မကြာခင်ရောက်ရှိလာတော့မယ့် ၂၀၁၉ ခုနှစ်ဟာ ဂိမ်မာတွေအားလုံးရဲ့ရွှေနှစ်ဖြစ်သလို ပီတီအဝေဖြာရဆုံးကာလလို့ ဆိုရင်လည်း မှားမယ်မထင်ပါဘူး။ ၂၀၁၈ ရဲ့ E3 ပွဲမှာ ချပြထုတ်ပြန်ခဲ့တဲ့ ဂိမ်းကြေညာချက်တွေပြီးတဲ့နောက် ရှေ့နှစ်မှာ ဆိုက်ဆိုက်မြိုက်မြိုက်ထွက်ရှိလာမယ့် ဂိမ်းတွေကို ဂိမ်းချစ်သူထုကြီးက အားကြိုးမာန်တတ် တစ်ခဲနက် စောင့်မျှော်လို့နေပါတယ်။ အဲဒီထဲကမှ ဂိမ်မာတွေအထူးတလည် မျှော်လင့်ချက်ကြီးစွာ စောင့်နေကြတဲ့ ဂိမ်းကောင်းတွေထဲကတစ်ခုကတော့ အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ Capcom ရဲ့ Resident Evil စီးရီးထဲက Survival Horror ဂိမ်းအမျိုးအစားသစ် Resident Evil 2: Remastered အခွေပဲ ဖြစ်ပါတယ်။ စတင်ထွက်ရှိတဲ့ ၁၉၉၆ ခုနှစ်မှာ ကမ္ဘာကျော်ဂိမ်းတစ်ခုဖြစ်လာခဲ့တဲ့ Capcom ရဲ့ Resident Evil ဂိမ်းစီးရီးဟာ အရှိန်အဟုန်ကောင်းကောင်းနဲ့ ဆယ်စုနှစ်သုံးခုနီးပါးတိုင်အောင် Survival Horror ရဲ့အဓိပ္ပါယ်ကို RE စီးရီးနဲ့ ဖွင့်ဆိုခဲ့ပါတယ်။ အခုလာမယ့် ၂၀၁၉ ခုနှစ်ရဲ့ Resident Evil 2: Remastered အခွေမှာ ဘယ်လိုအရာတွေပါဝင်လာမလဲ? ဘာတွေကိုမျှော်လင့်လို့ရမလဲ? အစရှိတာတွေကို ဂိမ်မာတွေ သိရှိစေဖို့ ဒီစာစောင်မှာ ဖော်ပြပေးလိုက်ပါတယ်။
၁၉၉၈ ခုနှစ်ကထွက်ရှိခဲ့တဲ့ Resident Evil 2 ကို ပြန်လည်အသက်သွင်းဖန်တီးခြင်း
RE စီးရီးဟာ ၁၉၉၆ ခုနစ်မှာထွက်ရှိလာပေမယ့် တကယ်တမ်း ၁၉၉၈ မှာထုတ်ပေးခဲ့တဲ့ Resident Evil 2 ဒုတိယအခွေ ထွက်လာမှသာ ကမ္ဘာတစ်ဝှမ်းအတိုင်းအတာနဲ့ ပေါက်မြောက်သွားခဲ့တာဖြစ်ပါတယ်။ နောက်နှစ် ၂၀၁၉ မှာ ထွက်ရှိလာမယ့် အခွေသစ်မှာ အရာအားလုံးကို အသေးစိတ်ပြန်လည် ဖန်တီးရေးဆွဲပြီး ခေတ်သစ်ဂိမ်းအင်ဂျင်နဲ့ မော်ဒန်ဂရုပ်ဖစ်ရုပ်ထွက်တို့ကို ပေါင်းစည်းပြီး ဂိမ်ဖန်တီးရေးဆွဲသူပညာရှင်ပေါင်း ၈၀၀ ကျော်တို့က ပါဝင်အားဖြည့်ပေးထားတဲ့ Resident Evil 2: Remastered ခွေသစ်ဖြစ်ပါတယ်။
T-Virus ပြန့်နှံ့ဝင်ရောက်လာတဲ့ Raccoon မြို့ရဲ့ သွေးပျက်ဖွယ်ဇွန်ဘီကပ်ဘေး
T-Virus စတင်ပြန့်နှံ့ခဲ့ပြီး အချိန်နှစ်လအကြာမှာတော့ အေးချမ်းသာယာမှုအပြည့်နဲ့ စည်ကားတဲ့ Raccoon မြို့လေးကို ဇွန်ဘီတွေ ကူးစက်ဝင်ရောက်လာပြီး တစ်မြို့လုံး သွေးပျက်ခြောက်ခြားဖွယ်အတိ ဖြစ်သွားခဲ့ပါတယ်။ ကမ္ဘာပျက်သလို အသက်လုပြေးနေကြတဲ့ လူတွေအကြားမှာ အားလုံးနီးတူပဲ လွတ်မြောက်ရှင်သန်နိုင်ဖို့အတွက် ဖန်တီးထားတဲ့ဂိမ်းဇာတ်ကြောင်းပေါ်မှာ ဂိမ်မာတွေ ကိုယ်တိုင် လက်တွေ့ကျကျရင်ဆိုင်ကျော်ဖြတ်ရမှာပါ။
အဓိကဂိမ်းဇာတ်ကောင်နေရာက Raccoon မြို့ရဲတပ်ဖွဲ့ဝင် Leon S.Kennedy နဲ့ ကောလိပ်ကျောင်းသူ Claire Redfield
