဖြစ်တဲ့ Devil Bringer လက်နေရာမှာ အခုဆိုရင် စက်ရုပ်လက်နဲ့အစားထိုးထားပြီး ထွေလာမှာ Nero ရဲ့လက်ကို ဘယ်သူမှန်းမသိရသေးတဲ့ ဇာတ်ကောင်တစ်ယောက်က ဖြတ်ယူလိုက်တာကိုလည်း တွေ့ခဲ့ရပါတယ်။ ဒီတော့ တကယ့်ဇာတ်လမ်းက ဘယ်လိုလာဦးမလဲဆိုတာတော့ အတော်လေးစိတ်ဝင်စားစရာကောင်းနေပါတယ်။


Dante နဲ့ Nero တို့ရဲ့ပေါင်းစည်းမှု၊ Vergil နဲ့ Nero အကြားက ဆက်နွယ်မှုနဲ့ အနှစ်ချူပ်

ဒီလောက်ဆိုရင်တော့ ဇာတ်လမ်းအရိပ်အခြေကို အားလုံးခန့်မှန်းလို့ရလောက်ပြီ ထင်ပါတယ်။ ထွေလာအရဆိုရင် Nero ရဲ့လက် အဖြတ်ခံထားတဲ့နေရာကနေ ဇာတ်လမ်းစနိုင်ပြီး ခရီးတစ်ဝက်လောက်ရောက်မှာ Dante ရဲ့အရိပ်အယောင်ကို တွေ့နိုင်ခြေများပါတယ်။ ဒါ့အပြင် Nero နဲ့ Vergil တို့ကြားက ဆက်နွယ်မှုနဲ့ Nero လက်ကိုဖြတ်သွားတဲ့သူက ဘယ်သူဖြစ်မလဲဆိုတာကလည်း စဉ်းစားစရာပါပဲ။ တစ်ခုတွေးစရာရှိတာက Vergil ကိုင်ဆောင်တဲ့လက်နက်၊ Nero ရဲ့ Devil Bringer လက်ထဲမှာရှိနေတဲ့ Yamato ဓါးဟာ တခြားကမ္ဘာက နတ်ဆိုးတွေကို ခေါ်ယူဖို့အတွက်ဝင်ပေါက်အနေနဲ့ အသုံးပြုလို့ရပါတယ်။ Yamato ဓါးဟာ နတ်ဆိုးတွေကိုဖိတ်ခေါ်ဖို့ လိုအပ်ချက်တစ်ခုဖြစ်တဲ့အတွက် အဲဒီအမည်မသိဇာတ်ကောင်ဟာ Nero လက်ကိုဖြတ်ခဲ့တာလား? ဒါမှမဟုတ် ပျက်သုန်းတော့မယ့် Red Grave City နဲ့ ကမ္ဘာကြီးကို အချိန်မှီကယ်တင်ဖို့အတွက် ဖြေရှင်းချက်တွေမပေးဘဲ Nero ဆီက Yamato ဓါးကိုယူခဲ့တာလား? Devil May Cry ဂိမ်းစီးရီးရဲ့အခရာကျတဲ့ဇာတ်ကောင်ဖြစ်တဲ့ Vergil ဟာလည်း ဒီဂိမ်းထဲမှာ လူကောင်းဖြစ်မလား၊ ဗီလိန်ဖြစ်မလားဆိုတာ မသိရသေးတဲ့အပြင် အစအနကိုတောင် လုံးဝမတွေ့ရသေးပါဘူး။ ဂိမ်းထွက်ရှိမယ့်ရက်စွဲကတော့ ၂၀၁၉ ခုနှစ်၊ နွေရာသီဖြစ်ပြီး Xbox One, PS4 နဲ့ PC ပလက်ဖောင်းသုံးမျိုးအပေါ်မှာ ဆော့ကစားနိုင်မယ်လို့ သိရပါတယ်။ ပရိသတ်တွေအနေနဲ့ကတော့ လက်ရှိအချိန်မှာ နောက်ထပ်ဘာတွေထပ်လာမလဲဆိုတာကို စောင့်ဆိုင်းနေကြဖို့ပဲ လိုပါတယ်။ Devil May Cry စီးရီးရဲ့အမာခံပရိသတ်တစ်ယောက်ဖြစ်တဲ့ ကျွန်တော့်အနေနဲ့လည်း ဆယ်စုနှစ်တစ်ခုတိုင်အောင် စောင့်မျှော်ခဲ့ရပြီးမှ ထွက်ရှိလာတဲ့ Devil May Cry 5 အပေါ်မှာ ကျေနပ်အားရမိတာတော့ အမှန်ပါ။ လက်ရှိအချိန်မှာလည်း ဂိမ်းအသစ်ကြေညာချက်ပေါင်းများစွာရှိနေတဲ့အတွက် ဒီ Devil May Cry 5 စာစောင်ကို ဒီမှာအဆုံးသတ်ကြောင်းပြောရင်း နောက်ထပ်ဂိမ်းဆောင်းပါးတွေမှာ ပြန်လည်တွေ့ဆုံကြပါမယ်။


Yan
Ref: Polygon, Gamespot, Kotaku

Sunday, June 10, 2018

ရဲရင့်တဲ့စပါတန်စစ်သည်တစ်ယောက်အဖြစ် အတိတ်ကအမှန်တရားကို ရှာဖွေရမယ့် Assassin’s Creed: Odyssey

