Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Wednesday, May 31, 2017

သွေးပျက်စရာ ဘာသာရေးအရေခြုံရာဇဝတ်မှုတွေကိန်းအောင်းနေတဲ့ မွန်တားနားနယ်နဲ့ Far Cry 5


Ubisoft ကနေပြီး မေလအတွင်းမှာ Far Cry 5 reveal teaser ကိုအားလုံးအံ့အားသင့်သွားအောင် ရုတ်တရက်ချပြခဲ့ပြီး အချိန်ကောင်းဆိုသလိုပဲ နောက်တစ်ပါတ်အကြာမှာတော့ Far Cry 5 Official Trailer ကို ပရိသတ်တွေဆီ ဆက်တိုက်ထုတ်ပြခဲ့ပါတယ်။ ထွေလာထွက်ရှိလာပြီးနောက်မှာတော့ ဂိမ်းနဲ့ပတ်သတ်တဲ့ အချက်အလက်တွေနဲ့ အကြောင်းအရာတချို့ကို သိရှိခဲ့ရပါတယ်။ Far Cry 5 ကိုအခြား Far Cry ဂိမ်းတွေနဲ့ မတူညီကွဲထွက်အောင်ဖန်တီးထားပြီး အမေရိကန်အနောက်ပိုင်းကျေးလက်နယ်တစ်ခုဖြစ်တဲ့ မွန်တားနားပြည်အတွင်းက Hope County မှာ အဓိက ဇာတ်အိမ်တည်ထားပါတယ်။ အဲဒီနယ်အတွင်းမှာ အယူသည်းမှုတွေလောင်မြိုက်ပြည့်နှက်နေတဲ့ဘာသာရေးအဖွဲ့အစည်းနဲ့ သူတို့ရဲ့လက်ဝါးကြီးအုပ်ကြီးစိုးမှုတွေကို ခါးစည်းခံနေရတဲ့ချယ်လှယ်ခံအပြစ်မဲ့ပြည်သူတို့ နှစ်ဖက်ကြားက ပြင်းထန်ကြီးမားလှတဲ့ပဋိပက္ခတွေကို ကစားသူက တာဝန်ကျနယ်ထိန်းရဲလက်ထောက်တစ်ယောက်အနေနဲ့ ကိုယ်တိုင်ကိုယ်ကျတွေ့မြင်ခံစားရမှာပါ။

အခြေခံဇာတ်ကြောင်း

Far Cry 5 ကိုမွန်တားနားမြို့မှာ ဇာတ်အိမ်တည်ထားပါတယ်။ ဂိမ်းရဲ့ဇာတ်ကြောင်းအရဆိုရင်တော့ အဲဒီလိုကျေးလက်နယ်မြို့တစ်မြို့ကိုရွေးချယ်ထားတာဟာ အကိုက်ညီအသင့်တော်ဆုံးပါပဲ။ တစ်ပြည်နယ်လုံးဟာ "ဧဒင်ရဲ့ဂိတ်တံခါး" လို့အမည်ရတဲ့ဘာသာရေးဂိုဏ်းရဲ့ဝါဒဖြန့်ကျက်မှုနဲ့ အမှောင်လွှမ်းတဲ့ ထုံးတမ်းဓလေ့တွေအောက်မှာ မျှော်လင့်ချက်မဲ့စွာကျဆုံးသွားခဲ့ပါပြီ။ ကိုယ်ဟာ နယ်ထိန်းရဲလက်ထောက်တစ်ယောက်အနေနဲ့ ကိုယ်တာဝန်ကျတဲ့ကြမ္မာငင်နယ်မြေအတွင်းမှာ ကျန်ရှိနေသေးတဲ့ပြည်သူပြည်သားတွေကိုစုစည်းပြီး အဲဒီဘာသာရေးဂိုဏ်းကို အမြစ်ပြတ်အောင် တိုက်ထုတ်တော်လှန်ရမှာပဲဖြစ်ပါတယ်။

ဂိမ်းရဲ့အဓိကဗီလိန်

Far Cry 3 နဲ့ Far Cry 4 ဂိမ်းအသီးသီးရဲ့အဓိကဗီလိန်တွေဟာ ပင်ကိုစရိုက်အရရော၊ ဇာတ်ကောင်ပိုင်းအရပါ ထူးချွန်ပြောင်မြောက်အောင်ရေးဆွဲတည်ဆောက်ထားတဲ့ ဗီလိန်တွေဖြစ်ကြပါတယ်။ ဒီတော့ Far Cry 5 မှာလည်း Far Cry ဂိမ်းရဲ့ရှိရင်းစွဲဂိမ်းပုံစံကို နဂိုမူမပျက်ရလေအောင်လို့ ဧဒင်ရဲ့ဂိတ်တံခါးဂိုဏ်းရဲ့ဘာသာရေးခေါင်းဆောင်ဖြစ်သူ ဖာသာ Joseph Seed ကနေ တစ်ကြော့ပြန်ပြီးအသက်သွင်းပေးမှာပါ။ အဓိကဗီလိန်ဖြစ်သူဖာသာ Joseph Seed ရဲ့အကြောင်းကို ဘယ်လောက်မှ များများစားစားမသိရသေးပေမယ့် အရင်ဂိမ်းတွေအရဆိုရင်တော့ သူဟာ အစွန်းရောက်စိတ်နေသဘောထား၊ အတွေးအခေါ်နဲ့ ရင်ဆိုင်အနိုင်ယူရခက်မယ့် အန္တရာယ်ရှိရန်သူတော်ကြီးလို့ သတ်မှတ်နိုင်ပါတယ်။

ဂိမ်းကစားမှုပုံစံနဲ့သိရသမျှ


အခုအချိန်မှာ ဂိမ်းကစားမှုပုံစံနဲ့ပတ်သတ်ပြီး အနည်းငယ်သာသိရှိရပေမယ့် Far Cry ရဲ့နဂိုရှိရင်းစွဲဂိမ်းပုံစံကို ပြောင်းလဲသွေဖယ်ပြီးခွဲထွက်သွားမှာ မဟုတ်ဘူးလို့တော့ ကောက်ချက်ချနိုင်ပါတယ်။ အနောက်ပိုင်းကျေးလက်နယ်မွန်တားနားပြည်မှာ Open world စနစ်နဲ့ဂိမ်းကိုတည်ဆောက်ထားတာဖြစ်လို့ ခြေဦးတည့်ရာကျင်လည်သွားလာရင်း တွေ့မြင်ခံစားရသမျှတွေဟာ ကစားသူတွေကို သစ်လွင်တဲ့အတွေ့အကြုံတွေ ပေးစွမ်းသွားမှာပါ။ အရိုင်းအစိုင်းသားရဲတိရစ္ဆာန်ကြီးတွေ၊ သိမ်းယူရမယ့်မြေပုံအခြေစိုက်စခန်းတွေ၊ စိတ်ကြိုက်မောင်းနှင်လို့ရမယ့်ယာဉ်အမျိုးမျိုးနဲ့ အရင် Far Cry ဂိမ်းတွေရဲ့အငွေ့အသက်ကိုလည်း နဂိုအရသာမပျက်ရလေအောင် Far Cry 5 ကပြန်လည်ယူဆောင်လာပေးမှာပါ။ ဒါတင်မကသေးပါဘူး၊ Far Cry 5 မှာ လေယာဉ်ပျံတွေကိုပါ စီးနင်းခွင့်ရှိမှာဖြစ်ပြီး တိရစ္ဆာန်တိုက်ပွဲတွေလည်း ပါဝင်သွားမှာပါ။ ပြီးတော့ တစ်သီးပုဂ္ဂလသေနတ်ကိုင်တပ်ဖွဲ့တွေ၊ ကြမ်းကြုတ်တဲ့သားရဲတိရစ္ဆာန်တွေကိုပါ စစ်ကူအနေနဲ့ ထိုက်သင့်တဲ့အခကြေးငွေအသုံးပြုပြီး ငှားရမ်းခေါ်ယူနိုင်ဦးမှာပါ။

