Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Wednesday, May 31, 2017

သွေးပျက်စရာ ဘာသာရေးအရေခြုံရာဇဝတ်မှုတွေကိန်းအောင်းနေတဲ့ မွန်တားနားနယ်နဲ့ Far Cry 5


Ubisoft ကနေပြီး မေလအတွင်းမှာ Far Cry 5 reveal teaser ကိုအားလုံးအံ့အားသင့်သွားအောင် ရုတ်တရက်ချပြခဲ့ပြီး အချိန်ကောင်းဆိုသလိုပဲ နောက်တစ်ပါတ်အကြာမှာတော့ Far Cry 5 Official Trailer ကို ပရိသတ်တွေဆီ ဆက်တိုက်ထုတ်ပြခဲ့ပါတယ်။ ထွေလာထွက်ရှိလာပြီးနောက်မှာတော့ ဂိမ်းနဲ့ပတ်သတ်တဲ့ အချက်အလက်တွေနဲ့ အကြောင်းအရာတချို့ကို သိရှိခဲ့ရပါတယ်။ Far Cry 5 ကိုအခြား Far Cry ဂိမ်းတွေနဲ့ မတူညီကွဲထွက်အောင်ဖန်တီးထားပြီး အမေရိကန်အနောက်ပိုင်းကျေးလက်နယ်တစ်ခုဖြစ်တဲ့ မွန်တားနားပြည်အတွင်းက Hope County မှာ အဓိက ဇာတ်အိမ်တည်ထားပါတယ်။ အဲဒီနယ်အတွင်းမှာ အယူသည်းမှုတွေလောင်မြိုက်ပြည့်နှက်နေတဲ့ဘာသာရေးအဖွဲ့အစည်းနဲ့ သူတို့ရဲ့လက်ဝါးကြီးအုပ်ကြီးစိုးမှုတွေကို ခါးစည်းခံနေရတဲ့ချယ်လှယ်ခံအပြစ်မဲ့ပြည်သူတို့ နှစ်ဖက်ကြားက ပြင်းထန်ကြီးမားလှတဲ့ပဋိပက္ခတွေကို ကစားသူက တာဝန်ကျနယ်ထိန်းရဲလက်ထောက်တစ်ယောက်အနေနဲ့ ကိုယ်တိုင်ကိုယ်ကျတွေ့မြင်ခံစားရမှာပါ။

အခြေခံဇာတ်ကြောင်း

Far Cry 5 ကိုမွန်တားနားမြို့မှာ ဇာတ်အိမ်တည်ထားပါတယ်။ ဂိမ်းရဲ့ဇာတ်ကြောင်းအရဆိုရင်တော့ အဲဒီလိုကျေးလက်နယ်မြို့တစ်မြို့ကိုရွေးချယ်ထားတာဟာ အကိုက်ညီအသင့်တော်ဆုံးပါပဲ။ တစ်ပြည်နယ်လုံးဟာ "ဧဒင်ရဲ့ဂိတ်တံခါး" လို့အမည်ရတဲ့ဘာသာရေးဂိုဏ်းရဲ့ဝါဒဖြန့်ကျက်မှုနဲ့ အမှောင်လွှမ်းတဲ့ ထုံးတမ်းဓလေ့တွေအောက်မှာ မျှော်လင့်ချက်မဲ့စွာကျဆုံးသွားခဲ့ပါပြီ။ ကိုယ်ဟာ နယ်ထိန်းရဲလက်ထောက်တစ်ယောက်အနေနဲ့ ကိုယ်တာဝန်ကျတဲ့ကြမ္မာငင်နယ်မြေအတွင်းမှာ ကျန်ရှိနေသေးတဲ့ပြည်သူပြည်သားတွေကိုစုစည်းပြီး အဲဒီဘာသာရေးဂိုဏ်းကို အမြစ်ပြတ်အောင် တိုက်ထုတ်တော်လှန်ရမှာပဲဖြစ်ပါတယ်။

