Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Tuesday, June 12, 2018

ဆယ်စုနှစ်တစ်ခုတိုင်အောင် စောင့်မျှော်ခဲ့ရတဲ့ Devil May Cry 5 ဂိမ်းသစ်ဟာ အားလုံးရဲ့မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မှာလား?


၂၀၁၈ ခုနှစ်ရဲ့ E3 ပွဲကြီးစတင်ပြီဖြစ်တဲ့အတွက် အခုအချိန်ဟာ ဂိမ်မာတွေအားလုံးမျှော်လင့်နေကြတဲ့ အခိုက်အတန့်ဖြစ်နေပါတယ်။ ပွဲစပြီဆိုတာနဲ့တစ်ပြိုင်နက် ဂိမ်းဖန်တီးသူတွေနဲ့ ဂိမ်းကုမ္ပဏီတွေဟာ သူတို့ဖန်တီးထားတဲ့ ဂိမ်းအသစ်တွေကို ဆော့ကစားနိုင်မယ့် ပလက်ဖောင်းတွေနဲ့တကွ ထုတ်ပြလာကြပါတယ်။ E3 ပွဲကြေညာချက်တွေကနေတဆင့် အနာဂတ်မှာထွက်ရှိလာမယ့် ဂိမ်းကောင်းပေါင်းမြောက်မြားစွာကို သိရှိနိုင်ပြီး ဘယ်သူမှမထင်မှတ်ထားတဲ့ ဂိမ်းတွေကိုလည်း မျှော်လင့်လို့ရပါတယ်။ ဇွန်လ ၁၁ ရက်နေ့မှာ စတင်ပြီဖြစ်တဲ့ E3 ပွဲကြီးမှာ ပထမဦးဆုံး ထုတ်ဖော်ရှင်းလင်းမှုပြုလုပ်သူကတော့ Microsoft ပဲဖြစ်ပြီး Xbox One ပလက်ဖောင်းမှာဆော့နိုင်မယ့် ဂိမ်းတွေကိုချပြရင်းနဲ့ Devil May Cry 5 ဂိမ်းထွေလာကိုပါ တစ်ခါတည်းထုတ်ပြခဲ့တာဖြစ်ပါတယ်။ ဂိမ်းထွေလာဟာ နှစ်မိနှစ်ကျော်ရှည်လျားပြီး ဂိမ်းကစားဟန်ပုံစံနဲ့ ဇာတ်ကွက်အချို့ကို အသားပေးထည့်သွင်းဖော်ပြထားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ နောက်ထပ်လာမယ့် Devil May Cry ဂိမ်းနဲ့ပတ်သက်တဲ့ ကောလဟာလတွေနဲ့ ဖန်တီးမှုတွေစတင်နေပြီဆိုတဲ့ သတင်းတွေဟာ လွန်ခဲ့တဲ့နှစ်နှစ်လောက်ကတည်းက အင်တာနက်ပေါ်မှာပြန့်နှံ့ခဲ့ပေမယ့် Capcom ဘက်ကပြောရေးဆိုခွင့်ရှိသူတွေအနေနဲ့ ဘယ်လိုအတည်ပြုချက်မှ ထုတ်ပြန်ခြင်းမပြုခဲ့ပါဘူး။ ဒါပေမယ့် ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့မှာတော့ Devil May Cry ဂိမ်းစီးရီးကို ပင်တိုင်ဖန်တီးရေးဆွဲသူ ဒါရိုက်တာဖြစ်တဲ့ Hideaki Itsuno ကိုယ်တိုင်ကနေပြီး E3 ပွဲရဲ့စင်မြင့်ထက်မှာ "Devil May Cry စီးရီးရဲ့ စစ်မှန်တဲ့နောက်ဆက်တွဲဂိမ်းသစ်" လို့ပြောကြားပြီး ဂိမ်းထွေလာကို ချပြခဲ့တာဖြစ်ပါတယ်။ ဒီတော့ ဆယ်စုနှစ်တစ်ခုတိုင်အောင် ဂိမ်မာတွေစောင့်ဆိုင်းခဲ့ရတဲ့ Devil May Cry 5 အနေနဲ့ တကယ်တမ်းထွက်ရှိလာမယ့်အချိန်မှာ ဘယ်လိုမျိုးပုံစံနဲ့ ထွက်ရှိလာမလဲ? အခုချပြခဲ့တဲ့ထွေလာကိုကြည့်ပြီး ဘာတွေကိုခန့်မှန်းနိုင်မလဲ? ဇာတ်လမ်းဇာတ်အိမ် တည်ဆောက်ဖန်တီးထားပုံကရော ဘယ်လိုရှိသလဲ? အစရှိတာတွေအားလုံးကို ခြုံငုံသုံးသပ်ပြီး တစ်ချက်လောက်ဆွေးနွေးကြစို့ဗျာ။