ဂိမ်မာတွေအားလုံး ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်မျှော်နေကြတဲ့ E3 ဂိမ်းပွဲတော်ကြီးကတော့ အားလုံးနဲ့လက်တကမ်းမှာရှိနေပါပြီ။ ဇွန်လ ၁၁ မှာစတင်ကျင်းပမှာဖြစ်တဲ့ ၂၀၁၈ ခုနှစ်ရဲ့ E3 ပွဲမှာ ကမ္ဘာ့နယ်ပယ်အသီးသီးက နာမည်ကျော်ဂိမ်းကုမ္ပဏီတွေနဲ့ ဂိမ်းဖန်တီးထုတ်လုပ်သူတွေဟာ ဂိမ်မာတွေအားလုံးမျှော်လင့်နေကြတဲ့ အပြောင်မြောက်ဆုံး ဂိမ်းကောင်းဂိမ်းသစ်တွေကို ကိုယ့်ရဲ့အချိန်ဇယားနဲ့အလိုက် ထုတ်ဖော်ပြသသွားမှာဖြစ်ပါတယ်။ စွဲမက်စရာကောင်းတဲ့ မှင်သက်ဖွယ် ဂိမ်းထွေလာတွေ၊ ဂိမ်းအသစ်ရဲ့သူမတူတဲ့ ကစားဟန်တွေ၊ အားလုံးမမျှော်လင့်ထားတဲ့ဂိမ်းအသစ် ကြေညာချက်တွေ အစရှိတာတွေဟာ ဂိမ်မာတွေအသည်းထဲစွဲစေတဲ့ E3 ပွဲရဲ့အခန်းကဏ္ဍတွေ ဖြစ်ပါတယ်။ ပွဲမှာ မျိုးဆက်သစ်ဂိမ်းတွေကို ထုတ်ဖော်ပြသလေ့ရှိသလို အရင်နှစ် E3 ပွဲတွေမှာ အမြည်းချပြခဲ့တဲ့ဂိမ်းသစ်တွေရဲ့ နောက်ထပ်ထွေလာအသစ်တွေနဲ့ တရားဝင်ထွက်ရှိမယ့်ရက်စွဲတွေကို အတိအလင်းကြေညာချက်တွေ ထုတ်ပြန်ကြပါတယ်။ ဂိမ်းကိုချစ်တဲ့ဂိမ်မာတွေသာမက ဂိမ်းဖန်တီးထုတ်လုပ်တဲ့ဂိမ်းကုမ္ပဏီတွေပါ တညီတညွတ်တည်း တက်ရောက်ကြတဲ့ အခုနှစ် E3 ပွဲမှာလည်း အားလုံး ပါးစပ်အဟောင်းသားဖြစ်သွားစေမယ့် အမိုက်စားဂိမ်းအသစ်တွေ ရှိနေပါတယ်။ အဲဒီလို ဂိမ်းသစ်တွေထဲက တစ်ခုကတော့ Ubisoft ဂိမ်းကုမ္ပဏီရဲ့အအောင်မြင်ဆုံးဂိမ်းစီးရီးတစ်ခုဖြစ်တဲ့ Assassin’s Creed ရဲ့ ဂိမ်းသစ်ပဲဖြစ်ပါတယ်။ ဟုတ်ပါတယ်၊ AC စီးရီးတွဲရဲ့နောက်ဆုံးအခွေဖြစ်တဲ့ Origins အခွေဟာ ယမန်နှစ် အောက်တိုဘာလမှာထွက်ရှိလာခဲ့တာဖြစ်ပြီး Ubisoft အတွက်အောင်မြင်မှုအတိုင်းအတာတစ်ခုကို ဆွတ်ခူးပေးခဲ့တဲ့ဂိမ်းလို့ဆိုရင်လည်း မမှားပါဘူး။ Origins နဲ့ပတ်သက်တဲ့ ဂိမ်းသတင်းနဲ့ အကြောင်းအရာတွေဟာ အခုအချိန်ထိ ဂိမ်မာတွေကြားထဲမှာ ပြောမဆုံးဘဲဖြစ်နေပေမယ့် ခြေလှမ်းတွေသွက်တဲ့ Ubisoft အနေနဲ့ တစ်နှစ်တောင်မပြည့်သေးတဲ့အချိန်ကာလအတွင်းမှာ Odyssey လို့အမည်ရတဲ့ နောက်ထပ် AC ဂိမ်းသစ်ကို အပြီးသတ်ဖန်တီးရေးဆွဲနိုင်ခဲ့ပါတယ်။ ဒီသတင်းကိုသိသိရချင်းပဲ ဂိမ်မာတွေအားလုံး မှင်သက်အံ့သြသွားရသလို ကျွန်တော်ကိုယ်တိုင်လည်း Ubisoft ရဲ့မြန်ဆန်လှတဲ့ ဂိမ်းဖန်တီးမှုအဆင့်ဆင့်ကို ကြည့်ပြီး ဝေခွဲရခက်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် Capcom အနေနဲ့ Devil May Cry 5 ဂိမ်းသစ်ကိုထုတ်ပေးဖို့ ဆယ်နှစ်နီးပါးအချိန်ယူခဲ့ရပြီး Ubisoft ကတော့ တစ်နှစ်မပြည့်တဲ့အချိန်အတွင်းမှာ Odyssey ဆိုတဲ့ AC ဂိမ်းအသစ်ကို ချပြနိုင်ခဲ့လို့ဖြစ်ပါတယ်။ ဒီတော့ မကြာခင်လာတော့မယ့် E3 ပွဲမှာတွေ့ရမယ့် Assassin’s Creed: Odyssey ဂိမ်းအသစ်ဟာ ဘယ်လိုဖြစ်မလဲ? ဘယ်လိုမျိုးပြောင်းလဲမှုတွေနဲ့ ကစားဟန်အသစ်တွေကို ထည့်သွင်းထားလဲ? ဇာတ်အိမ်တည်ထားတဲ့သမိုင်းကြောင်းနဲ့ ဂိမ်းပတ်ဝန်းကျင်ကရော ဘယ်လိုရှိလဲ? အစရှိတာတွေကို ဂိမ်မာတွေအားလုံးသိရှိစေဖို့ သိရသမျှအချက်တွေစုစည်းပြီး ဒီစာစောင်မှာ ဖော်ပြပေးလိုက်ပါတယ်။


