Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Tuesday, June 13, 2017

ရှေးဟောင်းအီဂျစ်ပြည်မှာ ဂန္တဝင်ဆန်ဆန်တွေ့မြင်ရမယ့် Assassin's Creed: Origins

ဟိုတစ်စ ဒီတစ်စနဲ့ ကောလဟာလတွေပေါက်ကြားနေခဲ့တဲ့ နောက်လာမယ့် Assassin's Creed ခွေအသစ်ရဲ့ ပလူပျံနေတဲ့ သတင်းအစအနတွေဟာ အခုအချိန်မှာတော့ အားလုံးအနည်ထိုင်လို့ ပြန်လည်ငြိမ်သက်သွားခဲ့ရပါပြီ။ ဘာဖြစ်လို့လည်းဆိုတော့ မကြာသေးမှီကကျင်းပခဲ့တဲ့ E3 2017 ပွဲမှာ Ubisoft ကနေပြီး Assasin's Creed ဂိမ်းစီးရီးရဲ့နောက်လာမယ့်အခွေသစ်ကို အားလုံးရဲ့ရှေ့မှောက် ထုတ်ဖော်ပြသလိုက်လို့ပါပဲ။ ဂိမ်းလောကထဲကိုတစ်ကြော့ပြန်ခြေစုံပစ်ဝင်လာမယ့် Assassin's Creed စီးရီးရဲ့ဂိမ်းအသစ် Assasin's Creed:Origins ကိုရှေးဟောင်းအီဂျစ်ပြည်မှာ ဇာတ်အိမ်တည်ထားပြီး ဂန္တဝင်ဆန်ဆန်လက်ရာမြောက်စွာဖန်တီးထားတယ်လို့ သိခဲ့ရပါတယ်။ Assasin's Creed:Origins မှာဆန်းသစ်တဲ့ဂိမ်းတွင်းလုပ်ဆောင်ချက်အသစ်တွေအပြင် ပြောင်းလဲမှုအသစ်တချို့ကိုထည့်သွင်းထားတယ်လို့ Xbox One X gameplay ဗီဒီယိုအရသိနိုင်ပါတယ်။ အဲဒီတော့ Assassin's Creed:Origins နဲ့ပတ်သတ်ပြီး သိရှိရသမျှကို အခုဒီမှာဖော်ပြပေးလိုက်ပါတယ်။
ရှေးခေတ်အီဂျစ်ပြည်၊ ဆူဒန်မြို့မြောက်ပိုင်းသားဖြစ်တဲ့ဇာတ်ဆောင် Bayek

ဆူဒန်မြို့မြောက်ပိုင်းသားလည်းတစ်ဖြစ်၊ ရှေးခေတ်အီဂျစ်စစ်တပ်မျိုးနွယ်တစ်ယောက်လည်းဖြစ်တဲ့ Bayek ဟာ သူ့ရဲ့တိုင်းပြည်ကိုကျရောက်လာမယ့် အမျိုးမျိုးသောပြည်တွင်းပြည်ပအန္တရာယ်ရန်စွယ်တွေကို ရဲဝံ့တဲ့စစ်သူရဲကောင်းတစ်ယောက်အနေနဲ့ ခုခံကာကွယ်ရမှာပါ။ အရင်အခွေတွေနဲ့ကွဲပြားခြားနားစွာပဲ Origin ဆိုတဲ့နာမည်အရ ဒီခွေဟာ Assassin Brotherhood ကြီးဘယ်လိုမျိုးပေါ်ပေါက်လာသလဲဆိုတာကို ဟိုးအစကနေ မီးမောင်းထိုးပြတဲ့ဇာတ်ဖြစ်တာမို့လို့ Assassin's Creed ဂိမ်းနောက်ဆက်တွဲခွေဆိုတာထက် ဇာတ်လမ်းတွေအားလုံးရဲ့အစကို အနှစ်ချုပ်ပြီး အက်ရှင်ဆန်တဲ့စွန့်စားခန်းတွေနဲ့ နက်ရှိုင်းကျယ်ပြောလှတဲ့အီဂျစ်ပြည်မှာ active RPG ဂိမ်းအသစ်တစ်ခုအဖြစ် အားလုံးကသစ်လွင်စွာခံစားတွေ့မြင်ကြရမယ့် ပုံပါပဲ။