 á€•á€­á€Żá€™á€­á€Żá€›á€„အ်ကဝက်ပဟဎး ကွဲပြားဆန်းသစ်တဲ့ပုံစံနဲ့တွေ့ရမယ့် အဓိကဇာတ်ဆောင် Nero

၂၀၀၈ ခုနှစ်ကထွက်ရှိခဲ့တဲ့ Devil May Cry 4 မှာ Dante မဟုတ်တဲ့ အဓိကဇာတ်ဆောင်တစ်ယောက်ကို အသားပေးပွဲထုတ်ထားတာ တွေ့ရမှာဖြစ်ပါတယ်။ အဲဒါကတော့ Order of the Swords ဘာသာရေးဂိုဏ်းရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ဆယ်ကျော်သက်အရွယ် Nero ပဲဖြစ်ပါတယ်။ Dante ငယ်ရွယ်စဉ်တုန်းက ပုံပန်းသွင်ပြင်၊ စိတ်နေသဘောထားနဲ့ ဟော့ဟော့ရမ်းရမ်းနိုင်တဲ့ ဇာတ်ကောင်သစ် Nero ကို စီးရီးရဲ့အဓိကဇာတ်ဆောင်အဖြစ် ပထမနေရာမှာထားပြီး ဂိမ်မာများအားလုံးက ဆော့ကစားခဲ့ရတာဖြစ်ပါတယ်။ အခုလာမယ့် Devil May Cry 5 မှာတော့ ဖြစ်ရပ်တွေအားလုံးအဆုံးသတ်သွားတဲ့နောက်ပိုင်း နှစ်အတော်အတန်အချိန်ကုန်လွန်ခဲ့ပြီး ဆယ်ကျော်သက် Nero ဟာ အသက်နှစ်ဆယ့်ငါးနှစ်ဝန်းကျင်ဖြစ်လာပါပြီ။ အရင်ကလိုဆံပင်ငွေရောင်ကို မျက်နှာရှေ့မှာဝဲနေအောင်မချထားတော့ဘဲ ခေါင်းဆောင်းပါတဲ့ အနက်ရောင် ကုတ်အကျီရှည်နဲ့အတူ သူကိုင်ဆောင်နေကျလက်နက်တွေဖြစ်တဲ့ Red Queen ဓါးနဲ့ Blue Rose ပစ္စတိုသေနတ်ကို ကိုင်ဆောင်ထားတာတွေ့ရမှာဖြစ်ပါတယ်။