ဂိမ်းရဲ့ဇာတ်အိမ်တည်ရာ ရှေးခေတ်ဂရိမြို့နဲ့ စပါတန်စစ်သူရဲကောင်းတွေ

အားလုံးသိကြတဲ့အတိုင်း AC ဂိမ်းတိုင်းဟာ ကမ္ဘာ့သမိုင်းတစ်လျှောက်ဖြစ်ပွားခဲ့တဲ့ နာမည်ကျော်စစ်ပွဲကာလတွေအပေါ်မှာ ဇာတ်အိမ်တည်လေ့ရှိပါတယ်။ Assassin တစ်ယောက်အနေနဲ့ AC ဂိမ်းတိုင်းမှာကိုယ်ရင်ဆိုင်ရတဲ့ ရန်သူတွေဟာ သမိုင်းကြောင်းတွေထဲမှာ တကယ်ရှိခဲ့ကြသူတွေဖြစ်ပါတယ်။ Ubisoft အနေနဲ့ AC ဂိမ်းတွေကို ရောမခေတ်၊ ပြင်သစ်၊ လန်ဒန်၊ အမေရိကန်နဲ့ ကာရီဘီယန်ကျွန်းစုတွေအထိ ဇာတ်ကြောင်းဖြန့်ကျက်ခဲ့ပြီး အခုတစ်ခေါက်မှာတော့ နာမည်ကျော်စပါတန်စစ်သည်တွေ မွေးဖွားရာနေရပ်ဖြစ်တဲ့ ရှေးခေတ်ဂရိမြို့မှာ ဇာတ်အိမ်တည်ထားပါတယ်။ ကိုယ်ဟာ Assassin တစ်ယောက်ဖြစ်မလား? စပါတန်စစ်သည်တစ်ယောက်ဖြစ်မလားဆိုတာကတော့ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာပါပဲ။ 


AC စီးရီးရဲ့ ရှိရင်းစွဲဂိမ်းကစားဟန်ထဲကနေ ကွဲထွက်မယ့် ဂိမ်းပုံစံအသစ်

နောက်ဆုံးထွက်ရှိခဲ့တဲ့ Assassin’s Creed: Origins ခွေမှာ နဂိုမူလရှိခဲ့တဲ့ဂိမ်းကစားဟန်ထဲကနေ ကွဲပြားတဲ့ ဂိမ်းတွင်းလုပ်ဆောင်ချက်အသစ်တွေကို ထည့်သွင်းထားပါတယ်။ လက်နက်ဖန်တီးတာတွေ၊ ရန်သူ့ဆီချဉ်းကပ်မှုပုံစံအသစ်တွေနဲ့ အတိုက်အခိုက်လုပ်ဆောင်ချက်တွေကို ပုံစံအသစ်တစ်ခုဖြစ်အောင် ပြောင်းလဲထားပါတယ်။ AC Rogue အခွေကနေစပြီး Origins အထိ တစတစပြောင်းလဲလာခဲ့တဲ့ ဂိမ်းကစားဟန်အပေါ်မှာ ဂိမ်မာအချို့အသားမကျကြသလို ပိုမိုကောင်းမွန်လာတယ်လို့ယူဆတဲ့ ဂိမ်မာတွေလည်းရှိပါတယ်။ အသေးစိတ်ကိုတော့ အသေအချာမသိရသေးပေမယ့် Origins အခွေမှာလိုအပ်ခဲ့တဲ့ ဂိမ်းတွင်းလုပ်ဆောင်ချက်တွေကို ပြန်လည်ပြင်ဆင်မွန်းမံပြီး အခုလာမယ့် Odyssey မှာ ထည့်သွင်းသွားမယ်လို့သိရပါတယ်။ 