ခေတ်ပျက်အီဂျစ်ပြည်နဲ့ သမိုင်းကြောင်းအထင်ကရနေရာတွေ

အမှောင်ထုအင်အားစုတွေကြီးစိုးပြီး မင်းမဲ့ဆန်ဆန်ဒုစရိုက်မှုတွေ၊ မသမာမှုတွေ၊ လုယက်တိုက်ခိုက်သတ်ဖြတ်မှုတွေနဲ့လောင်မြိုက်ချစားနေတဲ့ ရှေးဟောင်းခေတ်ပျက်အီဂျစ်ပြည်ကြီးနဲ့ တည်ငြိမ်အေးချမ်းမှုကိုလိုလားတောင့်တတဲ့ Bayek တို့နှစ်ဖက်အကြား ပြင်းထန်ကြမ်းတမ်းလှတဲ့ပဋိပက္ခပေါင်းများစွာကို ဂိမ်မာများကကိုယ်တိုင်ကိုယ်ကျ ရင်ဆိုင်ဖြေရှင်းရမှာပါ။ အဲဒီလိုမျိုးရှုပ်ထွေးလှတဲ့ဇာတ်ထုပ်ကနေတဆင့် Assassin Brotherhood ကြီးကို ဘယ်ကနေဘယ်လိုစလို့ တည်ထောင်ဖြစ်ခဲ့တယ်ဆိုတာကို ဆော့ရင်းဆော့ရင်း ဇာတ်လမ်းရှေ့ဆက်တာနဲ့အမျှ အချိတ်အဆက်မိမိနဲ့ ဂိမ်မာတွေကဖြည်းဖြည်းချင်းနားလည်သဘောပေါက်သွားမယ့် ပုံပါပဲ။ ကမ္ဘာမြေပုံအရဆိုရင် အတ္တလန္တိတ်သမုဒ္ဒရာနဲ့ဆက်နွယ်နေပြီး မြောက်ဘက်မှာ တောင်ပိုင်းဥရောပနယ်၊ အန်နာတိုလီယာပြည်နဲ့ တောင်ဘက်ကနေဆိုရင် မြောက်ပိုင်းအာဖရိကနယ်တို့ ဝန်းရံထားတဲ့ Mediterranean ပင်လယ်ကနေ ဂီဇာနားခိုရာအုတ်ဂူထိတောက်လျှောက် ကျယ်ပြန့်နက်ရှိုင်းစွာကျင်လည်သွားလာနိုင်မှာပဲဖြစ်ပါတယ်။ ဒါ့အပြင် ဂိမ်းအတွက်အခရာကျတဲ့မြို့တွေကတော့ မန်းဖစ်စ်မြို့နဲ့အလက်ဇန်းဒရီးယားမြို့တွေပဲဖြစ်ပါတယ်။