ကိုယ့်ဇာတ်ကောင်ကိုစိတ်ကြိုက်ပြင်ဆင်ဖန်တီးနိုင်မယ်

Far Cry 5 မှာပထမဦးဆုံးအနေနဲ့ ကစားသူတွေက ကိုယ့်ရဲ့ဇာတ်ကောင်ကိုယ် စိတ်ကြိုက်ပြင်ဆင်ဖန်တီးခွင့်ရှိမှာပါ။ ဒီတော့ ယောက်ျားသော်လည်းကောင်း၊ မိန်းမသော်လည်းကောင်း ကိုယ်နှစ်သက်ရာမျိုးနွယ်စုနဲ့အတူ ကိုယ့်ဇာတ်ကောင်ကို ကိုယ့်ဘာသာကိုယ်ရွေးချယ်ပြီး တည်ဆောက်ခွင့်ရမယ်ဆိုတဲ့သဘောပါ။ ကိုယ့်ဇာတ်ကောင်ရဲ့ရုပ်ရည်သွင်ပြင်လက္ခဏာကို ဘယ်လိုပုံဖော်ရမလဲဆိုတာနဲ့ပတ်သက်လို့ ဒီထက်ပိုပြီးအသေးစိတ်မသိရပေမယ့် အခုလိုမျိုးရွေးချယ်ခွင့်တွေပါဝင်လာတဲ့အတွက် ရင်ခုန်စရာကောင်းတာတော့ အမှန်ပါပဲ။

ဂိမ်းတစ်ခုလုံးကိုနှစ်ယောက်တွဲဆော့ကစားနိုင်မယ်

ဂိမ်းအစအဆုံးကိုတစ်ဦးတည်း solo ဒါမှမဟုတ် နှစ်ယောက်တွဲ co-op အနေနဲ့လည်း ကစားခွင့်ရှိမှာပါ။ ဒါကတော့အရင် Far Cry ဂိမ်းတွေထဲမှာမပါဝင်တဲ့ ဂိမ်းစနစ်အသစ်တစ်ခုပဲဖြစ်ပါတယ်။ Far Cry 3 မှာတော့ ကစားသူလေးယောက်အထိပါဝင်ဆော့ကစားနိုင်တဲ့ သီးခြားဇာတ်ကြောင်းပါဝင်ပြီး Far Cry 4 မှာလည်း ကစားသူနှစ်ဦးပါဝင်ဆော့ကစားနိုင်တဲ့ side မစ်ရှင်တွေ အသီးသီးရှိကြပါတယ်။ အဲဒီတော့ Far Cry 5 မှာလည်း co-op ဂိမ်းစနစ်ကို ဘယ်လိုမျိုးအပြစ်အနာအဆာကင်းစွာနဲ့ အဆင်ပြေပြေချောချောမွေ့မွေ့ထည့်သွင်းထားမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

မြေပုံကိုလည်းပြင်ဆင်နိုင်ဦးမယ်


အရင် Far Cry ဂိမ်းတွေလိုပဲ Far Cry 5 မှာလည်း ကစားသူများအနေနဲ့ ကိုယ့်ဘာသာကိုယ်မြေပုံကိုပြင်ဆင်နိုင်မယ့် Map Editor လုပ်ဆောင်ချက်ကိုထည့်သွင်းပေးထားမှာပါ။ ဒါပေမယ့် အဲဒါနဲ့ပတ်သက်ပြီးတော့ Ubisoft ကဘာမှအတိအလင်းထုတ်ပြန်ကြေညာထားခြင်းမရှိသေးပါဘူး။

ဂိမ်းရေးဆွဲတည်ဆောက်သူများအဖွဲ့

Far Cry 5 ကိုတော့ Ubisoft Montreal ကနေပြီးဦးဆောင်ရေးဆွဲနေတယ်လို့ သိရပါတယ်။ Ubisoft Montreal ဟာ Far Cry 3, Far Cry 4 တို့အပြင် Far Cry Primal ကိုပါ တာဝန်ယူဦးဆောင်ရေးဆွဲတဲ့ developer အဖွဲ့ပဲဖြစ်ပါတယ်။

ဆော့နိုင်မယ့်ဂိမ်းဖလက်ဖောင်းတွေ

Far Cry 5 ကို PS4, Xbox One နဲ့ Microsoft Windows တို့မှာဆော့ကစားနိုင်မှာပဲဖြစ်ပါတယ်။ အခမဲ့ဘောနပ်စ် content ကိုတော့ PS4 ဗားရှင်းမှာပဲ ထွက်ရှိမှာဖြစ်ပြီး အခြားပလက်ဖောင်းများအနေနဲ့လည်း ရယူလိုပါက ဝယ်ယူခွင့်ရှိမှာပါ။ ကံမကောင်းစွာနဲ့ပဲ Far Cry 5 ကိုတော့ Nintendo Switch မှာတော့ဆော့ကစားနိုင်မှာမဟုတ်ပါဘူး။

တရားဝင်ဖြန့်ချိမယ့်ရက်စွဲ

Far Cry 5 ကို 2018 ဖေဖော်ဝါရီလ 27 ရက်မှာ တရားဝင်ဖြန့်ချိသွားမှာပဲဖြစ်ပါတယ်။ Ubisoft ကလိမ္မာပါးနပ်စွာနဲ့ အားလပ်ရက်ရာသီနဲ့ထပ်တိုက်မတိုးရလေအောင်လို့ ဖြန့်ချိမယ့်ရက်စွဲကို စနစ်တကျနဲ့စီမံထားခဲ့ပုံပါပဲ။ EA ဟာလည်း Titanfall 2 ကို 2017 ခုနှစ်မှာ စတင်ဖြန့်ချိတုန်းက Ubisoft လိုပဲလုပ်ခဲ့သင့်တာပါ။

 á€€á€˛ ဒါပါပဲ ဂိမ်မာများ

ကဲ ဂိမ်မာများအတွက် Far Cry 5 အကြောင်းသိသိရသမျှကို ဒီမှာတင်ဆက်ပေးလိုက်ပါပြီ။ ဒီနှစ် E3 ပွဲမှာ Ubisoft အနေနဲ့ Far Cry 5 နဲ့ပတ်သက်ပြီး ဘာတွေကိုထုတ်ဖော်ချပြသွားဦးမလဲဆိုတာကိုတော့ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်နေကြရဦးမှာပါ။ ကျွန်တော့်အနေနဲ့ဆိုရင်တော့ ဒီတစ်ခွေမှာ တည်ထားတဲ့ဇာတ်အိမ်၊ ချီထားတဲ့ဇာတ်ကြောင်း၊ အခြေစိုက်ထားတဲ့နယ်မြေအနေအထား၊ အသစ်ထပ်မံထည့်သွင်းထားတဲ့ ဂိမ်းတွင်းလုပ်ဆောင်ချက်တွေ၊ ရှုပ်ထွေးလှတဲ့ဘာသာရေးပဋိပက္ခတွေနဲ့ ရက်စက်ကြမ်းကြုတ်လှတဲ့ဖြစ်စဉ်တွေကို Far Cry 5 ဆိုတဲ့ခေါင်းစဉ်အောက်မှာ တစ်စုတပေါင်းတည်းတွေ့မြင်ရမှာဖြစ်တဲ့အတွက် မေးခွန်းထုတ်စရာမရှိအောင်ကို ရင်ခုန်စွာနဲ့စောင့်စားနေရပါကြောင်းပါခင်ဗျာ။

Far Cry 5

Yan (31.5.2017)

Ref: Forbes


Wednesday, May 24, 2017

အမေရိကန်မွန်တားနားနယ်မှာ ဇာတ်အိမ်တည်ထားတဲ့ Far Cry 5


တိတ်ဆိတ်နေတဲ့တောတောင်တွေရဲ့ငြိမ်သက်မှုဟာ စူးစူးရဲရဲပြန့်လွင့်လာတဲ့အော်သံကြောင့် ပြိုကွဲသွားခဲ့လို့ အနားယူနေတဲ့ငှက်တွေတောင် အဝေးကိုထွက်ပြေးပျံသန်းသွားခဲ့ပါတယ်။ အသံတသွင်သွင်နဲ့ စည်းချက်ညီညီစီးဆင်းနေတဲ့ ခောျင်းကလေးထဲမှာ လူတစ်ယောက်ရဲ့ခန္ဓာကိုယ် မျောပါလာတာကို တွေ့မြင်ကြရပါလိမ့်မယ်။ အဲဒါကဘယ်သူများပါလဲ။ လေတဟုန်းဟုန်းတွန်းတိုက်နေတဲ့ လယ်ကွင်းကျယ်ကြီးထဲမှာ လူတစ်ယောက်အသက်လုပြီး သွေးပျက်စွာထွက်ပြေးနေတဲ့မြင်ကွင်းကို သေနတ်သံတစ်ချက်နဲ့ နိဂုံးချူပ်လိုက်ပြီး အမှောင်အတိကျသွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်တွေအကုန်လုံးကို 42 စက္ကန့်စာ Far Cry 5 အမြည်း teaser မှာ အားလုံးကတွေ့မြင်ကြရမှာပါ။