ကြေးစားလုပ်ကြံသူဘဝကနေ ကြီးမြတ်တဲ့ စပါတန်စစ်သည်တစ်ယောက်အဖြစ်သို့

Odyssey ဆိုတဲ့စကားလုံးကို အဓိပ္ပါယ်ဖွင့်ဆိုရမယ်ဆိုရင် “ဖြတ်သန်းခဲ့တဲ့ခရီးရှည်” လို့ဆိုနိုင်ပါတယ်။ ဂိမ်းရဲ့အဓိကဇာတ်ကောင်အနေနဲ့ ရှေးခေတ်ဂရိမြို့မှာ ဘယ်လိုမျိုးကြမ်းတမ်းခက်ထန်တဲ့ ခရီးလမ်းကိုဖြတ်သန်း လျှောက်လှမ်းခဲ့ရသလဲဆိုတာကတော့ အားလုံးစောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းကိုအကျဉ်းချူပ်ဖော်ပြထားတဲ့ စာပိုဒ်အရတော့ “ကိုယ့်ကံကြမ္မာရဲ့ ပဲ့ကိုင်ရှင်က ကိုယ်ကိုယ်တိုင်ပဲဖြစ်တယ်။ ကိုယ်ဖြတ်သန်းခဲ့တဲ့ဘဝခရီးလမ်းတစ်လျှောက်မှာ  ကြီးမြတ်တဲ့စပါတန်စစ်သည်တစ်ယောက်ဖြစ်လာဖို့အတွက် ကိုယ့်သမိုင်းကိုယ်ရေးရမယ်။ စွန့်စားခန်းတွေနဲ့ပြည့်နှက်နေတဲ့ ဒီလမ်းခရီးမှာ ကိုယ့်ရဲ့ဆုံးဖြတ်ချက်မှန်သမျှဟာ အသက်တမျှအရေးပါတယ်။ အတိတ်က အမှန်တရားကိုထုတ်ဖော်ဖို့အတွက် မိသားစုရဲ့ပစ်ပယ်ခြင်းကိုခံခဲ့ရတဲ့ ကြေးစားလူသတ်သမားဘဝကနေ စပါတန်စစ်သားတစ်ယောက်ဖြစ်လာရမယ်” လို့ဆိုထားတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီစာပိုဒ်အရဆိုရင် ဂိမ်းအတွင်းမှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ပေးရမယ့် ဂိမ်းစနစ်ပါဝင်မယ်လို့ ယူဆနိုင်ပြီး RPG ပိုဆန်လာစေအောင် လွတ်လပ်တဲ့ရွေးချယ်မှုစနစ်ပါဝင်လာတဲ့အပြင် ကိုယ့်ဆုံးဖြတ်ချက်အပေါ်မူတည်ပြီး ဇာတ်အိမ်ပြောင်းလဲသွားမှာဖြစ်ပါတယ်။ ဒီအချက်တွေအရ ဒီ Odyssey အခွေဟာ AC စီးရီးထဲမှာမှ လုံးဝကိုကွဲထွက်တဲ့ကစားဟန်နဲ့ အရသာသစ်ကိုပေးစွမ်းမယ့်အခွေဖြစ်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ 


စပါတန်သမိုင်းကြောင်းကိုပြန်လည်ထင်ဟပ်မယ့် ဇာတ်ကွက်တွေနဲ့ ရာဇဝင်တွင်မစ်ရှင်တွေ

ရှေးခေတ်ဂရိမြို့နဲ့ စပါတန်စစ်သည်တွေကို အခြေပြုပြီးရိုက်ကူးဖန်တီးထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ ဂိမ်းပေါင်းများစွာရှိပါတယ်။ တုနှိုင်းမရတဲ့ ရဲစွမ်းသတ္တိ၊ တစ်ဖက်ကမ်းခပ်ကျွမ်းကျင်တဲ့စစ်ပညာ၊ သူ့ကျွန်မခံလိုတဲ့မျိုးချစ်စိတ်နဲ့ စည်းလုံးညီညွတ်မှုတို့ဟာ စပါတန်စစ်သည်တွေရဲ့ ဖျောက်ဖျက်မရတဲ့ဗီဇဖြစ်ပါတယ်။ ဒီ Odyssey အခွေဟာ ကွဲပြားတဲ့ဂိမ်းကစားဟန်ကို ထည့်သွင်းထားရုံတင်မကဘဲ လုပ်ကြံသူအဖြစ်ကနေ စစ်သည်တစ်ယောက်ဖြစ်လာမယ့် ဇာတ်ကြောင်းဖြစ်တဲ့အတွက် အားလုံးနဲ့မတူ ကွဲထွက်နေတာတော့ အမှန်ပါ။ ရန်သူရဲ့စစ်စခန်းကိုဝင်ရောက်စီးနင်းတာတွေ၊ အကျဉ်းသားသုံ့ပန်းတွေကို သွားရောက်ကယ်တင်တာတွေ ပါဝင်လာဖို့ သေချာနေတဲ့အပြင် ဇာတ်ကြောင်းဟာ သမိုင်းကြောင်းတစ်လျှောက်နာမည်ကျော်ကြားခဲ့တဲ့ စပါတန်တွေနဲ့ ဆက်နွယ်နေတဲ့အတွက် အရင်ဘယ်လို AC ခွေနဲ့မှ မတူနိုင်ဘူးဆိုတာတော့ ကြိမ်းသေနေပါတယ်။ 