Rico ဆိုတဲ့ပါတနာသစ်နဲ့အတူ Devil Hunter တစ်ယောက်ဖြစ်လာခဲ့တဲ့ Nero

Devil May Cry ဂိမ်းစီးရီးရဲ့အဓိကဇာတ်ဆောင်ဟာ နတ်ဆိုးခေါင်းဆောင် Sparda ရဲ့သား Dante ဖြစ်ပါတယ်။ Dante ဟာနတ်ဆိုးသွေးတစ်ပိုင်း၊ လူသားတစ်ပိုင်းရောယှက်နေတဲ့ နတ်ဆိုးနှိမ်နင်းသူ Devil Hunter တစ်ယောက်လည်းဖြစ်သလို စီးရီးရဲ့ဗီလိန်ဖြစ်တဲ့ Vergil ရဲ့အမြွာညီအစ်ကိုလည်းဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၁၉ ခုနှစ်မှာတော့ အဲဒီနေရာကို Nero ကလက်ပြောင်းယူလိုက်ပုံပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ Nero ဟာ စီးရီးရဲ့ ဇာတ်ကောင်သစ်တစ်ယောက်ဖြစ်တဲ့ Nico ဆိုတဲ့အမျိုးသမီးပါတနာနဲ့အတူ ပူးပေါင်းလှုပ်ရှားပြီး နတ်ဆိုးတွေကို hunt လုပ်လို့ပဲဖြစ်ပါတယ်။ Nero နဲ့ Nico ဟာ အပြာရောင်နီယွန်မီးလိုင်းတွေနဲ့ Devil May Cry စကားလုံးပုံဖော်ထားတဲ့ ပေါင်မုန့်ကားကို စီးနင်းနေတာကိုလည်း ထွေလာမှာအားလုံးတွေ့ခဲ့ရမှာပါ။ ဒါ့အပြင်ထွေလာအရ Nico ဟာ Nero ရဲ့လက်နက်ပိုင်းဆိုင်ရာလိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး အထောက်အပံ့ပေးတဲ့သူလည်းဖြစ်ပါတယ်။


နယ်မြေသစ်ဖြစ်တဲ့ Red Grave မြို့ကို တခြားကမ္ဘာကနတ်ဆိုးတွေ ကျူးကျော်ဝင်ရောက်လာမှု

Devil May Cry 4 ကို ရှေးကျတဲ့မြို့ပြအဆောက်အုံတွေရှိတဲ့ Fortune City မှာ ဇာတ်အိမ်တည်ထားပြီး Devil May Cry 5 ကိုတော့ နယ်မြေသစ်ဖြစ်တဲ့ Red Grave City (အုတ်ဂူနီမြို့တော်) မှာ ဇာတ်အိမ်တည်ထားပါတယ်။ ဒီမြို့ဟာ Reboot DmC ထဲမှာ ပါဝင်တဲ့ မြေအောက်ကမ္ဘာ Limbo နဲ့ အနည်းငယ်ပုံစံတူပြီး လက်ရှိခေတ်တိုက်တာအဆောက်အအုံတွေရှိတာကိုလည်း တွေ့ရမှာပါ။ လက်ရှိအချိန်ထိ သိရသမျှတော့ နတ်ဆိုးတွေဟာ Demon Tree လို့အမည်ရတဲ့ ဝင်ပေါက်နေရာကနေတဆင့် Red Grave City ကိုကူးသန်းဝင်ရောက်လာကြတာဖြစ်ပါတယ်။ အဲဒီအချိန်မှာ မြို့ရဲ့စစ်တပ်နဲ့ နတ်ဆိုးတွေကြားက တိုက်ပွဲတွေဟာ လုံးဝပြင်းထန်နေပြီး ပျက်သုန်းလုနီးပါးဖြစ်နေတဲ့ Red Grave City ရဲ့အခြေအနေကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။ များပြားလှတဲ့ နတ်ဆိုးမိစ္ဆာတွေရဲ့ ကျူးကျော်ဝင်ရောက်လာမှုဟာ လက်ရှိမှာ Devil Hunter တစ်ယောက်ဖြစ်နေတဲ့ Nero ကို စိန်ခေါ်လိုက်တဲ့သဘောဖြစ်ပါတယ်။ ဒါပေမယ့် ဂိမ်းထဲမှာ Devil Hunter သုံးယောက်ပါဝင်လိမ့်မယ်လို့ဆိုတဲ့အပြင် လေနှင်ရာလွင့်နေတဲ့ Dante ရဲ့သတင်းအစအနကိုလည်း ဘာမှမကြားသိရပါဘူး။ ဒီတော့ Dante နဲ့ Nero အပြင် နောက်ထပ်တွေ့ရမယ့် Devil Hunter ဆိုသူက ဘယ်သူလဲဆိုတာ စဉ်းစားစရာပါပဲ။