အဲဒီလိုဆိုရင်တော့ ကောလဟာလတွေ အားလုံးက မှန်ခဲ့ပါပြီ။ လွန်ခဲ့တဲ့နေ့ကပဲ Ubisoft ကနေပြီး ပရိသတ်တွေအားလုံးအံ့သြမှင်သက်သွားခဲ့ရတဲ့ အမေရိကန်အနောက်ပိုင်းဒေသရဲ့ သဘာဝတောတောင်ရေမြေ အလှအပတွေကို စက္ကန့်ပိုင်းစာ Far Cry 5 ဗီဒီယိုအမြည်းနဲ့အတူ ချပြခဲ့တာပါ။ အခုလာမယ့် သောကြာနေ့၊ မေလ 26 ရက်နေ့မှာ ထွေလာအပြည့်အစုံကို တရားဝင်ထုတ်ဖော်ပြသတော့မှာပါ။ 42 စက္ကန့်စာပဲရှိတဲ့ teaser ဗီဒီယိုထဲမှာ ဇာတ်လမ်းအနည်းအကျဉ်း၊ ဂိမ်းကစားမှုပုံစံနဲ့အဓိကဇာတ်ဆောင် အစရှိတာတွေကို ဘာတစ်ခုမှမဖော်ပြခဲ့ပဲ "မွန်တားနားမြို့ရဲ့ Hope County မှကြိုဆိုပဲတယ်" ဆိုတာကိုပဲ ပြောပြခဲ့တာပါ။ အဲဒါကိုထောက်ချင့်ပြီးတော့ အခုလာမယ့် Far Cry 5 ဟာ အမေရိကန်အနောက်ပိုင်းကျေးလက်နယ်ရဲ့ စိတ်ကူးယဉ်မြို့တစ်မြို့မှာ ဇာတ်အိမ်တည်ထားတယ်ဆိုတာကို အတည်ပြုနိုင်ပါပြီ။ Ubisoft ဟာ ဒီလထဲမှာ Far Cry ဓါတ်ပုံအသစ်ကို Twitter မှာချပြခဲ့ပြီး အသံတိတ်နေခဲ့ရာကနေ အခု 42 မိနစ်စာဗီဒီယိုဟာ အားလုံးရဲ့လက်ထဲကို ရုတ်ချည်း မမျှော်လင့်ဘဲ ဆိုက်ရောက်လို့လာခဲ့တာပါ။ Far Cry 5 ကို 2018 ခုနှစ် ဧပြီလမရောက်ခင်မှာ ထွက်ရှိလာမယ့်လို့ သတင်းတွေထွက်နေရာကနေ အခုတော့ တကယ်ဖြစ်လာဖို့ အကြောင်းဖန်လာပါပြီ။ ဒီတော့ နောက်ထပ်ရက်အနည်းငယ်အတွင်းမှာ ထွက်ရှိမယ့် Far Cry 5 ဗီဒီယိုအပြည့်အစုံကို ရင်ခုန်စွာနဲ့ အားလုံးအတူတူစောင့်ဆိုင်းကြရအောင်လို့ ဒီကနေပြောလိုက်ချင်ပါတယ်

Thursday, May 18, 2017

E3 2017 အကြောင်းတစ်စေ့တစ်စောင်း

ဂိမ်မာတွေအားလုံး ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေရတဲ့ E3 (Electronic Entertainment Expo) ပွဲကတော့ တစ်နှစ်ပြီးတစ်နှစ်ဆိုသလို အားလုံးဆီပြန်လည်ရောက်ရှိလို့လာပါပြီ။ တီထွင်ဆန်းသစ်မှုအသစ်တွေ၊ မျှော်လင့်ထားတဲ့ဂိမ်းတွေ၊ ဂိမ်းနဲ့ဆက်စပ် အသုံးအဆောင်ပစ္စည်းတွေ၊ cosplayer တွေနဲ့အတူ မရိုးနိုင်တဲ့ဖျော်ဖြေတင်ဆက်မှုတွေနဲ့ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ E3 ပွဲကို တက်ရောက်ချင်ကြတာဂိမ်မာအားလုံးရဲ့ အိပ်မက်ပါ။ လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်ကစပြီး ပြောင်းလဲမှုတွေ နှစ်စဉ်လုပ်လာခဲ့တဲ့ E3 ပွဲဟာ အခုဒီနှစ်မှာလည်း ကြီးမားတဲ့ပြောင်းလဲမှုတစ်ခုအနေနဲ့ အများပြည်သူဝင်ရောက်ကြည့်ရှုနိုင်ဖို့ ပွဲကို public အနေနဲ့ကျင်းပသွားမှာဖြစ်ပြီး တက်ရောက်မယ့်သူပေါင်း 15000 လောက်ရှိတယ်လို့ခန့်မှန်းရပါတယ်။ မျှော်လင့်ချက်ပေါင်းများစွာနဲ့ E3 2017 ပွဲကို ဘယ်နေရာမှာ ဘယ်လိုမျိုးကျင်းပသွားမလဲ? ဘယ်အချိန်မှာကျင်းပမှာလဲ? ဘယ်လိုမျိုးဂိမ်းအသစ်တွေကို ကြေညာမှာလဲ? အစရှိတာတွေနဲ့ ဂိမ်မာတို့သိသင့်သိထိုက်သမျှတွေကို စုစည်းပြီး ဒီကနေတဆင့်ဖော်ပြပေးလိုက်ပါတယ်။ 

ဘယ်တော့ကျင်းပမှာလဲ?

ပွဲကိုဇွန်လ 13 ရက်နေ့ကနေ 15 ရက်နေ့အထိ 3 ရက်တိုင်တိုင်ကျင်းပသွားမှာဖြစ်ပါတယ်။ ပွဲကျင်းပမယ့်ရက်မရောက်ခင် ရက်အနည်းငယ်အလိုမှာ သတင်းစာရှင်းလင်းပွဲနဲ့တကွ ဆော့ကစားနိုင်မယ့်ဂိမ်းတွေနဲ့ ထုတ်ပြန်ကြေညာချက်အသစ်တွေကို ရှင်းလင်းပြောကြားသွားမှာဖြစ်ပါတယ်။

ဘယ်မှာကျင်းပမှာလဲ?

နှစ်စဉ်ကျင်းပနေကြအတိုင်း လော့စ်အိန်ဂျယ်လိစ် (Los Angeles) မြို့ရဲ့ LA Convention Centre မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာပါ။ LA Convention Centre မှာ ဟောခန်းကျယ်နှစ်ပိုင်းနဲ့ အဲဒီနှစ်ခုကြားမှာ ဟောခန်းငယ်လေးတွေ ပါရှိပါတယ်။ အခန်းတိုင်းမှာ Nintendo, Microsoft, Sony, Ubisoft အစရှိတဲ့ကုမ္မဏီအလိုက် ဂိမ်းနဲ့ပတ်သတ်တဲ့ အသုံးအဆောင်ပစ္စည်းတွေ၊ Playable VR တွေ အစရှိတာတွေကို ခင်းကျင်းပြသသွားမှာဖြစ်ပါတယ်။

ဘယ်သူတွေတက်ရောက်နိုင်လဲ?

လက်မှတ်ပါရှိတဲ့မည်သူမဆိုပွဲကိုတက်ရောက်ခွင့်ရှိပါတယ်။ ဒီအပါတ်အတွက် လက်မှတ်ဈေးနှုန်းက ဒေါ်လာ 250 ဖြစ်ပါတယ်။ ပွဲကိုတက်ရောက်ဖြစ်ခဲ့တယ်ဆိုရင်တော့ E3 ဂိမ်းဇာတ်ရုံအပြင် နေရာပေါင်းစုံကို ဝင်ရောက်လေ့လာကြည့်ဖို့ အကြံပြုချင်ပါတယ်။ နေရာတိုင်းလိုလိုမှာ ဂိမ်းနဲ့ပတ်သတ်တဲ့အံ့မခန်းအရာတွေနဲ့ နည်းပညာအသစ်အဆန်းတွေကို တွေ့မြင်ရမှာမို့လို့ ဂိမ်မာတွေအတွက်တော့ wonderland ရောက်နေသလို ခံစားရစေမှာ အမှန်ပါပဲ။ တကယ်လို့အခွင့်သာရင် ထွက်ရှိလာမယ့်ဂိမ်းတွေကို ကိုယ်တိုင်ကိုယ်ကျ ဦးဦးဖျားဖျား တွေ့ကြုံခံစားရဖို့အတွက် တန်းစီစောင့်ဆိုင်းနေကြတဲ့ Fan တွေအမြောက်အမြားနဲ့အတူ ပါဝင်ခွင့်ရရှိဦးမှာပါ။

ဘာဂိမ်းအသစ်တွေကို တွေ့မြင်ရမှာလဲ?