Odyssey နဲ့ပတ်သက်ပြီး သိရသမျှနဲ့ အကျဉ်းချူပ်

ဒီအခွေဟာ အရင် AC ဂိမ်းတွေလို Assassin နဲ့ Templar ကြားက ပြင်းထန်လှတဲ့ပဋိပက္ခတွေကို မီးမောင်းထိုးပြမှာ ဟုတ်ရဲ့လားလို့တောင် မေးခွန်းထုတ်ချင်စရာပါ။ ယမန်နေ့ကမှ အင်တာနက်ပေါ်မှာ ပြန့်နှံ့ခဲ့တဲ့ Odyssey အခွေရဲ့ ဂိမ်းတွင်း screenshot တွေအရတော့ ကိုယ်ဟာ Assassin တစ်ယောက်ရဲ့သွင်ပြင်လက္ခဏာတွေဖြစ်တဲ့ ခေါင်းဆောင်းဝတ်စုံနဲ့ လုပ်ကြံတဲ့နေရာမှာအသုံးပြုတဲ့ လျှို့ဝှက်ဓားမြောင်တို့ကို မဆင်မြန်းထားတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ အဲဒီအစား စပါတန်စစ်ဝတ်စုံကိုဝတ်ပြီး Assassin တစ်ယောက်လို အဆောက်အဦးတွေရဲ့အပေါ်မှာ သွက်လက်စွာ ပြေးလွှားသွားလာနေတာဖြစ်ပါတယ်။ စစ်သည်တစ်ယောက်ဖြစ်လာမယ့် လုပ်ကြံသူတစ်ယောက်ရဲ့ဖြတ်သန်းခဲ့တဲ့ဘဝခရီးလမ်းရှည်ကတော့ စိတ်ဝင်စားစရာအတော်လေးကောင်းနေပါပြီ။ Ubisoft ကနေနောက်ထပ်ပြီး Odyssey နဲ့ပတ်သက်တဲ့ ဘယ်လိုမျိုးအရာတွေချပြဦးမလဲဆိုတာကတော့ စောင့်ကြည့်နေရမှာပါပဲ။ E3 ပွဲပြီးသွားတဲ့အချိန်ကျရင်တော့ ဒီထက်ပိုပြီး လက်ဆုပ်လက်ကိုင်ပြစရာရှိလာမယ်လို့ ယူဆရပါတယ်။ နောက်တစ်ချက်အနေနဲ့ ဒီ Odyssey အခွေကို ၂၀၁၈ ခုနှစ်ရဲ့ E3 ပွဲမှာ ပထမဦးဆုံးထုတ်ဖော်ပြသမှာဖြစ်ပေမယ့်လည်း ၂၀၁၉ နှစ်စပိုင်း ဒါမှမဟုတ် နှစ်လယ်ပိုင်းလောက်မှာမှ တရားဝင်ထွက်ရှိလာဖို့ အလားအလာများပါတယ်။ ဒီတော့ AC ပရိသတ်များအနေနဲ့ ဒီစာစောင်ကိုဖတ်ပြီး Odyssey အကြောင်းတစေ့တစောင်းနဲ့ သိလိုတာတွေကို သိသွားလောက်ပြီလို့ ထင်ပါတယ်။ E3 ပွဲကြီးကိုရောက်ဖို့က အချိန်ဘယ်လောက်မှမကျန်တော့တဲ့အတွက် ဒီစာစောင်လေးဖတ်ပြီး လာမယ့် E3 ပွဲကိုစောင့်ဆိုင်းရင်း ရင်ခုန်စိတ်လှုပ်ရှားနေလိုက်ကြပါဦးလို့ ဒီကနေပြောလိုက်ချင်ပါတယ်။ နောက်ထပ်ဂိမ်းဆောင်းပါးတွေမှာလည်း ပြန်လည်တွေ့ဆုံရဖို့ မျှော်လင့်မိပါတယ်။ 


Yan
Ref: Gamespot, Kotaku, Forbes

Wednesday, June 6, 2018

လုပ်ကြံသတ်ဖြတ်ခြင်းအနုပညာ သို့မဟုတ် ကမ္ဘာ့သမိုင်းတစ်လျှောက်က အကျွမ်းကျင်ဆုံး ရာဇဝင်တွင်လူသတ်အဖွဲ့ ၇ ဖွဲ့ (အပိုင်း ၁)


လူသားမျိုးနွယ်တဖြည်းဖြည်းဆင့်ကဲပြောင်းလဲလာခဲ့တဲ့ ဟိုးရှေးဦးရာစုနှစ်တွေကတည်းကစပြီး  ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့နိုင်ငံအသီးသီးဟာ မရေတွက်နိုင်တဲ့ လိုအင်ဆန္ဒတွေနဲ့ ရည်ရွယ်ချက်တွေကြောင့် စစ်ပွဲပေါင်းမြောက်မြားစွာဖြစ်ပွားခဲ့ပါတယ်။ အာဏာစက်အရှိန်အဝါကြီးမားလိုမှုတွေ၊ နယ်မြေချဲ့ထွင်မှုတွေ၊ ကျူးကျော်သိမ်းပိုက်ပြီး ချူပ်ကိုင်ချယ်လှယ်တာတွေ အစရှိတဲ့ပိုင်ဆိုင်လိုမှုတွေကို အကောင်အထည်ဖော်ဖို့အတွက် တိုက်ခိုက်သတ်ဖြတ်ခြင်းဟာ လူသားတွေဆွဲကိုင်ရာလက်နက်တစ်ခုသဖွယ် ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ သမိုင်းတစ်လျှောက်မှာသွေးချောင်းစီးတဲ့ ရာဇဝင်တွင်စစ်ပွဲတွေ ထောင်နဲ့သောင်းနဲ့ချီပြီး ဖြစ်ပွားခဲ့ရတာပါ။ ခေတ်တွေအဆက်ဆက်ပြောင်းလဲလာပြီး အခုလိုမျိုးငြိမ်းချမ်းမှုကိုကိုယ်စားပြုတဲ့ ကမ္ဘာကြီးဖြစ်လာဖို့အတွက် ပြိုလဲခဲ့ရတဲ့နိုင်ငံတွေ၊ ကြွေလွင့်ခဲ့ရတဲ့အသက်ဝိညာဉ်တွေနဲ့ ကုန်လွန်သွားတဲ့သက္ကရာဇ်တွေဟာ လူသားမျိုးနွယ်ရဲ့ပေးဆပ်ရမှုတွေပါပဲ၊ ဒါတွေကိုကျွန်တော်တို့တတွေ အမြဲအမှတ်ရနေဖို့လိုပါတယ်။ အဲဒီလိုကမ္ဘာ့နိုင်ငံပေါင်းများစွာ စစ်ပွဲတွေစဉ်ဆက်မပြတ် ဆင်နွဲနေတဲ့အချိန်ကာလမှာ နိုင်ငံတစ်နိုင်ငံရဲ့အခိုင်အမာတည်ဆောက်ထားတဲ့စစ်တပ်ဟာ အဲဒီနိုင်ငံရဲ့အင်အားဖြစ်ပါတယ်။ တိုက်ခိုက်သိမ်းပိုက်မှုကြောင့်ပဲဖြစ်ဖြစ်၊ ကျူးကျော်လာမှုမှန်သမျှကို ပြန်လည်တွန်းလှန်ချေမှုန်းနိုင်ဖို့ပဲဖြစ်ဖြစ် စစ်တပ်ဆိုတာဟာ နိုင်ငံတိုင်းရဲ့အဓိကကျတဲ့ အသက်သွေးကြောဖြစ်ပါတယ်။ ဒါပေမယ့် အချို့နိုင်ငံရေးကိစ္စရပ်တွေမှာ တိုက်ခိုက်သတ်ဖြတ်ဖို့ လိုအပ်ပေမယ့်လည်း အတိအလင်းစစ်ကြေညာပြီး ပေါ်ပေါ်တင်တင်တိုက်ယူလို့မရတာမျိုးတွေရှိပါတယ်၊ အဲဒီလိုမျိုးအကြောင်းအရာတွေကြောင့် ဟိုးအရင်ခေတ်တွေကတည်းက ကမ္ဘာ့နိုင်ငံတွေဟာ သိုသိပ်တဲ့အချင်းအရာတွေကိုဆောင်ရွက်ဖို့အတွက် လျှို့ဝှက်တဲ့လုပ်ကြံသတ်ဖြတ်သူအဖွဲ့တွေကို စစ်တပ်နဲ့အတူ ဖွဲ့စည်းထားကြတာဖြစ်ပါတယ်။ အဲဒီလိုအဖွဲ့တွေထဲမှာမှ လုပ်ကြံသတ်ဖြတ်ခြင်းပညာရပ်ကို တစ်ဖက်ကမ်းခတ်အောင် တက်မြောက်ထားကြတဲ့ သမိုင်းဝင်အဖွဲ့ပေါင်းများစွာရှိပါတယ်။ အခုဒီစာစောင်မှာ အဲဒီလိုလျှို့ဝှက်လူသတ်အဖွဲ့တွေထဲကမှ နာမည်ကျော်ခဲ့ကြတဲ့ ရာဇဝင်တွင်အဖွဲ့ ၇ ဖွဲ့ကို အားလုံးအတွက် ဗဟုသုတဖြစ်ဖွယ် ပြန်လည်ရေးသားတင်ဆက်လိုက်ပါတယ်။ အားလုံးပဲ စိတ်ဝင်စားတယ်ဆိုရင် ဆက်ဖတ်ကြည့်ကြပါဦး။