Devil May Cry 5 တရားဝင်ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ ဂိမ်းဇာတ်လမ်းအကျဉ်းချူပ်စာပိုဒ် 

ဂိမ်းထွေလာမထွက်လာခင် ရက်အနည်းအလိုမှာ Capcom ကနေပြီး Devil May Cry 5 ရဲ့တရားဝင်ဝက်ဘ်ဆိုဒ်လိပ်စာကို မှတ်ပုံတင်ခဲ့ပြီး အဲဒီကိစ္စဟာလည်း ဂိမ်းထွက်လာဖို့အတွက် သေချာလုံလောက်တဲ့သတင်းတစ်ခုဖြစ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ အဲဒီဝက်ဘ်ဆိုဒ်ထဲကို ဝင်ရောက်နိုင်ပြီဖြစ်ပြီး ဝက်ဘ်ဆိုဒ်မှာ ဂိမ်းရဲ့ဇာတ်လမ်းအကျဉ်းကို ဖော်ပြထားတာတွေ့နိုင်ပါတယ်။ အဲဒီစာပိုဒ်အရဆိုရင်တော့ "အတိတ်ကဖြစ်ရပ်တွေအပြီး နှစ်တွေကုန်လွန်ခဲ့ပြီ။ အားလုံးမေ့လျော့နေခဲ့တဲ့ နတ်ဆိုးလောကရဲ့ ကျူးကျော်မှုတွေဟာ ဒီကမ္ဘာမြေကိုတစ်ကြော့ပြန် ရောက်ရှိလို့လာတယ်။ Red Grave City မှာအမြစ်တွယ်ပြီး ကြီးထွားရှင်သန်နေတဲ့ Demon Tree ကနေတဆင့် နတ်ဆိုးမိစ္ဆာတွေ ဝင်ရောက်လာကြတယ်။ အဲဒီလိုကျူးကျော်ဝင်ရောက်မှုကို တားဆီးဖို့ Dante ရဲ့မဟာမိတ်ဖြစ်တဲ့ Nero အပေါ်မှာ တာဝန်အပြည့်ရှိတဲ့အတွက် Nico ဆိုတဲ့အမျိုးသမီးပါတနာတစ်ယောက်နဲ့အတူ Devil May Cry လို့အမည်ပေးထားတဲ့ ကားကိုမောင်းပြီး Red Grave City ဆီ ဦးတည်ထွက်လာခဲ့တယ်" လို့ရေးထားတာကို တွေ့ရမှာပါ။  Nero ရဲ့စွမ်းအားဗဟိုချက်ဖြစ်တဲ့ Devil Bringer လက်နေရာမှာ အခုဆိုရင် စက်ရုပ်လက်နဲ့အစားထိုးထားပြီး ထွေလာမှာ Nero ရဲ့လက်ကို ဘယ်သူမှန်းမသိရသေးတဲ့ ဇာတ်ကောင်တစ်ယောက်က ဖြတ်ယူလိုက်တာကိုလည်း တွေ့ခဲ့ရပါတယ်။ ဒီတော့ တကယ့်ဇာတ်လမ်းက ဘယ်လိုလာဦးမလဲဆိုတာတော့ အတော်လေးစိတ်ဝင်စားစရာကောင်းနေပါတယ်။


Dante နဲ့ Nero တို့ရဲ့ပေါင်းစည်းမှု၊ Vergil နဲ့ Nero အကြားက ဆက်နွယ်မှုနဲ့ အနှစ်ချူပ်