တရားဝင်အတည်ပြုပြီးသွားတဲ့ ဂိမ်းတွေကတော့ Battlefield 1: In the Name of The Tsar Expansion, Call Of Duty: WWll, FIFA 18, Madden NFL 18, NBA Live 18, New Need For Speed, Splatoon 2 (Switch), Star Wars Battle Front, State Of Decay 2 နဲ့ Super Mario Odyssey (Switch) တို့ပဲဖြစ်ပါတယ်။ Fallout 4, Dishonored 2 နဲ့ Skyrim: Special Editon တို့ကိုဖြန့်ချိပြီးသွားပေမယ့်လည်း ပရောဂျက်တွေထဲမှာ ဂိမ်းကြီးနှစ်ခုရှိနေသေးတယ်ဆိုတဲ့ Bethesda ရဲ့ခြေလှမ်းအသစ်ကိုလည်း တွေ့မြင်ရမယ်လို့ခန့်မှန်းနိုင်ပါတယ်။ ဒါ့အပြင် လတ်တလောလူပြောများပြီး ဒီနှစ်အတွင်းထွက်ရှိလာမယ်လို့ သတင်းတွေထွက်နေတဲ့ ဂိမ်းတွေဖြစ်တဲ့ Mario + Rabbids RPG (Switch), Assassin Creed: Empire အစရှိတာတွေကိုလည်း မြည်းစမ်းခွင့်ရမယ်လို့ ပရိသတ်တွေက မျှော်မှန်းထားကြပါတယ်။ ပွဲတစ်လျှောက်မှာ ဂိမ်းအသစ်တွေရဲ့ presentation, ထွေလာတွေနဲ့ gameplay တွေကိုလည်း မြင်တွေ့ရဦးမှာမို့ ဇွန်လမှာကျင်းပသွားမယ့် E3 2017 ပွဲကို စောင့်ဆိုင်းနေကြပါလို့ ဂိမ်မာများကို ဒီကနေပြောလိုက်ချင်ပါတယ်။



Thursday, May 11, 2017

2018 မှာထွက်ရှိလာမယ်လို့ မျှော်မှန်းထားတဲ့ Darksiders 3


Darksiders 1 ရဲ့ဗားရှင်းအသစ်ဖြစ်တဲ့ Darksiders: Warmastered Edition ကို လတ်တလောကမှ PC, PS4 နဲ့ Xbox One အစရှိတဲ့ platform အသီးသီးမှာ ဖြန့်ချိပေးခဲ့ပါတယ်။ Darksiders 1 အတွက် Warmastered Edition နဲ့ 2 အတွက်တော့ Deathinitive Edition ဆိုပြီး Edition နှစ်ခုထွက်ရှိထားပြီး နောက်ဆက်တွဲအခွေမထွက်လာပဲ အချိန် 5 နှစ်ကြာယူလာခဲ့တဲ့ THQ Nordic ဟာ လွန်ခဲ့တဲ့ရက်အနည်းငယ်ကမှ Darksiders 3 ထွေလာကို ပရိသတ်ရှေ့မှောက်ချပြခဲ့ပါတယ်။ ထွေလာစစချင်းမှာ Darksiders 1 ရဲ့အဓိကဇာတ်ကောင်၊ မြင်းစီးစစ်သည်တော် တစ်ယောက်လည်းဖြစ်တဲ့ War ကို Charred Council မှာချူပ်နှောင်ထားပါတယ်။ ထွေလာအရဆိုရင်တော့ တစ်ချိန်တည်းမှာပဲ Seven deadly sins ခုနှစ်ခုဟာ လွတ်မြောက်သွားတဲ့အတွက် အဲတာတွေအားလုံးကို မြင်းစီးစစ်သည်တော်လေးယောက်ထဲက နောက်ထပ်တစ်ယောက်ဖြစ်တဲ့ Fury ကတစ်ခုချင်းစီလိုက်ပြီး သုတ်သင်နှိမ်နင်းရမယ့် ဇာတ်အိမ်လို့သုံးသပ်နိုင်ပါတယ်။ နှစ်မိနှစ်စာထွေလာဖြစ်တာမို့ ဘယ်လောက်မှ များများစားစား မသိနိုင်ပေမယ့် သိရှိရတာတွေနဲ့ သေချာတဲ့ခန့်မှန်းချက်တစ်ချို့ကို ဒီမှာဖော်ပြပေးလိုက်ပါတယ်။

Darksiders 3 ရဲ့အဓိကဇာတ်ကောင် Fury

Darksiders 3 ရဲ့အဓိကဇာတ်ကောင်ကတော့ မြင်းစီးစစ်သည်တော်လေးဦးထဲက တစ်ဦးဖြစ်တဲ့ Fury (အမျက်ဒေါသ) ပဲဖြစ်ပါတယ်။ အဲဒီလေးဦးထဲက War (စစ်ပွဲ) နဲ့ Death (သေခြင်းတရား) တို့ဟာ ညီအစ်ကိုတွေဖြစ်ပြီး ပထမခွေနဲ့ ဒုတိယခွေရဲ့ အသီးသီး အဓိကဇာတ်ကောင်တွေလည်းဖြစ်ပါတယ်။ Darksiders 3 ရဲ့ထူးခြားချက်က အဓိကဇာတ်ကောင်ဟာ မြင်းစီးစစ်သည်လေးယောက်ထဲက တစ်ဦးထဲသော အမျိုးသမီးဖြစ်နေတာပါပဲ။ IGN ရဲ့ gameplay ဗီဒီယိုအရဆိုရင်တော့ Fury ဟာမှော်ကြာပွတ်ကို ကိုင်ဆောင်ပြီး အခြားထူးခြားတဲ့လက်နက်တွေနဲ့တိုက်ခိုက်လိမ့်မယ်လို့ ယူဆရပါတယ်။

ဂိမ်းရဲ့လျှို့ဝှက်တဲ့ နောက်ခံဇာတ်ကြောင်း

ထွေလာမှာကြားသိခဲ့ရတဲ့စကားတွေကနေဆိုရင်တော့ Darksiders 3 ဂိမ်းမှာ Fury နဲ့အဓိကရင်ဆိုင်ရမယ့်ရန်သူတွေဟာ Seven Deadly Sins နဲ့သူတို့ရဲ့လက်ပါးစေရန်သူတော်တွေဖြစ်တယ်လို့ သိနိုင်ပါတယ်။ မတူညီတဲ့ပြစ်ချက်ကြီးခုနှစ်မျိုးနဲ့ ရင်ဆိုင်ရမှာဖြစ်တဲ့အတွက် ပြစ်ချက်တစ်မျိုးချင်းစီမှာ ကွဲပြားခြားနားတဲ့သွင်ပြင်၊ လက္ခဏာနဲ့ စွမ်းရည်တွေရှိလိမ့်မယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ ပြစ်ချက်တစ်မျိုးဆီမှာ သူတို့ရဲ့ပိုင်နက်ကိုယ်စီ အသီးသီးရှိကြပြီး အဲဒါတွေကိုလိုက်လို့ ကိုယ်သွားရတဲ့ပတ်ဝန်းကျင်၊ သဘာဝဟာလည်း ပြောင်းလဲသွားမှာပါ။