The Hashshashin (ဟက်ရှရှင်အဖွဲ့)

လက်ရှိမှာတစ်ကမ္ဘာလုံးသုံးနှုန်းနေကြတဲ့ လုပ်ကြံသတ်ဖြတ်သူ Assassin (အက်စဆင်) ဆိုတဲ့ဝေါဟာရဟာ ဒီ Hashshashin (ဟက်ရှရှင်) ဆိုတဲ့စကားလုံးကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ သူတို့ခေတ်သူတို့အခါတုန်းက လူသိများပြီး အားလုံးကြောက်ရွံ့ကြတဲ့ ဒီဟက်ရှရှင်အဖွဲ့ဟာ အေဒီ ၁၁ ရာစုကနေ ၁၃ ရာစုအထိ အဖွဲ့လိုက်လှုပ်ရှားမှုနဲ့ မစ်ရှင်တွေကို ဆောင်ရွက်ခဲ့ပါတယ်။ ဟက်ရှရှင်အဖွဲ့သားတွေဟာ သူတို့ရဲ့ဂိုဏ်းကို “အယူဝါဒသစ်” (သူတို့ရဲ့သာဘာစကားအရ  Al-da’wa al-Jadida) လို့သတ်မှတ်ခဲ့ကြပြီး အဖွဲ့ကို အေဒီ ၁၀၉၀ မှာ ဟဆန်အိုင်ဆာဘ (Hasan I Sabbah) က ပါးရှားနိုင်ငံမှာ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ဟက်ရှရှင်အဖွဲ့ဟာ နိုင်ငံရေးနဲ့ဘာသာရေး ရည်ရွယ်ချက်တွေအောက်မှာအဓိကလှုပ်ရှားကြပြီး သူတို့ရဲ့ပစ်မှတ်အများစုဟာ သူတို့တိုင်းပြည်ကို လက်ဝါးကြီးအုပ်စိုးချယ်လှယ်နေတဲ့ ဆူနီ (Sunni) အစိုးရအရာရှိတွေဖြစ်ပါတယ်။ ဒါပေမယ့် သူတို့အတွက်အကျိုးရှိစေမယ့် ကိစ္စရပ်တွေအတွက်လည်း လုပ်ကြံသတ်ဖြတ်မှုတွေကို ဆောင်ရွက်ပေးကြပါတယ်။ အဲဒီထဲကမှသမိုင်းဝင်ဖြစ်ရပ်တစ်ခုကတော့ ခရူဆိတ် (Crusade) စစ်သူရဲကောင်းတွေရဲ့တောင်းဆိုမှုကြောင့် ဂျေရူးစလင်မြို့ရဲ့ဘုန်းတော်ကြီးကို လျှို့ဝှက်စွာလုပ်ကြံသတ်ဖြတ်ခဲ့တာပဲဖြစ်ပါတယ်။ အဲဒီဟက်ရှရှင်ဆိုတဲ့နာမည်ကို အက်စဆင်ဆိုတဲ့နာမည်အဖြစ် ဥရောပတိုက်ကို ပြန်လည်သယ်ဆောင်သွားသူတွေကတော့ ခရူဆိတ်တွေပဲဖြစ်ပါတယ်။ ဟက်ရှရှင်တွေဟာ တကယ့်ကိုကျွမ်းကျင်ပါးနပ်တဲ့ လူသတ်သမားတွေဖြစ်ပြီး တစ်ယောက်ယောက်ကို ပစ်မှတ်ထားပြီဆိုရင် ပစ်မှတ်ကိုချဉ်းကပ်ဖို့နဲ့ အလွယ်တကူသရုပ်ဖျက်ဝင်ရောက်ဖို့အတွက် ပစ်မှတ်ရှိရာဒေသရဲ့ဘာသာစကားနဲ့ ယဉ်ကျေးမှုတွေကို အရင်ဆုံးလေ့လာသင်ယူပါတယ်။ ဟက်ရှရှင်အဖွဲ့သားတွေဟာ ဘယ်တော့မှကိစ္စရပ်တစ်ခု၊ အလုပ်တစ်ခုကို အလောတကြီးဆောင်ရွက်လေ့မရှိပါဘူး၊ လတွေနှစ်တွေအထိ အချိန်ယူသင့်ရင်ယူပြီး အခွင့်ကောင်းတစ်ခုကို အမိအရဆုပ်ကိုင်နိုင်ပြီဆိုမှ ပစ်မှတ်ကိုသိုသိုသိပ်သိပ်နဲ့ အပြတ်ရှင်းပစ်တဲ့သူမျိုးတွေ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အရာအားလုံးမှာအတက်အကျဆိုတာ ရှိစမြဲမို့  ၁၂၅၆ ခုနှစ်မှာတော့ ဟက်ရှရှင်အဖွဲ့ဟာ သူတို့ထက်အဆမတန် အင်အားကြီးမားတဲ့မွန်ဂိုအင်ပါယာရဲ့ အမြစ်ဖြတ်သုတ်သင်ရှင်းလင်းမှုကို ခံခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ အသက်ရှင်ကျန်ခဲ့ကြတဲ့ ဟက်ရှရှင်အဖွဲ့သားတွေဟာ ဟိုတစ်စု၊ ဒီတစ်စု ပြန်လည်စုပေါင်းပြီးနေထိုင်ခဲ့ကြပေမယ့် အရင်လိုမျိုးအနေအထားကိုတော့ ဘယ်တော့မှရောက်မလာခဲ့ပဲ တဖြည်းဖြည်းပပျောက်သွားခဲ့ပါတယ်။

