ဂိမ်းလောကရဲ့ပင်မမျက်နှာစာမှာ ရှေ့ဆုံးကရပ်တည်နေတဲ့ Sony နဲ့ Playstation ဟာ အိုင်ဒီယာအသစ်အဆန်းတွေကို အမြဲတမ်းအကောင်အထည်ဖော်ခဲ့သူပီသစွာပဲ ဒီတစ်နှစ်မှာလည်း အားလုံးထက် ခြေတစ်လှမ်းစောသွားပြန်ပါတယ်။ အဲဒါကတော့ ဂိမ်းလောကတင်မက ဖက်ရှင်လောကတစ်ဝှမ်းလုံးပါ ပါးစပ်အဟောင်းသားနဲ့ ငေးမောကြည့်ရှုရမယ့် Nike နဲ့ Playstation တို့ရဲ့ ခေတ်မှီအသပ်ရပ်ဆုံးဖန်တီးမှုတစ်ခု ဖြစ်ပါတယ်။ ကိုယ့်နယ်ပယ်အလိုက် ထိပ်ဆုံးမှာအသီးသီး ရပ်တည်နေတဲ့ အဖွဲ့အစည်းကြီးနှစ်ခုအနေနဲ့ အခုလိုမျိုး ထုတ်ကုန်တစ်ခုကို ပူးပေါင်းဖန်တီးဖို့ဆိုတာ တကယ့်ကို ခန့်မှန်းတွက်ဆရခက်သလောက် ဆန်းသစ်ထူးကဲတဲ့ ကြုံတောင့်ကြုံခဲပူးပေါင်းမှုတစ်ခု ဖြစ်ပြန်ပါတယ်။
အဲဒီလိုလက်တွဲပူးပေါင်းမှုကို တိုက်ရိုက်အကောင်အထည်ဖော်ခဲ့ပုံကတော့ ကွဲပြားခြားနားတဲ့ Nike တံဆိပ် sneaker မျိုးစုံရှိတဲ့ထဲကမှ ခေတ်မှီအတင့်တယ်ဆုံးဖြစ်သလို လူကြိုက်လည်းများတဲ့ Nike ရဲ့ Air Force One Sneaker ဖိနပ်မော်ဒယ်နဲ့ Playstation ဂိမ်းစက် console ရဲ့ဒီဇိုင်းသွင်ပြင်တို့ကို အချိုးကျကျပေါင်းစပ်ပြီး အရည်အသွေးမြင့်ရှားပါးတဲ့ Playstation Nike Air Force One ဖိနပ်ကို ဖန်တီးထုတ်လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၂ နှစ်၊ ၂၀၀၆ ခုနှစ်တုန်းက PS1 ဂိမ်းစက်အငွေ့အသက် ရောယှက်ထားတဲ့ Nike x Playstation Air Force One Low ဖိနပ်ကို ထုတ်လုပ်ခဲ့တာကြောင့် အခုလိုမျိုး Nike နဲ့ Playstation တို့အတူပူးပေါင်းဖန်တီးတဲ့ နောက်ထပ်ဖိနပ်မော်ဒယ်သစ်သစ် ထွက်ရှိလာဖို့ကိုပဲ သက်တမ်းကာလ ၁၂ နှစ်ကြာမြင့်တယ်လို့ ဆိုနိုင်ပါတယ်။ အထူးထုတ် Nike ဖိနပ်ဖြစ်တဲ့အတွက် မြင့်မားတဲ့အရည်အသွေးနဲ့ စစ်မှန်ရှားပါးမှု၊ ပိရိသေသပ်တဲ့ဒီဇိုင်းနဲ့ အနုစိတ်ဖန်တီးမှုလက်ရာတို့ကြောင့် တစ်ခေါက်မြင်လိုက်ရုံနဲ့ ထူးကဲတဲ့ဖိနပ်မော်ဒယ်ဖြစ်ကြောင်း သိရှိနိုင်ပါတယ်။
ဒီ Playstation Air Force One ကို အသေးစိတ်ခွဲခြမ်းစိတ်ဖြာကြည့်တဲ့အခါ ဖိနပ်အပြင်ဖက်သား (upper) ကို မည်းနက်တောက်ပြောင်တဲ့ အထူးလည်သာနဲ့အသေအချာချူပ်လုပ်ထားတယ်၊ Nike အမှတ်တံဆိပ်ရဲ့သင်္ကေတဖြစ်တဲ့ အမှန်ခြစ်အတွင်းမှာ Playstation ရဲ့ထင်ရှားတဲ့ လေးထောင့်၊၊ အမှား အစရှိတဲ့ ခလုတ်အမှတ်အသားတွေကို အထင်းသားမြင်ရအောင် မြှုပ်ပေးထားပြီး ဖိနပ်ရဲ့နောက်ဖနောင့် (heel support) မှာ Playstation ရဲ့ PS အမှတ်တံဆိပ်နဲ့ ခလုတ်အသီးသီးရဲ့သင်္ကေတတွေကို ထပ်မံဖော်ပြထားတာ တွေ့မြင်ရမှာဖြစ်ပါတယ်။ နောက်ပြီး ဖိနပ်ကိုကန့်သတ်အရေအတွက်သာ ထုတ်ပေးထားတဲ့အပြင် ပိုက်ဆံရှိသူတိုင်းလည်း မဝယ်ယူနိုင်ပါဘူး။ ယခုနှစ် ၂၀၁၈ ခုနှစ်ရဲ့ဇွန်လမှာ ကျင်းပခဲ့တဲ့ E3 ပွဲတစ်ပွဲတည်းမှာပဲ ဒီရှားပါးဖိနပ်ကို ကံစမ်းမဲပေါက်ပြီး ရရှိနိုင်မယ့်အခွင့်အရေးပေးထားတာပါ။ ပွဲပြီးဆုံးချိန်ကတည်းက ယခုအချိန်အထိ ဖိနပ်ကို ဘယ်နေရာမှာမှ တရားဝင်မရောင်းချသေးသလို ဈေးနှုန်းကိုလည်း မပြောပြထားပါဘူး။ သို့ပေမယ့် မကြာတော့တဲ့အချိန်မှာတော့ ပိုမိုကျယ်ပြန့်တဲ့ sneaker ချစ်သူတွေအတွက် ရရှိဝယ်ယူနိုင်အောင်စီစဉ်ပေးသွားမယ်လို့တော့ သိရပါတယ်။ Nike နဲ့ Playstation က ပြောရေးဆိုခွင့်ရှိသူများကတော့ Nike ရဲ့တရားဝင် ဝက်ဘ်ဆိုဒ်မှာ စောင့်ကြည့်ပေးကြဖို့ အားလုံးကိုအသိပေးထားပါတယ်။
တစ်ချက်လောက်ကြည့်လိုက်တာနဲ့ လိုချင်သွားမယ့် Nike နဲ့ Playstation ရဲ့ Air Force One ဖိနပ်ကို အားလုံးကြည့်ရှုနိုင်စေဖို့ ပုံတွေနဲ့တကွ ဖော်ပြပေးလိုက်ပါတယ် (၂၀၀၆ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Air Force One Low ကိုပါ ထည့်သွင်းဖော်ပြပေးထားပါတယ်) ပုံလေးတွေကြည့်ပြီး လိုချင်စိတ်ကိုချူပ်တည်းကြစို့ဗျာ။
Yan
Ref: footwearsnews, nike.com
No comments:
Post a Comment