ဇာတ်ကောင်စွမ်းရည်နဲ့ ဆော့ရမယ့်ဂိမ်းပုံစံ

Darsiders 3 ရဲ့ဇာတ်ကောင် Fury အသုံးပြုမယ့် လက်ရွေးစင်လက်နက်တွေထဲမှာ အနီရောင်ရှိတဲ့မှော်ကြာပွတ်လက်နက်နဲ့ ဂိမ်းတစ်လျှောက်ရရှိမယ့်ထူးခြားတဲ့စွမ်းရည်တွေအပြင် စကြာနဲ့ ဓါးကိုပါ ကိုင်ဆောင်တိုက်ခိုက်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ တွေ့ရှိတဲ့ concept art အရဆိုရင် Fury ရဲ့လက်နက်တွေထဲမှာ သူ့အရပ်တစ်မျှကြီးမားတဲ့ တူလက်နက်ပါ ပါဝင်နိုင်ပါတယ်။ Darksiders 3 ဟာ သူ့ရဲ့ရှိရင်းစွဲဂိမ်းပုံစံကို ကျောရိုးခံပြီးပြင်ဆင်ပြောင်းလဲမှု အနည်းငယ်လုပ်ထားပါတယ်။ Open World ဂိမ်းပုံစံနဲ့ ရင်ခုန်စရာကောင်းတဲ့ဇာတ်ကြောင်းအပေါ်မှာ မတူကွဲပြားတဲ့ကမ္ဘာအသီးသီးနဲ့ လျှို့ဝှက်နယ်မြေတွေ၊ မြေအောက်ခန်းတွေထဲကခေါင်းစားစေမယ့် ပဟေဠိပေါင်းစုံနဲ့ ရှားပါးသေတ္တာပုံးတွေ၊ တိုက်ကွက်ပေါင်းစုံနဲ့စိတ်ဝင်စားဖို့ကောင်းတဲ့ရန်သူတွေကို တစ်စုတစည်းတည်း ပေါင်းစည်းထားတဲ့ Darksiders 3 ကိုဂိမ်မာတွေက နဂိုအရသာမပျက် အားပါးတရဆော့ကြရမှာပါ။ ဒီတော့ မျှော်မှန်းချက်ပေါင်းများစွာနဲ့ နောက်နှစ်မှာထွက်မယ်လို့ သတင်းရထားတဲ့ Darsikders 3 ရဲ့ထွေလာနဲ့ gameplay ဗီဒီယိုကိုကြည့်ပြီး အပီဆော့ဖို့ စိုင်းပြင်းနေလိုက်ကြပါဦးလို့ ဒီကနေ တိုက်တွန်းလိုက်ချင်ပါတယ်။

Thursday, May 4, 2017

Outlast 2 ကိုကစားမယ်ဆိုရင် မသိမဖြစ်တဲ့အချက် ၇ ချက်


Outlast ဂိမ်းဟာ ကစားသူတိုင်းအတွက် ဘယ်လောက်တောင် မျှော်လင့်ချက်မဲ့ပြီး သွေးပျက်ထိတ်လန့်ဖွယ်ကောင်းလည်းဆိုတာ အားလုံးနဲ့အထူးတလည်ပြန်ပြီး မိတ်ဆက်ပေးစရာမလိုဘူးလို့ထင်ပါတယ်။ Outlast ဂိမ်းရဲ့အဓိကသော့ချက်က ကိုယ်ရဲ့ပါးနပ်မှု၊ ရှောင်ပုန်းခြင်းပရိယာယ်နဲ့ လမ်းကြောင်းရှာဖွေတတ်မှုတွေပါပဲ။ ပထမအခွေနဲ့ E3 2013 မှာ Best of E3 အဖြစ်နဲ့ အခြားဆုပေါင်းများစွာကိုပါ ဆွတ်ခူးနိုင်ခဲ့ပြီး ဂိမ်မာများအကြားမှာ နာမည်ကျော်ခဲ့တဲ့ Outlast  ဂိမ်းရဲ့ နောက်ဆက်တွဲအခွေ Outlast 2 ကို ဧပြီလ 25 ရက်နေ့မှာ Red Barrels ကနေ ပွဲဦးထွက်ဖြန့်ချိခဲ့ပါတယ်။ ဒုတိယအခွေမှာတော့ ကိုယ်ဟာ ကင်မရာသမား Blake Langermann အနေနဲ့ ဇနီးဖြစ်သူ Lynn နဲ့အတူ Arizona ကန္တာရထဲမှာဖြစ်ပွားခဲ့တဲ့ ကိုယ်ဝန်ဆောင်လူသတ်မှုသတင်းကို စုံစမ်းရှာဖွေတဲ့နေရာကနေ ဇာတ်လမ်းစပါတယ်။  ဇာတ်လမ်းအစမှာကတည်းက ရုတ်တရတ်ကျရောက်လာတဲ့ ရာသီဥတုဒဏ်ကြောင့် သူတို့စီးနင်းလာတဲ့ရဟတ်ယာဉ်ဟာ ပျက်ကျသွားခဲ့ပါတယ်။ အပျက်အစီးတွေကြားထဲကနေ Blake ပြန်နိုးလာတဲ့အချိန်မှာ သူဟာ ထိတ်လန့်စက်ဆုပ်ဖွယ်ကောင်းတဲ့ကိုးကွယ်မှုဆိုးတွေကို ကျင့်သုံးတဲ့အယူသည်းသူတွေနဲ့ပြည့်နှက်နေတဲ့ ထူးဆန်းတဲ့ရွာတစ်ရွာမှာ ထွက်ပေါက်ကင်းမဲ့စွာ ရောက်ရှိနေတယ်ဆိုတာ သိလိုက်ရပါတယ်။

Outlast 2 ရဲ့အဓိကဇာတ်ကောင် ကင်မရာသမားဖြစ်တဲ့ Blake ဟာ ကင်မရာတစ်လုံးနဲ့ ဘက်ထရီအနည်းငယ်ကို အဖော်ပြုပြီး လမ်းတစ်လျှောက်တွေ့ကြုံရမယ့် သွေးပျက်ခြောက်ခြားစရာတွေကို ရင်ဖိုစိတ်လှုပ်ရှားဖွယ် တစ်ကိုယ်တည်းရင်ဆိုင်ဖြတ်ကျော်ရမှာပါ။ ဂိမ်းရဲ့သဘောသဘာဝကို မသိသေးသရွေ့ ရင်ဆိုင်ရမယ့်အခက်အခဲတွေဟာ ကိုယ့်အတွက်ကြီးမားပြီးခက်ခဲလွန်းသယောင်ထင်ရပါလိမ့်မယ်။ ဒီတော့ Outlast 2 ကို ကိုယ်တိုင်ကိုယ်ကျ ဆော့ကစားကြမယ့်သူများအတွက် အထောက်အကူဖြစ်စေဖို့ အခုဒီမှာ သိသင့်တဲ့အချက် ၇ ချက်ကို စုစည်းတင်ပြပေးလိုက်ပါတယ်။ဘက်ထရီတွေကို အမြဲလိုက်ရှာပါ

ပထမ Outlast ဂိမ်းလိုပဲ အခုဒီခွေမှာလည်း ဘက်ထရီတွေဟာ ကိုယ့်ရဲ့အသက်တစ်မျှအရေးကြီးပါတယ်။ ပထမခွေကိုဆော့ပြီးတဲ့သူများကတော့ ဘက်ထရီရဲ့အရေးပါမှုကို သိကြမှာပါ။ Outlast ဂိမ်းရဲ့ပုံစံအရ လုံးဝကိုပိတ်မှောင်နက်ရှိုင်းတဲ့ အမှောင်ထုထဲကိုသွားရမှာဆိုတာ သေချာနေတဲ့အတွက် ကောင်တာတွေ၊ အိုးတွေ၊ အံဆွဲတွေနဲ့ ကိုယ်ရောက်လေရာနေရာတိုင်းမှာ ဘက်ထရီတွေကို သတိထားပြီး ရှာဖွေရပါမယ်။ ရနိုင်သမျှဘက်ထရီတွေကို စုဆောင်းပါ။ စွန့်စားပြီးတော့ သွားယူရမယ်ဆိုရင်တောင်မှ သွားယူဖို့လက်မတွန့်သင့်ပါဘူး။

ကင်မရာ Night Vision ကို အကန့်အသတ်နဲ့သုံးပါ


ဘက်ထရီတွေကို အာရုံစိုက်ပြီးလိုက်ရှာရင် နေရာအနှံ့အပြားမှာတွေ့နိုင်တယ်ဆိုပေမယ့် ကင်မရာသုံးစွဲတဲ့နေရာမှာ ဘက်ထရီအားကိုလည်း ချွေတာပြီးသုံးစွဲဖို့လိုပါတယ်။ ဂိမ်းထဲမှာ လုံးဝကိုအမှောင်အတိဖြစ်နေတဲ့နေရာတွေရှိပါတယ်။ ကိုယ့်ရဲ့ဘက်ထရီကိုချွေတာပြီး သုံးထားမှ အဲဒီလိုနေရာတွေကို ဖြတ်သွားရမယ့်အခါကျရင် ကိုယ်လိုအပ်သလို စီမံခန့်ခွဲနိုင်မှာပါ။ ပြီးတော့ Night Vision ကိုသုံးတိုင်းမှာ အချိန်အကန့်အသတ်နဲ့ တစ်လှည့်စီ ဖွင့်လိုက်ပိတ်လိုက်လုပ်ပြီးသုံးပေးပါ။