The Sicarii (စီကာရီအဖွဲ့)

ဟက်ရှရှင်အဖွဲ့လိုပဲ ဘာသာရေးနဲ့နိုင်ငံရေးရည်ရွယ်ချက်တွေအောက်မှာ အဓိကလှုပ်ရှားကြတဲ့အဖွဲ့ နောက်တစ်ဖွဲ့ရှိပါတယ်။ အဲဒီအဖွဲ့ကတော့ အေဒီ ၆၀ တဝိုက်ဝန်းကျင်မှာ လှုပ်ရှားမှုတွေလုပ်ခဲ့ကြတဲ့ ဂျူးလုပ်ကြံသူတို့ရဲ့ စီကာရီအဖွဲ့ပဲဖြစ်ပါတယ်။ အဖွဲ့ရဲ့အဓိကရည်ရွယ်ချက်ကတော့ ရိုမန်တွေနဲ့ သစ္စာဖောက်ဂျူးတွေကို သုတ်သင်ဖို့နဲ့ ဂျူးတွေရဲ့မြေပေါ်ကနေ အပြီးအပိုင်မောင်းထုတ်ဖို့ဖြစ်ပါတယ်။ Sicarii ဆိုတဲ့နာမည်ရဲ့အဓိပ္ပါယ်ကတော့ ဓါးမြှောင်လူ (Dagger man) ပဲဖြစ်ပါတယ်။ စီကာရီအဖွဲ့သားတွေ အသုံးပြုတဲ့အဓိကလက်နက်ဟာ ဓါးမြှောင်ဖြစ်ပြီး ခေါင်းဆောင်းစွပ်ထားပြီး ခါးမှာဓါးမြှောင်ချိတ်ထားတဲ့ ဂျူးစီကာရီအဖွဲ့ဝင်တွေရဲ့ပုံစံဟာ အားလုံးထဲကကွဲထွက်ပြီး နာမည်ဂုဏ်သတင်းကျော်ကြားပါတယ်။ စီကာရီအဖွဲ့ဟာ ဂျူးခေါင်းဆောင် မန်နာဟန် (Menahem) လက်အောက်မှာ အင်အားအကြီးမားဆုံးဖြစ်ခဲ့ပြီး ဘုန်းတော်ကြီးဂျိုနသန်ကိုလူပ်ကြံမှုကြောင့် သမိုင်းတစ်လျှောက်လူသိများပါတယ်။ စီကာရီအဖွဲ့သားတွေဟာ ပျော်ပွဲရွင်ပွဲတွေနဲ့ လူအများစုဝေးရာအရပ်မှာ သူတို့ရဲ့ပစ်မှတ်ကိုသုတ်သင်လေ့ရှိကြပြီး သေဆုံးမှုကိုလူတွေသတိမထားမိခင်လေးမှာ ကိုယ်ယောင်ဖျောက် ပျောက်ကွယ်သွားတတ်ကြပါတယ်။ စီကာရီအဖွဲ့ဟာ လုပ်ကြံသတ်ဖြတ်မှုတွေသာမက ပြန်ပေးဆွဲမှုကိုလည်းလုပ်ကြပါတယ်၊ အဓိကအားဖြင့် ဂျူးဘုန်းကြီးတွေနဲ့ အခွင့်ထူးခံလူတန်းစားတွေကို အကျိုးအမြတ်တစ်ခုခုအလဲအလှယ်နဲ့ ပြန်ပေးဆွဲကြပါတယ်။ ဒါပေမယ့် အေဒီ ၇၃ ခုနှစ်မှာတော့ စီကာရီခံတပ်စခန်းကို ရိုမန်အင်ပါယာတပ်တွေရဲ့ ဝင်ရောက်စီးနင်းခဲ့ပြီး ခံတပ်ကိုဖြိုဖျက်ခဲ့ပါတယ်။ ဒါပေမယ့် ရိုမန်တွေ အထဲရောက်တဲ့အချိန်မှာ ရန်သူ့လက်အောက်အရောက်ခံမယ့်အစား ဂုဏ်ကျက်သရေရှိရှိ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားကြတဲ့ စီကာရီအဖွဲ့သားတွေရဲ့ အလောင်းတွေကိုပဲ အစီအရီတွေ့ခဲ့ရပါတယ်။ 