ဒီလောက်ဆိုရင်တော့ ဇာတ်လမ်းအရိပ်အခြေကို အားလုံးခန့်မှန်းလို့ရလောက်ပြီ ထင်ပါတယ်။ ထွေလာအရဆိုရင် Nero ရဲ့လက် အဖြတ်ခံထားတဲ့နေရာကနေ ဇာတ်လမ်းစနိုင်ပြီး ခရီးတစ်ဝက်လောက်ရောက်မှာ Dante ရဲ့အရိပ်အယောင်ကို တွေ့နိုင်ခြေများပါတယ်။ ဒါ့အပြင် Nero နဲ့ Vergil တို့ကြားက ဆက်နွယ်မှုနဲ့ Nero လက်ကိုဖြတ်သွားတဲ့သူက ဘယ်သူဖြစ်မလဲဆိုတာကလည်း စဉ်းစားစရာပါပဲ။ တစ်ခုတွေးစရာရှိတာက Vergil ကိုင်ဆောင်တဲ့လက်နက်၊ Nero ရဲ့ Devil Bringer လက်ထဲမှာရှိနေတဲ့ Yamato ဓါးဟာ တခြားကမ္ဘာက နတ်ဆိုးတွေကို ခေါ်ယူဖို့အတွက်ဝင်ပေါက်အနေနဲ့ အသုံးပြုလို့ရပါတယ်။ Yamato ဓါးဟာ နတ်ဆိုးတွေကိုဖိတ်ခေါ်ဖို့ လိုအပ်ချက်တစ်ခုဖြစ်တဲ့အတွက် အဲဒီအမည်မသိဇာတ်ကောင်ဟာ Nero လက်ကိုဖြတ်ခဲ့တာလား? ဒါမှမဟုတ် ပျက်သုန်းတော့မယ့် Red Grave City နဲ့ ကမ္ဘာကြီးကို အချိန်မှီကယ်တင်ဖို့အတွက် ဖြေရှင်းချက်တွေမပေးဘဲ Nero ဆီက Yamato ဓါးကိုယူခဲ့တာလား? Devil May Cry ဂိမ်းစီးရီးရဲ့အခရာကျတဲ့ဇာတ်ကောင်ဖြစ်တဲ့ Vergil ဟာလည်း ဒီဂိမ်းထဲမှာ လူကောင်းဖြစ်မလား၊ ဗီလိန်ဖြစ်မလားဆိုတာ မသိရသေးတဲ့အပြင် အစအနကိုတောင် လုံးဝမတွေ့ရသေးပါဘူး။ ဂိမ်းထွက်ရှိမယ့်ရက်စွဲကတော့ ၂၀၁၉ ခုနှစ်၊ နွေရာသီဖြစ်ပြီး Xbox One, PS4 နဲ့ PC ပလက်ဖောင်းသုံးမျိုးအပေါ်မှာ ဆော့ကစားနိုင်မယ်လို့ သိရပါတယ်။ ပရိသတ်တွေအနေနဲ့ကတော့ လက်ရှိအချိန်မှာ နောက်ထပ်ဘာတွေထပ်လာမလဲဆိုတာကို စောင့်ဆိုင်းနေကြဖို့ပဲ လိုပါတယ်။ Devil May Cry စီးရီးရဲ့အမာခံပရိသတ်တစ်ယောက်ဖြစ်တဲ့ ကျွန်တော့်အနေနဲ့လည်း ဆယ်စုနှစ်တစ်ခုတိုင်အောင် စောင့်မျှော်ခဲ့ရပြီးမှ ထွက်ရှိလာတဲ့ Devil May Cry 5 အပေါ်မှာ ကျေနပ်အားရမိတာတော့ အမှန်ပါ။ လက်ရှိအချိန်မှာလည်း ဂိမ်းအသစ်ကြေညာချက်ပေါင်းများစွာရှိနေတဲ့အတွက် ဒီ Devil May Cry 5 စာစောင်ကို ဒီမှာအဆုံးသတ်ကြောင်းပြောရင်း နောက်ထပ်ဂိမ်းဆောင်းပါးတွေမှာ ပြန်လည်တွေ့ဆုံကြပါမယ်။


Yan
Ref: Polygon, Gamespot, Kotaku

No comments:

Post a Comment