ဂိမ်းရဲ့အဓိကဗီလိန်

Far Cry 3 နဲ့ Far Cry 4 ဂိမ်းအသီးသီးရဲ့အဓိကဗီလိန်တွေဟာ ပင်ကိုစရိုက်အရရော၊ ဇာတ်ကောင်ပိုင်းအရပါ ထူးချွန်ပြောင်မြောက်အောင်ရေးဆွဲတည်ဆောက်ထားတဲ့ ဗီလိန်တွေဖြစ်ကြပါတယ်။ ဒီတော့ Far Cry 5 မှာလည်း Far Cry ဂိမ်းရဲ့ရှိရင်းစွဲဂိမ်းပုံစံကို နဂိုမူမပျက်ရလေအောင်လို့ ဧဒင်ရဲ့ဂိတ်တံခါးဂိုဏ်းရဲ့ဘာသာရေးခေါင်းဆောင်ဖြစ်သူ ဖာသာ Joseph Seed ကနေ တစ်ကြော့ပြန်ပြီးအသက်သွင်းပေးမှာပါ။ အဓိကဗီလိန်ဖြစ်သူဖာသာ Joseph Seed ရဲ့အကြောင်းကို ဘယ်လောက်မှ များများစားစားမသိရသေးပေမယ့် အရင်ဂိမ်းတွေအရဆိုရင်တော့ သူဟာ အစွန်းရောက်စိတ်နေသဘောထား၊ အတွေးအခေါ်နဲ့ ရင်ဆိုင်အနိုင်ယူရခက်မယ့် အန္တရာယ်ရှိရန်သူတော်ကြီးလို့ သတ်မှတ်နိုင်ပါတယ်။

ဂိမ်းကစားမှုပုံစံနဲ့သိရသမျှ


အခုအချိန်မှာ ဂိမ်းကစားမှုပုံစံနဲ့ပတ်သတ်ပြီး အနည်းငယ်သာသိရှိရပေမယ့် Far Cry ရဲ့နဂိုရှိရင်းစွဲဂိမ်းပုံစံကို ပြောင်းလဲသွေဖယ်ပြီးခွဲထွက်သွားမှာ မဟုတ်ဘူးလို့တော့ ကောက်ချက်ချနိုင်ပါတယ်။ အနောက်ပိုင်းကျေးလက်နယ်မွန်တားနားပြည်မှာ Open world စနစ်နဲ့ဂိမ်းကိုတည်ဆောက်ထားတာဖြစ်လို့ ခြေဦးတည့်ရာကျင်လည်သွားလာရင်း တွေ့မြင်ခံစားရသမျှတွေဟာ ကစားသူတွေကို သစ်လွင်တဲ့အတွေ့အကြုံတွေ ပေးစွမ်းသွားမှာပါ။ အရိုင်းအစိုင်းသားရဲတိရစ္ဆာန်ကြီးတွေ၊ သိမ်းယူရမယ့်မြေပုံအခြေစိုက်စခန်းတွေ၊ စိတ်ကြိုက်မောင်းနှင်လို့ရမယ့်ယာဉ်အမျိုးမျိုးနဲ့ အရင် Far Cry ဂိမ်းတွေရဲ့အငွေ့အသက်ကိုလည်း နဂိုအရသာမပျက်ရလေအောင် Far Cry 5 ကပြန်လည်ယူဆောင်လာပေးမှာပါ။ ဒါတင်မကသေးပါဘူး၊ Far Cry 5 မှာ လေယာဉ်ပျံတွေကိုပါ စီးနင်းခွင့်ရှိမှာဖြစ်ပြီး တိရစ္ဆာန်တိုက်ပွဲတွေလည်း ပါဝင်သွားမှာပါ။ ပြီးတော့ တစ်သီးပုဂ္ဂလသေနတ်ကိုင်တပ်ဖွဲ့တွေ၊ ကြမ်းကြုတ်တဲ့သားရဲတိရစ္ဆာန်တွေကိုပါ စစ်ကူအနေနဲ့ ထိုက်သင့်တဲ့အခကြေးငွေအသုံးပြုပြီး ငှားရမ်းခေါ်ယူနိုင်ဦးမှာပါ။