ပြေးဖို့အချိန်တန်ရင် လုံးဝလက်မနှေးနဲ့


Outlast 2 မှာလွတ်လပ်စွာသွားလာနိုင်တဲ့ ဧရိယာနေရာတွေ အမြောက်အမြားပါရှိတဲ့အပြင် ပုန်းရှောင်နိုင်မယ့်နေရာတွေနဲ့ အခန်းတွေလည်း အများအပြားပါဝင်ပါတယ်။ အဓိကဘော့စ်တွေ၊ ထိပ်တိုက်ကြုံရမယ့်အရာတွေကိုတော့ ရှောင်လွှဲလို့မရပေမယ့် ဘယ်အချိန်မှာပြေးပြီး၊ ဘယ်အချိန်မှာပုန်းရမလဲဆိုတာကို ပါးပါးနပ်နပ်သိထားဖို့လိုပါတယ်။ တောက်လျှောက်ပြေးဖို့အတွက်ပဲ ဇာတ်အိမ်ဆင်ထားတဲ့နေရာမျိုးမှာဆိုရင်တော့ ကျေကျေနပ်နပ်ကြီး အသက်လုပြေးပြီး ရင်ခုန်မှုကိုခံစားလိုက်ပါ။

တံခါးတွေကို ဂျက်ချဖို့ မမေ့နဲ့


Outlast 2 မှာအသစ်ထည့်သွင်းထားတဲ့ ဂိမ်းတွင်းလုပ်ဆောင်ချက်တစ်ခုက တံခါးတွေကိုချက်ပိတ်တာပဲ ဖြစ်ပါတယ်။ တွေ့ရသမျှတံခါးအများစုမှာ ပိတ်လို့ရတဲ့တံခါးဂျက်ပါပါတယ်။ ပိုပြီးကျယ်ပြန့်နက်ရှိုင်းသွားတဲ့ Outlast 2 ဂိမ်းအတွင်းမှာ အသက်ရှင်ဖို့အတွက် အဲဒီတံခါးဂျက်တွေဟာ အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုဖြစ်လာပါတယ်။ ရန်သူကိုယ့်နောက်လိုက်နေတဲ့အချိန်မှာ အခန်းတံခါးဂျက်ချပြီး ဆက်ပြေးမလား၊ ပုန်းဖို့နေရာရှာမလားဆိုတာကို စက္ကန့်ပိုင်းအတွင်း လျင်မြန်စွာဆုံးဖြတ်ချဖို့တော့ လိုပါတယ်။ ကိုယ်ဖြတ်ကျော်လာခဲ့သမျှအခန်းတံခါးတွေကို ဂျက်ချလာခဲ့မယ်ဆိုရင် ဆိုးရွားတဲ့အခြေအနေတစ်ခုနဲ့ကြုံတဲ့အချိန်မှာ တစ်ခုခုကိုစဉ်းစားဆုံးဖြတ်ဖို့အတွက် ကိုယ့်မှာအချိန်အလုံအလောက်ရပါလိမ့်မယ်။


ဘယ်လိုနေရာတွေမှာ ပုန်းရမလဲသိပါ


ရန်သူတွေနဲ့ ဘော့တွေရဲ့အဖမ်းခံရမယ့် အခြေအနေကနေ လွတ်မြောက်ဖို့အတွက် ပုန်းခိုမှုက အဓိကကျပါတယ်။ တကယ်လို့လုံးရင်းဆန်ခတ်ထွက်ပြေးရင်းနဲ့ မိသွားရင်တောင် နောက်တစ်ခေါက်မှာ ဒီလိုအမှားမျိုးမလုပ်မိဖို့အတွက် ပြေးဖို့နေရာတွေ၊ ပုန်းလို့ရမယ့်နေရာတွေကို ပထမတစ်ခေါက်မှာတည်းက ကြိုမှတ်ထားပါ။ အခြေအနေနဲ့အချိန်အခါကိုလိုက်ပြီး ကုတင်အောက်၊ အဝတ်ဘီဒိုထဲနဲ့ အိမ်ပြတင်းပေါက်တွေထဲ ဝင်ရောက်ပုန်းရှောင်ပါ။ Outlast 2 ဂိမ်းမှာရှင်သန်ဖို့အတွက် စီမံခန့်ခွဲခြင်းက အဓိကကျပါတယ်။ ကြိုတွေးပါ။

မိုက်ကရိုဖုန်းကို အသုံးပြုပါ


Camcorder ကိုအမှောင်ထဲသွားတဲ့နေရာမှာ အသုံးပြုသလို ပတ်ဝန်းကျင်တစ်ဝိုက်က အသံတွေကို ဖမ်းယူနားထောင်တဲ့နေရာမှာလည်း အသုံးပြုနိုင်ပါတယ်။ မိုက်ကရိုဖုန်းကို Camcorder မှာ တပ်ဆင်လိုက်မယ်ဆိုရင် screen မှာ ဘားတန်းနှစ်ခုပေါ်လာမှာဖြစ်ပြီး အဲဒီဘားနှစ်တန်းကနေ တဆင့် ကိုယ့်ရဲ့အရှေ့ဘက်မှာရှိတဲ့အသံတွေကို နားထောင်ပြီးခန့်မှန်းနိုင်ပါတယ်။ အသံဘားမြင့်လာပြီဆိုရင် တစ်စုံတစ်ခုက ကိုယ့်ဆီချဉ်းကပ်လာပြီလို့ ခန့်မှန်းလို့ရသလို ပုန်းနေတဲ့အချိန်မျိုးတွေမှာလည်း ကိုယ့်အနီးတဝိုက်မှာ ကိုယ့်ကိုလိုက်ရှာနေတဲ့ရန်သူရှိမရှိ သိရှိနိုင်ပါတယ်။

မာသာနဲ့ထိပ်တိုက် ရင်မဆိုင်နဲ့


မာသာ (Martha) ဟာ New Ezekiel စမ်းသပ်မှုရဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့အပြင် Outlast 2 မှာကိုယ်နဲ့ရင်ဆိုင်ရမယ့် ဒုတိယအကြီးဆုံးဘော့စ်ဖြစ်ပါတယ်။ အန္တရာယ်များပြီး ခြောက်ခြားဖို့ကောင်းတဲ့ မာသာဟာ ကြီးမားတဲ့ကျောက်တူးပုဆိန်ကို လက်နက်အဖြစ်ကိုင်ဆောင်ထားပါတယ်။ အဲဒါကိုအသုံးပြုပြီး မာသာဟာ ကိုယ့်ဇီဝိန်ကိုချက်ချင်းချွေနိုင်သလို အကွာအဝေးခပ်လှမ်းလှမ်းကနေလည်း တိုက်ခိုက်နိုင်ပါတယ်။ ကိုယ်ကအနီးကပ်သွားတာနဲ့ အန္တရာယ်ပိုရှိတာမို့ မာသာနဲ့ရင်ဆိုင်ရပြီဆိုရင် ကျယ်ဝန်းတဲ့နေရာတွေကို ဦးတည်ပြေးပြီး မြက်ရိုင်းတွေ၊ အမှောင်ထုတွေ အစရှိတဲ့နေရာတွေမှာ တစ်လှည့်စီပုန်းရှောင်ရပါလိမ့်မယ်။ ဂိမ်းတစ်လျှောက်မှာ မာသာနဲ့ ကြိမ်ဖန်ပေါင်းများစွာတွေ့မှာမို့ စိတ်ခိုင်ခိုင်နဲ့ပါးပါးနပ်နပ် ဖြတ်ကျော်ဖို့လိုပါတယ်။

အချိန်ကောင်းမှာချပြလိုက်တဲ့ Call Of Duty: WWll ကေန သိရတဲ့ အချက်ငါးချက်






ဧပြီလ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့မှာ Activision ကနေပြီး နာမည်ကျော် Call Of Duty ဂိမ်းစီးရီးရဲ့နောက်ထပ်ခြေလှမ်းအသစ်ကို ပရိသတ်ရှေ့ထုတ်ဖော်ချပြခဲ့ပါတယ်။ ကမ္ဘာနဲ့အဝှမ်း ပရိသတ်ပေါင်းများစွာရဲ့တစ်ခဲနက်အားပေးမှုကို ဆယ်စုနှစ်တစ်စုအထိ အောင်မြင်စွာရရှိထားခဲ့တဲ့ Call Of Duty ဂိမ်းဟာ ဒီတစ်ခေါက်မှာတော့ ဒုတိယကမ္ဘာစစ်အတွင်းကို တစ်ကြော့ပြန်သက်ဆင်းပြီး ဇာတ်အိမ်တည်ထားပါတယ်။

Activision ရဲ့ပွဲဦးထွက်ဖော်ပြချက်အရဆိုရင် အောက်ပါအချက်ငါးချက်ကို သိရှိနိုင်ပါတယ်။