တီထွင်ဆန်းသစ်လိုက်တဲ့ဂိမ်းကစားမှုပုံစံ

Gameplay ဗီဒီယိုမှာတော့ လေး၊ မြား၊ ဓါး၊ ပုဆိန်၊ ဒိုင်းအစရှိတဲ့လက်နက်တွေကို တိုက်ခိုက်မှုပုံစံစုံလင်စွာနဲ့ ဆော့ကစားပြထားတာကို အားလုံးကတွေ့မြင်နိုင်ပါတယ်။ Assassin's Creed ဂိမ်းစီးရီးရဲ့အတိုက်အခိုက်ဂိမ်းပုံစံဟာ အလိုလျောက်အက်ရှင်လှုပ်ရှားမှုကိုအသားပေးတဲ့ ရုပ်ရှင်ဆန်ဆန်တိုက်ခိုက်မှုပုံစံမျိုးပါ။ ဒါပေမယ့်အခုဒီအခွေမှာ တိုက်ခိုက်မှုစနစ်ကိုထီထွင်ဆန်းသစ်လိုက်တဲ့အနေနဲ့ အခရာကျတဲ့လုပ်ဆောင်ချက်တွေ အားလုံးကိုရောပြွန်းလိုက်ပါတယ်။ အဲဒါတွေကတော့ လက်နက်တွေကို ကိုယ့်ဘာသာကိုယ်ပြုလုပ်နိုင်သွားတယ်။ တိုက်ပွဲမှာဒိုင်းကိုအသုံးပြုလို့ရသွားတယ်။ လေထဲမှာမြားအသုံးပြုနိုင်သွားပြီး မြင်းစီးနေတဲ့အချိန်တွေမှာလည်း ဓား ဒါမှမဟုတ် မြားနဲ့ရန်သူတွေကို တိုက်ခိုက်နိုင်တာတွေအပြင် ကိုင်တွယ်အသုံးပြုနိုင်မယ့်လက်နက်ရှစ်မျိုးနဲ့ မြားလေးမျိုးပေးထားပါတယ်။ ဒါ့အပြင် ရန်သူတွေကိုမီးမြားနဲ့လောင်မြိုက်တိုက်ခိုက်နိုင်မယ့် တိုက်ခိုက်မှုပုံစံမျိုးကိုလည်း ထည့်သွင်းထားပါသေးတယ်။


ကင်းထောက်စွန်ရဲနဲ့ကောင်းကင်မြင်ကွင်းကျယ်

ဒါတွေတင်မကသေးပါဘူး၊ အရင်ခွေတွေလို ရန်သူ့မျှော်စင်တပ်စခန်းတွေကို လိုက်သိမ်းရတဲ့ဂိမ်းစနစ်ကို ထည့်မသွင်းထားဘဲ စွန်ရဲတစ်ကောင်အနေနဲ့ကောင်းကင်မှာပျံဝဲပြီး ကိုယ်သွားရမယ့်နယ်မြေတွေကို အပေါ်စီးကနေကျယ်ပြန့်တဲ့အမြင်နဲ့ အရင်ထောက်လှမ်းကြည့်ရှုနိုင်မယ့် ကင်းထောက်စွန်ရဲ (Overhead Hawk) လို့အမည်ရတဲ့ လုပ်ဆောင်ချက်အသစ်ကို ထည့်သွင်းမိတ်ဆက်ထားပါတယ်။ အဲဒီကင်းထောက်စွန်ရဲလုပ်ဆောင်ချက်အသစ်ဟာ Assasin's Creed: Origins အတွက်အရေးပါပြီးအချက်အချာကျတဲ့ဂိမ်းတွင်းလုပ်ဆောင်ချက်တစ်ခုဖြစ်လာမှာပါ။ ဒီတစ်ခွေမှာတော့ တိုက်ခိုက်မှုပုံစံအဆန်းအပြားတွေနဲ့ လုပ်ဆောင်ချက်အသစ်တွေကိုပေါင်းစည်းပြီး အတွေ့အကြုံအသစ်တွေကို ပေးစွမ်းသွားမယ်လို့ မျှော်လင့်ရပါတယ်။