ကိုယ့်ဇာတ်ကောင်ကိုစိတ်ကြိုက်ပြင်ဆင်ဖန်တီးနိုင်မယ်

Far Cry 5 မှာပထမဦးဆုံးအနေနဲ့ ကစားသူတွေက ကိုယ့်ရဲ့ဇာတ်ကောင်ကိုယ် စိတ်ကြိုက်ပြင်ဆင်ဖန်တီးခွင့်ရှိမှာပါ။ ဒီတော့ ယောက်ျားသော်လည်းကောင်း၊ မိန်းမသော်လည်းကောင်း ကိုယ်နှစ်သက်ရာမျိုးနွယ်စုနဲ့အတူ ကိုယ့်ဇာတ်ကောင်ကို ကိုယ့်ဘာသာကိုယ်ရွေးချယ်ပြီး တည်ဆောက်ခွင့်ရမယ်ဆိုတဲ့သဘောပါ။ ကိုယ့်ဇာတ်ကောင်ရဲ့ရုပ်ရည်သွင်ပြင်လက္ခဏာကို ဘယ်လိုပုံဖော်ရမလဲဆိုတာနဲ့ပတ်သက်လို့ ဒီထက်ပိုပြီးအသေးစိတ်မသိရပေမယ့် အခုလိုမျိုးရွေးချယ်ခွင့်တွေပါဝင်လာတဲ့အတွက် ရင်ခုန်စရာကောင်းတာတော့ အမှန်ပါပဲ။

ဂိမ်းတစ်ခုလုံးကိုနှစ်ယောက်တွဲဆော့ကစားနိုင်မယ်

ဂိမ်းအစအဆုံးကိုတစ်ဦးတည်း solo ဒါမှမဟုတ် နှစ်ယောက်တွဲ co-op အနေနဲ့လည်း ကစားခွင့်ရှိမှာပါ။ ဒါကတော့အရင် Far Cry ဂိမ်းတွေထဲမှာမပါဝင်တဲ့ ဂိမ်းစနစ်အသစ်တစ်ခုပဲဖြစ်ပါတယ်။ Far Cry 3 မှာတော့ ကစားသူလေးယောက်အထိပါဝင်ဆော့ကစားနိုင်တဲ့ သီးခြားဇာတ်ကြောင်းပါဝင်ပြီး Far Cry 4 မှာလည်း ကစားသူနှစ်ဦးပါဝင်ဆော့ကစားနိုင်တဲ့ side မစ်ရှင်တွေ အသီးသီးရှိကြပါတယ်။ အဲဒီတော့ Far Cry 5 မှာလည်း co-op ဂိမ်းစနစ်ကို ဘယ်လိုမျိုးအပြစ်အနာအဆာကင်းစွာနဲ့ အဆင်ပြေပြေချောချောမွေ့မွေ့ထည့်သွင်းထားမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

မြေပုံကိုလည်းပြင်ဆင်နိုင်ဦးမယ်


အရင် Far Cry ဂိမ်းတွေလိုပဲ Far Cry 5 မှာလည်း ကစားသူများအနေနဲ့ ကိုယ့်ဘာသာကိုယ်မြေပုံကိုပြင်ဆင်နိုင်မယ့် Map Editor လုပ်ဆောင်ချက်ကိုထည့်သွင်းပေးထားမှာပါ။ ဒါပေမယ့် အဲဒါနဲ့ပတ်သက်ပြီးတော့ Ubisoft ကဘာမှအတိအလင်းထုတ်ပြန်ကြေညာထားခြင်းမရှိသေးပါဘူး။