RE စီးရီးရဲ့မင်းသားလို့ တင်စားသမုတ်ကြတဲ့ Leon S.Kennedy ဟာ Resident Evil 4 အခွေမှာစပြီး ဂိမ်မာများရဲ့ အသည်းစွဲဖြစ်ခဲ့တာပါ။ ရွှေအိုရောင်ဆံရှည်ကို မျက်နှာတစ်ခြမ်းရှေ့မှာ ဝဲနေအောင် ချထားပြီး ပစ္စတိုတစ်လက်ကိုသာ လက်နက်အဖြစ်အသုံးပြုတဲ့ အမေရိကန်အထူးအေ့ဂျင့် Leon ကို Playstation 2 ခေတ်ကို ဖြတ်ကျော်ဖူးတဲ့ဂိမ်မာတိုင်း အမှတ်တရရှိကြပါတယ်။ ဒီအခွေမှာတော့ Leon ကို Raccoon မြို့ရဲဌာနက ရဲတပ်သားငယ်လေးအဖြစ် တွေ့ုမြင်ကြရမှာဖြစ်ပြီး BSAA တပ်ဖွဲ့က Chris Redfield ရဲ့ညီမဖြစ်တဲ့ Claire Redfield ကိုတော့ ငယ်ရွယ်တဲ့ ကောလိပ်ကျောင်းသူအဖြစ် အဓိကဇာတ်ဆောင်နှစ်ယောက်နေရာက ဆော့ကစားရမှာဖြစ်ပါတယ်။
သည်းထိတ်ရင်ဖိုခြောက်ခြားမှုကေို အသားပေးမယ့် ဇွန်ဘီအပြည့်နဲ့ဂိမ်းလောက
နောက်ဆုံးထွက်ရှိခဲ့တဲ့ Resident Evil 7 မှာ Survival Horror ရဲ့အဓိကမူလရင်းမြစ်ဖြစ်တဲ့ ရင်ဖိုစိတ်လှုပ်ရှားမှုကို တစ်ဖန်ပြန်လည်ဆန်းသစ်အောင် ဖန်တီးပေးခဲ့လို့ နာမည်ကောင်းများစွာ ဆွတ်ခူးနိုင်ခဲ့တဲ့ RE စီးရီးဟာ ဒီတစ်ခေါက်လာမယ့် Resident Evil 2: Remastered မှာလည်း ထိတ်လန့်သည်းဖိုမှုကို အသားပေးထားပြန်ပါတယ်။ ၁၉၉၈ ခုနှစ်က ဂိမ်းအပြင်အဆင်နဲ့ ပတ်ဝန်းကျင်ကို အမှတ်ရထင်ဟပ်အောင် အတတ်နိုင်ဆုံးဖန်တီးပေးထားပြီး Leon နဲ့ Claire ကိုယ်နှစ်သက်ရာဇာတ်ကောင်နဲ့အတူ သူမတူတဲ့အကြောက်တရားကို ပေးစွမ်းသွားမယ်လို့ ယူဆရပါတယ်။
ထွက်ရှိလာမယ့်ရက်အတိအကျ၊ ဆော့ကစားနိုင်မယ့် ပလက်ဖောင်းတွေနဲ့ အနှစ်ချူပ်
ဂိမ်မာများအတွက် သတင်းကောင်းတစ်ခုကတော့ ဒီ Resident Evil 2: Remastered ကို သိပ်ပြီးမစောင့်ရတော့ဘူးဆိုတာပါပဲ။ ထွက်ရှိလာမယ့် ရက်အတိအကျကို ပြောရမယ်ဆိုရင်တော့ လာမယ့်နှစ် ၂၀၁၉ ခုနှစ်ရဲ့ပထမဦးဆုံး ဇန်နဝါရီ်လ ၂၅ ရက်မှာ တရားဝင်ထုတ်ပေးသွားမယ်လို့ အတိအလင်းကြေညာထားပြီး Playstation 4, Xbox One, PC အစရှိတဲ့ ဂိမ်းပလက်ဖောင်းတိုင်းမှာ ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဂိမ်းတွင်းလက်နက်သစ်၊ ဝတ်စုံသစ်၊ ဂိမ်းဇာတ်လမ်းသစ် dlc နဲ့ ရုပ်ပြပိုစတာ ပါဝင်တဲ့ Collector's Edition ကိုလည်း ကြိုတင်မှာယူနိုင်မယ်လို့ သိရပြီး မြောက်အမေရိကတစ်ဝိုက်အတွက်ဆိုရင် ဒေါ်လာ ၂၀၀ တန်ဖိုး၊ ကနေဒါကနေမှာယူလိုသူများအတွက် ဒေါ်လာ ၂၃၀ တန်ဖိုးကျသင့်မှာဖြစ်ပြီး အထက်မှာဖော်ပြခဲ့တဲ့ နယ်မြေများမှာပဲ Resident Evil 2: Remastered (Collector's Edition) ကို ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
Yan
Ref: Gamespot, Wikia
No comments:
Post a Comment