နက်ရှိုင်းကျယ်ပြန့်လှတဲ့အီဂျစ်ပြည်ကြီးနဲ့သဘာဝပတ်ဝန်းကျင်


ဂိမ်းတောက်လျှောက် ကိုယ်ကျင်လည်သွားလာရမယ့်ပတ်ဝန်းကျင်နဲ့နယ်မြေတွေကို နက်ရှိုင်းကျယ်ပြောစွာနဲ့ အသက်ဝင်နေအောင်ဖန်တီးပေးထားပါတယ်။ ဇာတ်ကောင်တွေရဲ့တုံ့ပြန်မှုတွေ၊ သွားလာလှုပ်ရှားမှုပုံစံ၊ လူတွေရဲ့ဆက်ဆံမှု အစရှိတာတွေကို တကယ့်သက်ရှိပြင်ပအငွေ့အသက်တွေရအောင်လို့ သဘာဝကျကျတည်ဆောက်ဖန်တီးပေးထားပါတယ်။ Assasin's Creed ရဲ့ရှိရင်းစွဲမူကို ဆက်လက်ထိန်းသိမ်းထားတဲ့အနေနဲ့ သားရဲတိရစ္ဆာန်တွေနဲ့ဆက်စပ်လုပ်ဆောင်ချက်တွေကတော့ ပြန်လည်ပါဝင်သွားမှာပါ။ အီဂျစ်ပြည်ရဲ့နိုင်းမြစ်ဟာ ကမ္ဘာပေါ်မှာထင်ရှားလှတဲ့အတွက် ရေကြောင်းအရလည်း မြစ်အသီးသီးမှာ လှေစီးနင်းသွားလာနိုင်တဲ့ ဂိမ်းတွင်းလုပ်ဆောင်ချက်ကို မပျက်မကွက်ထည့်သွင်းထားတာတွေ့မြင်ရမှာပါ။ ကမ္ဘာ့အထင်ကရတိုင်းပြည်တစ်ပြည်ဖြစ်တဲ့ အီဂျစ်ပြည်မှာ ဘယ်လိုမျိုးစိတ်ဝင်စားစရာဇာတ်ကြောင်းတွေနဲ့ ဂိမ်းတစ်ခုလုံးကိုအချိတ်အဆက်မိမိ ရေးဆွဲတည်ဆောက်ထားတယ်ဆိုတာကတော့ ကျွန်တော်တို့အားလုံးစောင့်ကြည့်ရဦးမှာပါ။

အနှစ်ချုပ်

စတုတ္တမြောက်ခွေဖြစ်တဲ့ Black Flag ထွက်ရှိပြီးကတည်း Ubisoft Montreal ဟာ ဒီခွေအပေါ်မှာအာရုံအပြည့်အဝစိုက်ပြီး အားသွန်ခွန်စိုက်နဲ့ စတင်လုပ်ဆောင်နေခဲ့တာလေးနှစ်နီးပါးရှိခဲ့ပါပြီ။ အဲဒီလေးနှစ်တာပရောဂျက်ကြီးကို အခုအချိန်မှတော့ Assasin's Creed:Origins အဖြစ်နဲ့အားလုံးပါးစပ်အဟောင်းသားဖြစ်သွားအောင်လို့ မျက်ဝါးထင်ထင်ချပြခဲ့ပါပြီ။ Assassin Brotherhood ကြီးဘယ်လိုပေါ်ပေါက်လာတာလဲ။ ဘယ်လိုရည်ရွယ်ချက်တွေနဲ့တည်ဆောက်ခဲ့တာလဲ။ စတင်ဖွဲ့စည်းခဲ့တုန်းကအဖွဲ့ဝင်တွေက ဘယ်သူတွေလဲ။ အစရှိတာတွေကို လောလောဆယ်မှာ ကိုယ့်ဘာသာကိုယ်မေးခွန်းထုတ်ပြီးအဖြေရှာနေရုံကလွဲပြီး ဘာမှမတတ်နိုင်သေးပါဘူး။ ကဲ ဒီတော့ ဒီနှစ်ကုန်ပိုင်းမှာ ထွက်ရှိလာမယ့် Assasin's Creed:Origins အခွေကို ကိုယ့်လက်ထဲဆိုက်ဆိုက်မြိုက်မြိုက်ရောက်တော့မှ အားပါးတရဆော့ပြီး အဖြေရှာကြပါလို့ ဒီကနေနှိုးဆော်ပေးလိုက်ချင်ပါတယ် ဂိမ်မာများ။

















Yan
Ref: Gamespot, Kotaku, Segmentnext

No comments:

Post a Comment