The Ninja (နင်ဂျာ)

တိတ်တဆိတ်လုပ်ကြံမှုတွေ၊ ချောင်းမြောင်းသတ်ဖြတ်မှုတွေနဲ့ ကိုယ်ယောင်ဖျောက်မျက်ခြေဖြတ်မှုတွေအကြောင်း ပြောမယ်ဆိုရင် ဂျပန်ပြည်ကနင်ဂျာဂိုဏ်းတွေကို မေ့ထားလို့မရပါဘူး။ ဒီစာစောင်မှာပါဝင်တဲ့ လူသတ်အဖွဲ့ ၇ ဖွဲ့ထဲမှာ နင်ဂျာဂိုဏ်းတစ်ခုခုတော့ ပါလာလိမ့်မယ်လို့တော့ အားလုံးတွေးထားပြီးသားဖြစ်မှာပါ၊ ဟုတ်ပါတယ်။ ဂျပန်အခေါ်အဝေါ်အရ ရှီနိုဘီ (Shinobi) လို့အမည်ရတဲ့နင်ဂျာတွေဟာ ၁၃ ရာစုနဲ့ ၁၅ ရာစုအထိ ဂျပန်ပြည်ရဲ့ဆန်ဂိုခုခေတ် (Sengoku) မှာ လှုပ်ရှားမှုတွေကို အဓိကပြုလုပ်ခဲ့ပါတယ်။ အချို့သမိုင်းပညာရှင်တွေကတော့ နင်ဂျာတွေဟာ နိမ့်ကျတဲ့မျိုးနွယ်စုတွေနဲ့ ရာထူးကဖြုတ်ချခြင်းခံခဲ့ရတဲ့ ဆာမူရိုင်းဟောင်းတွေဖြစ်တယ်လို့ သုံးသပ်ကြသလို တချို့နင်ဂျာဂိုဏ်းတွေဟာလည်း ကိုယ်ပိုင်ဆိုင်တဲ့နယ်နိမိတ်တွေမှာ နင်ဂျာလေ့ကျင့်ရေးစခန်းတွေကို တည်ထောင်ပြီး မျိုးနွယ်စုအလိုက်လှုပ်ရှားကြပါတယ်။ နင်ဂျာအတတ်ပညာသင်ကြားတဲ့ လေ့ကျင့်ရေးစခန်းတွေမှာ သမိုင်းတစ်လျှောက်အထင်ရှားဆုံးကတော့ အိဂ (Iga) နဲ့ ခိုဂ (Koga) နယ်က နင်ဂျာကျောင်းတွေပဲဖြစ်ပါတယ်။ နင်ဂျာဖြစ်လာမယ့်အလောင်းလျာတွေဟာ လေ့ကျင့်ရေးစခန်းမှာ နင်ဂျူဆု (Ninjutsu) လို့ခေါ်တဲ့ နင်ဂျာတိုက်ခိုက်ရေးပညာကို သင်ကြားကြပြီး လျှို့ဝှက်စွာတိုက်ခိုက်တာတွေ၊ ချောင်းမြောင်းလုပ်ကြံတာတွေနဲ့ ကိုယ်ခန္ဓာအတတ်ပညာတွေကို လေ့လာဆည်းပူးရပါတယ်။ တစ်ချိန်တည်းမှာပဲ အမှောင်ထဲမှာလှုပ်ရှားတာတွေ၊ ကိုယ်ယောင်ဖျောက်အတတ်ပညာတွေကိုပါ လေ့လာရသလို ဓါး၊ စကြာ၊ ချိတ်ကြိုး၊ အဆိပ်နဲ့ လက်ပစ်ဗုံးတွေကို ဘယ်လိုအသုံးပြုရမလဲဆိုတာတွေကိုပါ သင်ကြားရပါတယ်။ ဂုဏ်နဲ့သိက္ခာကိုရှေ့တန်းတင်တဲ့ ဆာမူရိုင်းတွေမလုပ်တဲ့ ကိစ္စရပ်တွေကို ဆောင်ရွက်သူတွေကတော့ နင်ဂျာတွေပါပဲ။ နင်ဂျာဂိုဏ်းတွေအင်အားကြီးထွားလာတာနဲ့အမျှ ၁၆ ရာစုနောက်ပိုင်းမှာတော့ ဂျပန်ပြည်ရဲ့ထင်ရှားတဲ့စစ်ဘုရင် အိုဒနိုဘူနဂ (Oda Nobunaga) ကနေပြီး နင်ဂျာလှုပ်ရှားမှုတွေကို လျှော့ချပစ်ခဲ့ပါတယ်။ ဒါပေမယ့် ၁၈ ရာစုမှာတော့ နင်ဂျာတွေပြန်လည်နိုးကြားလာခဲ့ပြီး ယခုခေတ်ဂျပန်ပြည်ရဲ့ အထူးလျှို့ဝှက်တပ်ဖွဲ့ဖြစ်လာဖို့ အစပြုရာနေရာနဲ့ အခြေခံကျောရိုးတစ်ခုဖြစ်ခဲ့ပါတယ်။ 


အပိုင်း (၂) ကို မကြာခင်မှာဆက်လက်ဖော်ပြပေးသွားမှာမို့ စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်နိုင်ပါတယ်။

Yan
Ref: historycollection