ဂိမ်းရေးဆွဲတည်ဆောက်သူများအဖွဲ့

Far Cry 5 ကိုတော့ Ubisoft Montreal ကနေပြီးဦးဆောင်ရေးဆွဲနေတယ်လို့ သိရပါတယ်။ Ubisoft Montreal ဟာ Far Cry 3, Far Cry 4 တို့အပြင် Far Cry Primal ကိုပါ တာဝန်ယူဦးဆောင်ရေးဆွဲတဲ့ developer အဖွဲ့ပဲဖြစ်ပါတယ်။

ဆော့နိုင်မယ့်ဂိမ်းဖလက်ဖောင်းတွေ

Far Cry 5 ကို PS4, Xbox One နဲ့ Microsoft Windows တို့မှာဆော့ကစားနိုင်မှာပဲဖြစ်ပါတယ်။ အခမဲ့ဘောနပ်စ် content ကိုတော့ PS4 ဗားရှင်းမှာပဲ ထွက်ရှိမှာဖြစ်ပြီး အခြားပလက်ဖောင်းများအနေနဲ့လည်း ရယူလိုပါက ဝယ်ယူခွင့်ရှိမှာပါ။ ကံမကောင်းစွာနဲ့ပဲ Far Cry 5 ကိုတော့ Nintendo Switch မှာတော့ဆော့ကစားနိုင်မှာမဟုတ်ပါဘူး။

တရားဝင်ဖြန့်ချိမယ့်ရက်စွဲ

Far Cry 5 ကို 2018 ဖေဖော်ဝါရီလ 27 ရက်မှာ တရားဝင်ဖြန့်ချိသွားမှာပဲဖြစ်ပါတယ်။ Ubisoft ကလိမ္မာပါးနပ်စွာနဲ့ အားလပ်ရက်ရာသီနဲ့ထပ်တိုက်မတိုးရလေအောင်လို့ ဖြန့်ချိမယ့်ရက်စွဲကို စနစ်တကျနဲ့စီမံထားခဲ့ပုံပါပဲ။ EA ဟာလည်း Titanfall 2 ကို 2017 ခုနှစ်မှာ စတင်ဖြန့်ချိတုန်းက Ubisoft လိုပဲလုပ်ခဲ့သင့်တာပါ။

 á€€á€˛ ဒါပါပဲ ဂိမ်မာများ

ကဲ ဂိမ်မာများအတွက် Far Cry 5 အကြောင်းသိသိရသမျှကို ဒီမှာတင်ဆက်ပေးလိုက်ပါပြီ။ ဒီနှစ် E3 ပွဲမှာ Ubisoft အနေနဲ့ Far Cry 5 နဲ့ပတ်သက်ပြီး ဘာတွေကိုထုတ်ဖော်ချပြသွားဦးမလဲဆိုတာကိုတော့ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်နေကြရဦးမှာပါ။ ကျွန်တော့်အနေနဲ့ဆိုရင်တော့ ဒီတစ်ခွေမှာ တည်ထားတဲ့ဇာတ်အိမ်၊ ချီထားတဲ့ဇာတ်ကြောင်း၊ အခြေစိုက်ထားတဲ့နယ်မြေအနေအထား၊ အသစ်ထပ်မံထည့်သွင်းထားတဲ့ ဂိမ်းတွင်းလုပ်ဆောင်ချက်တွေ၊ ရှုပ်ထွေးလှတဲ့ဘာသာရေးပဋိပက္ခတွေနဲ့ ရက်စက်ကြမ်းကြုတ်လှတဲ့ဖြစ်စဉ်တွေကို Far Cry 5 ဆိုတဲ့ခေါင်းစဉ်အောက်မှာ တစ်စုတပေါင်းတည်းတွေ့မြင်ရမှာဖြစ်တဲ့အတွက် မေးခွန်းထုတ်စရာမရှိအောင်ကို ရင်ခုန်စွာနဲ့စောင့်စားနေရပါကြောင်းပါခင်ဗျာ။

Far Cry 5

Yan (31.5.2017)

Ref: Forbes


No comments:

Post a Comment