1. နိုဝင်ဘာလ 3 ရက်မှာဂိမ်းကို တရားဝင်ဖြန့်ချိမယ်

Call Of Duty ဂိမ်းစီးရီးရဲ့ထုံးစံအရ ဂိမ်းတိုင်းကို နိုဝင်ဘာလမှာပဲ တရားဝင်ဖြန့်ချိလေ့ရှိတာမို့ သိပ်တော့ထွေထွေထူးထူးမရှိပါဘူး။ Call Of Duty: WWll ကို PC, PlayStation 4 နဲ့ Xbox One အစရှိတဲ့ Platform သုံးမျိုးမှာဆော့နိုင်မှာဖြစ်ပြီး Standard Edition အတွက် 59.99$ နဲ့ Multiplayer မြေပုံအပြင် အခြားဘောနပ်စ်တွေပါတဲ့ Digital Deluxe Edition, Pro Edition တို့အတွက်တော့ 99.99$ အသီးသီး တန်ဖိုးသင့်မှာဖြစ်ပါတယ်။

2. ဥရောပတစ်လွှားတိုက်ပွဲတွေကြားက တပ်စုတစ်စု

၁၉၄၀ တစ်ဝိုက်က စစ်ပွဲဖြစ်စဉ်တွေဆီ ပြန်သွားမှာဖြစ်ပေမယ့်လည်း ၁၉၄၄ ခုနှစ်ကနေ ၁၉၄၅ ခုနှစ်အတွင်း ဥရောပမှာတိုက်ပွဲဝင်ခဲ့တဲ့ တပ်စုတစ်စုအပေါ်မှာ ဇာတ်အိမ်တည်ထားပါတယ်။ ဒါ့အပြင် ဘယ်လ်ဂျီယံ၊ ပြင်သစ်နဲ့ ဂျာမနီ အစရှိတဲ့နိုင်ငံတွေအတွင်း ဖြစ်ပွားခဲ့တဲ့အထင်ကရစစ်ပွဲတွေမှာ ဆော့ကစားရမှာဖြစ်ပြီး နော်မန်ဒီမှာရှိတဲ့ အိုမဟာကမ်းခြေကို ဝင်ရောက်စီးနင်းတဲ့မစ်ရှင်မျိုးတွေကိုလည်း ထည့်သွင်းထားပါတယ်။

3.ဂိမ်းရဲ့အဓိကဇာတ်ကောင်နဲ့ ဂိမ်းဖန်တီးသူကြားက ဆက်နွယ်မှု

ဂိမ်းရဲ့အဓိကဇာတ်ဆောင်ဖြစ်တဲ့ Ronald “Red” Daniels ဆိုတဲ့နာမည်ကို Sledgehammer Games အဖွဲ့ကိုစတင်တည်ထောင်သူတစ်ဦးဖြစ်တဲ့ Glen Schofield ရဲ့ဖခင်ကနေ ပေးခဲ့တာဖြစ်ပါတယ်။ Glen ရဲ့ဖခင်ဟာ ဂိမ်းဖန်တီးနေတဲ့ကာလအတွင်းမှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။ ဂိမ်းအဓိကဇာတ်ဆောင် Daniels ဟာ အမေရိကန်စစ်တပ် ခြေလျင်တပ်ခွဲ 1 မှာပါဝင်ခဲ့တဲ့ စစ်သားတစ်ဦးဖြစ်ပါတယ်။

4. နာမည်ကျော်သရုပ်ဆောင်တွေရဲ့ ပါဝင်အားဖြည့်မှု

Daniels ရဲ့တပ်စုမှာပါဝင်တဲ့ စစ်သားတွေထဲကနှစ်ယောက်ကို နာမည်ကျော်ရုပ်ရှင်သရုပ်ဆောင်တွေဖြစ်ကြတဲ့ Duhamel (Transformers) နဲ့ Tucker (Texas Chainsaw Massacre) တို့က ပါဝင်အားဖြည့်ပေးထားပါတယ်။ Duhamel ကသူ့ရဲ့ဇာတ်ကောင်ဟာ ဘယ်လောက်ထိတာဝန်ကိုကျေပွန်အောင် ဇာတိမာန်အပြည့်နဲ့ ထမ်းဆောင်မယ့်သူမျိုးဖြစ်တယ်လို့ live ထုတ်လွှင့်ခဲ့တဲ့ Activision ရဲ့ကြေညာချက်မှာ ပြောကြားသွားခဲ့ပါတယ်။

5. June လမှာထပ်မံသိရမယ့် Multiplayer ကဏ္ဍအသေးစိတ်

လော့အိန်ဂျယ်လိစ်မြို့မှာကျင်းပမယ့် Electronic Entertainment Expo (E3) ပွဲမှာ Call Of Duty ဂိမ်းရဲ့ ပွဲဦးထွက်အရောင်းပွဲကို ကျင်းပသွားမယ်လို့ သိရပါတယ်။ အဲဒီထဲမှာ နောက်ခံစကားပြောနဲ့ဇာတ်ကြောင်းပြန်ပြီး ကစားသူအဖွဲ့အချင်းအချင်းချိတ်ဆက်ဆော့ကစားနိုင်မယ့် War လို့အမည်ရတဲ့ စစ်ဗျူဟာအသားပေးဂိမ်းစနစ်တစ်ခုလည်း ပါဝင်မှာဖြစ်ပြီး ကိုယ့်ရဲ့ online ဇာတ်ကောင်တွေကို ကိုယ့်စိတ်ကြိုက်ဖန်တီးပြင်ဆင်လို့ရမယ့် သီးသန့်ကဏ္ဍတွေလည်းပါဝင်ဦးမှာပါ။ မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ Activision က Zombie mode အတွက်လည်း တမူကွဲပြားတဲ့ထူးခြားချက်တွေ ထည့်သွင်းထားတဲ့အကြောင်းနဲ့ တစ်ကြော့ပြီးတစ်ကြော့ပြန်လာမယ့် Zombie တွေကို ကစားသူအချင်းချင်းပူးပေါင်းဆောင်ရွက်ပြီး စိတ်လှုပ်ရှားဖွယ်ရာအတိနဲ့ ဘယ်လိုမျိုးအနိုင်ယူရမလဲဆိုတာတွေကို ရှင်းလင်းပြောပြသွားခဲ့ပါတယ်။

NieR Automata ကေန Devil May Cry:5 က ဘာတွေသင်ခန်းစာယူနိုင်မလဲ?



NieR Automata ကိုမတ်လအတွင်းမှာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဖြန့်ချိပေးသွားတော့မှာဖြစ်ပါတယ်။ ပလက်တီနမ်အဆင့်ဆွတ်ခူးထားတဲ့ နာမည်ကျော် Bayonetta နဲ့ Metal Gear Rising Revengeance အစရှိတဲ့ဂိမ်းတွေနဲ့ NieR Automata ဟာ အမျိုးအစားဆင်တူတယ်လို့ အကြမ်းဖျဉ်းကောက်ချက်ချနိုင်ပါတယ်။ ဒီနှစ်ထဲမှာထွက်လိမ့်မယ်လို့ ကောလဟာလတွေ ကြားနေရတဲ့ Devil May Cry ဂိမ်းစီးရီးအနေနဲ့ NieR Automata ဂိမ်းကနေ အောက်ပါအရာတွေကို သင်ခန်းစာယူလို့ရနိုင်ပါတယ်။

Open World RPG ဂိမ်းပတ်ဝန်းကျင်

Devil May Cry ဂိမ်းစီးရီးဟာ side quest တွေရော အခြားမိုင်နာ objective တွေပါမရှိတဲ့ ဇာတ်ကြောင်းအပေါ်မှာပဲ တစ်ကြောတည်းဆော့ကစားရတဲ့ ဇာတ်လမ်းအသားပေး ဂိမ်းပုံစံဖြစ်ပါတယ်။ တချို့နယ်မြေတွေ၊ အဆင့်တွေကို တားမြစ်ထားပြီး ကိုယ့်မှာအစွမ်းအသစ်တစ်ခုခုရလာမှ ပြန်လာပြီး ဝင်ရောက်လို့ရတာမျိုးပါ။ တကယ်လို့နောက်လာမယ့် Devil May Cry ဂိမ်းမှာ အရင်ထွက်ခဲ့တဲ့ဂိမ်းတွေလိုမျိုး ဖြတ်ကျော်လာပြီးသားအခန်းတွေကို ပြန်သွားရမယ့်ဂိမ်းစနစ်မျိုးပါလာခဲ့မယ်ဆိုရင်တော့ Capcom အနေနဲ့ ဇာတ်ကောင်ကျင်လည်တဲ့ ဂိမ်းပတ်ဝန်းကျင်နေရာတိုင်းကို ပိုပြီးရင်ခုန်စိတ်ဝင်စားဖို့ကောင်းသွားအောင်နဲ့ ကစားသူ စိတ်ကြိုက်ကျင်လည်လို့ရအောင် side quest တချို့ကို ထည့်သွင်းဖြည့်စွက်သင့်ပါတယ်။ NieR Automata မှာတော့ side quest တွေလုပ်ပြီး တဖြည်းဖြည်းနဲ့ NieR လောကကြီးအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်သိရှိသွားနိုင်ပါတယ်။ NieR ဂိမ်းအနေနဲ့ ဂိမ်းလောကကြီးထဲမှာ ခြေဦးတည့်ရာ ကျင်လည်သွားလာပြီး ကိုယ်ကြုံသမျှ side quest တွေကို လုပ်ဆောင်လို့ရပေမယ့် Devil May Cry ရဲ့ရှိရင်းစွဲဂိမ်းပုံစံနဲ့ဆိုရင်တော့ အဲဒီလိုလုပ်ဆောင်ချက်ကိုထည့်သွင်းဖို့ နည်းနည်းအခက်ကြုံနိုင်ပါတယ်။ Devil May Cry ဂိမ်းဟာ သူတည်ဆောက်ထားတဲ့လောကရဲ့ အခန်းကဏ္ဍနယ်မြေအသီးသီးအပေါ်မှာ အသေးစိတ်အာရုံစိုက်တာထက် ဇာတ်ကောင်တွေရဲ့ကျောရိုးနောက်ခံအကြောင်းအချက်အလက်တွေကို ပိုအလေးပေးပါတယ်။ အောင်မြင်ပြီးသား နာမည်ကျော် ဂိမ်းစီးရီးတစ်ခုအနေနဲ့ဆိုရင်တော့ ဒါဟာလည်းအပြစ်ပြောစရာတော့မရှိပါဘူး။

Combat အတိုက်အခိုက်

Hack and Slash ဂိမ်းအမျိုးအစားတွေဖြစ်ပေမယ့် NieR Automata ဂိမ်းဟာ Devil May Cry ဂိမ်းနဲ့ယှဉ်လိုက်မယ်ဆိုရင် ရန်သူတွေကို အဆက်မပြတ်ခုတ်တာနဲ့ ပစ်ခတ်တဲ့နေရာတွေမှာ အနည်းငယ်လောက်ပဲ ဆင်တူတယ်လို့ဆိုနိုင်ပါတယ်။ Combo ကိုကြာရှည်အောင် ဆက်တိုက်တိုက်ခိုက်တဲ့နေရာမှာ NieR Automata ရဲ့တိုက်ခိုက်မှုပုံစံက အခြား hack and slash ဂိမ်းတွေကနေ ကွဲထွက်နေပါတယ်။ ဒါကိုကြည့်ပြီး စတိုင်ကျပြီးသားဖြစ်တဲ့ Devil May Cry ရဲ့ combo တိုက်ကွက်တွေကို လုံးဝပြီးပြည့်စုံသွားစေဖို့ Capcom ကနေ စနစ်သစ်တစ်ခုခု ထည့်သွင်းဖို့ စဉ်းစားသင့်ပါတယ်။ နောက်တစ်ခုက Devil May Cry ဂိမ်းနဲ့မတူညီစွာပဲ NieR Automata ဂိမ်းမှာ သေနတ်၊ လောင်ချာ အစရှိတဲ့ အဝေးပစ်လက်နက်တွေဟာ ရန်သူတွေကို အဖျက်စွမ်းအားကြီးမားစွာ ထိခိုက်စေတာပဲ ဖြစ်ပါတယ်။ NieR ဂိမ်းမှာ အဲဒီလိုပစ်ခတ်မှုတိုက်ကွက်တွေကို ရန်သူကိုလေပေါ်မြှောက်တင်ဖို့နဲ့ မိမိ combo ကိုကြာရှည်အောင်လို့ ကြားခံတိုက်ကွက်တွေအဖြစ် အသုံးပြုကြပါတယ်။ Capcom အနေနဲ့ နောက်လာမယ့် Devil May Cry ဂိမ်းအတွက် ဒီတစ်ချက်ဟာလည်း ထည့်သွင်းစဉ်းစားစရာပါပဲ။

တိုက်ပွဲအပြောင်းအလဲနဲ့ ကွဲပြားတဲ့တိုက်ခိုက်ပုံတွေ

နောက်တစ်ချက်အနေနဲ့က Devil May Cry ဂိမ်းအနေနဲ့ ရန်သူတွေ၊ အထူးသဖြင့် ဘော့စ်တွေနဲ့ရင်ဆိုင်လာရပြီဆိုရင် hack and slash အမျိုးအစားကို လုံးဝသီးသန့်ကြီးကွဲထွက်နေအောင် အသားပေးပြီး တိုက်ပွဲကိုတည်ဆောက်ထားပါတယ်။ ဒါပေမယ့် NieR Automata ရဲ့လေကြောင်းတိုက်ပွဲနဲ့ hacking တိုက်ပွဲတွေမှာတော့ shootem up ဂိမ်းအမျိုးအစားရဲ့ လုပ်ဆောင်ချက်တချို့နဲ့အငွေ့အသက်ကို ရောပြွမ်းထားပါတယ်။ Devil May Cry စီးရီးတစ်လျှောက်မှာ လုံးဝကိုကွဲထွက်နေတဲ့တိုက်ခိုက်ပုံနဲ့လက်နက်ဆိုလို့ Devil May Cry 4 မှာတွေ့မြင်နိုင်မယ့် Dante ရဲ့ Pandora Box လက်နက်လောက်ပဲ ရှိပါတယ်။ ခြွင်းချက်အနေနဲ့သာ ပြောနိုင်ပေမယ့် တကယ်တမ်းမှာ Pandora Box လက်နက်ဟာလည်း ထိထိရောက်ရောက်အသုံးပြုဖို့ အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ရတဲ့အပြင် တိုက်ကွက်ပေါင်းစုံကိုအသုံးချနိုင်ဖို့ Devil Trigger ဒါမှမဟုတ် လက်နက်ဘားပြည့်နေဖို့ လိုအပ်နေပါတယ်။ ဒီတော့ Capcom ဂိမ်း developerများအနေနဲ့ နောက်လာမယ့် Devil May Cry 5 ဂိမ်းမှာ ကစားသူတွေကိုမတူညီတဲ့အတွေ့အကြုံတွေ ပေးစွမ်းနိုင်ဖို့ ပုံစံပြောင်းတိုက်ခိုက်မှုနဲ့လက်နက်တစ်ချို့ကို ထည့်သွင်းပေးသင့်ပါတယ်။

ဘယ်တော့ထွက်လာမှာလဲ?

Capcom အနေနဲ့ ဂိမ်းထွက်ရှိလာမယ့်ရက်စွဲကိုရော ဂိမ်းကို စတင်လုပ်ဆောင်နေပါပြီဆိုတဲ့အကြောင်းကိုပါ တရားဝင်အတိအလင်းထုတ်ပြန်ကြေညာထားခြင်း မရှိသေးပါဘူး။ Xbox platform ဂိမ်းဖြစ်တဲ့ Scalebound ဂိမ်းကိုမဖျက်သိမ်းလိုက်ခင်အထိ Devil May Cry ဂိမ်းစီးရီးကိုဦးဆောင်ပြုလုပ်တဲ့ Hideki Kamiya ဟာ Scalebound အပေါ်မှာ အာရုံအပြည့်အဝစိုက်နေခဲ့ပါတယ်။ တကယ်လို့ Kamiya အနေနဲ့ Devil May Cry 5 အတွက် ပရောဂျက်ကိုစဆွဲပြီဆိုရင်တော့ Platinum Games နဲ့ပူးပေါင်းလုပ်ဆောင်သွားဖို့ အခွင့်များပါတယ်။ လက်ရှိမှာတော့ Platinum Games ဟာ Cygames နဲ့ပူးပေါင်းပြီး Granblue Fantasy: Project Re လင့်ချ်ဂိမ်းကို အပြီးသတ်နေပါတယ်။ Devil May Cry ကိုစောင့်မျှော်နေကြတဲ့ ပရိသတ်တွေအတွက်တော့ Kamiya ကိုယ်တိုင်ဦးဆောင်မယ့် DMC ဂိမ်း ဘယ်တော့ထွက်လာမလဲဆိုတာ သိချင်ရင်တော့ အချိန်နဲ့တပြေးညီနားစွင့်နေရဦးမှာပဲ ဖြစ်ပါတယ်။