Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Thursday, June 29, 2017

Outsider ရဲ့နောက်ဆုံးနိဂုံးကိုတွေ့မြင်ရမယ့် Dishonored: Death Of The Outsider

Dishonored ဂိမ်းစီးရီးရဲ့နောက်ဆက်တွဲအခွေကိုတော့ စက်တင်ဘာလ ၁၅ ရက်နေ့မှာထွက်မယ်လို့ တရားဝင်ထွေလာနဲ့အတူ Bethesda ကအတိအလင်းကြေညာခဲ့ပြီးပါပြီ။ အခုလာမယ့်အခွေသစ်ကိုဆော့ကစားနိုင်ဖို့အတွက် ထွက်ရှိခဲ့ပြီးတဲ့ Dishonored 1 နဲ့ 2 ကိုပိုင်ဆိုင်စရာမလိုပါဘူး။ အဲဒါဘာကိုဆိုလိုသလဲဆိုတော့ အခုလာမယ့်နောက်ဆက်တွဲအခွေဟာ သူ့ဘာသာသူ သီးခြားတစ်ကိုယ်တော်ဇာတ်ကြောင်းရှိလိမ့်မယ်လို့ ဆိုလိုတာပါပဲ။ Dishonored 2 ဖြစ်ရပ်တွေအပြီး လအနည်းငယ်လောက်အကြာမှာ ဇာတ်အိမ်တည်ထားတဲ့ Dishonored: Death Of The Outsider မှာ ဘုရင်မ Jessamine Kaldwin ကိုရက်စက်စွာလုပ်ကြံသတ်ဖြတ်ခဲ့တဲ့ ဂန္တဝင်လူသတ်သမားကြီး Daud နဲ့သူ့ရဲ့အားအထားရဆုံးလူယုံတော်ဖြစ်တဲ့ Billie Lurk တို့အတူတူပေါင်းပြီး အရာအားလုံးကိုစတင်ခဲ့တဲ့ Outsider ရဲ့နိဂုံးကိုဘယ်လိုချူပ်ပေးမလဲဆိုတာကို အားလုံးကမျက်ဝါးထင်ထင်တွေ့မြင်ကြရမှာပါ။ လူသတ်သမားကြီး Daud နဲ့သူ့ရဲ့တပည့်ကျော် Billie Lurk တို့နှစ်ယောက်ဦးစီးတဲ့လူသတ်သမားအဖွဲ့အကြောင်းကို ဒီ့ထက်ပိုပြီးကျယ်ကျယ်ပြန့်ပြန့်သိရှိချင်တယ်ဆိုရင်တော့ Dishonored 1 ရဲ့ Knife Of Dunwall DLC ကိုဆော့ကစားကြည့်ကြဖို့တိုက်တွန်းရင်းနဲ့ Death Of The Outsider ကသိရှိရသမျှကိုစုစည်းပြီး ဒီမှာတင်ပြလိုက်ရပါတယ်။


Outsider ကိုသုတ်သင်မယ့်အဓိကအကြောင်းအရင်း

Dishonored စီးရီးရဲ့ဂိမ်းကစားပုံစံကို နာမည်ကျော်သွားစေတဲ့အဓိကအကြောင်းအရင်းက လျှို့ဝှက်နက်နဲတဲ့သဘာဝလွန်အစွမ်းတွေနဲ့ ဉာဏ်ရှိရင်ရှိသလိုဖြတ်ကျော်သွားလို့ရတဲ့အခန်းကဏ္ဍတွေပါပဲ။ ဒါပေမယ့် အဲဒီသဘာဝလွန်စွမ်းအားတွေမြစ်ဖျားခံရာအရင်းအမြစ်က Outsider လို့အမည်ရတဲ့ အကောင်အထည်သာမြင်နိုင်တဲ့လူသဏ္ဌာန်ပြရုပ်တစ်ခုပါ။ ဒီတော့ဂိမ်းရဲ့အဓိကဇာတ်ကောင်တစ်ဖြစ်လဲ လျှို့ဝှက်တဲ့ Outsider ရဲ့တကယ့်ရည်ရွယ်ချက်နဲ့ နောက်ကြောင်းဇာတ်လမ်းတွေကို ဘယ်သူမှဘာမှမသိရသေးပါဘူး။ ထိုက်တန်သူတွေသာရရှိခဲ့တဲ့ Outsider ရဲ့သဘာဝလွန်စွမ်းအင်တွေကို နည်းလမ်းမှားယွင်းစွာအသုံးချတဲ့လူနည်းစုကြောင့် Dunwall နဲ့ Karnaca မြို့တွေအပါအဝင် Dishonored ကမ္ဘာကြီးဟာလှိုက်စားပျက်စီးနေရတာမို့လို့ Billie Lurk နဲ့ Daud တို့နှစ်ယောက်ဟာ အားလုံးကိုအဆုံးသတ်မယ့်ရည်ရွယ်ချက်နဲ့ Outsider ကိုသုတ်သင်မှာပါ။

Outsider နဲ့ထိပ်တိုက်မတွေ့ခင်ဘာတွေဖြစ်မှာလဲ

ဂိမ်းရဲ့အဓိကဇာတ်ကောင်ဖြစ်တဲ့ Billie Lurk အနေနဲ့ ပြန်လမ်းမရှိတဲ့မြေအောက်လှောင်အိမ်လက်ဝှေ့ပွဲတွေကို ထိုးဖေါက်ဝင်ရောက်ရမယ်။ နတ်အယူဝါဒနဲ့မိန်းမပျိုတွေကို ရင်ဆိုင်ကျော်ဖြတ်ရမယ်။ သူမလိုပဲ Outsider ရဲ့သတင်းအစအနကို အသည်းအသန်လိုက်ရှာနေတဲ့ မျက်လုံးမဲ့ဂိုဏ်းနဲ့ Dishonored 2 မှာတွေ့ကြုံရင်ဆိုင်ခဲ့ရတဲ့ ယန္တရားစက်ရုပ်တွေကိုနှိမ်နင်းသုတ်သင်ရမယ့်အပြင် အရင်အခွေတွေမှာပါဝင်ခဲ့တဲ့ ရန်သူဟောင်းတွေနဲ့လည်း ပြန်လည်ကြုံတွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင်ရှေးဟောင်းမှော်ဝင်ပစ္စည်းတွေကို အနုကြမ်းစီးပြီး ဝင်ရောက်လုယက်ရတဲ့အခန်းမျိုးလည်းပါဝင်မှာဖြစ်သလို ဘာမှမပြင်ဆင်၊ မမျှော်လင့်ထားတဲ့အချိန်မျိုးမှာလည်း Outsider နဲ့ထိပ်တိုက်တွေ့ဦးမှာဖြစ်ပါတယ်။



Outsider ကိုဘယ်လိုအစွမ်းတွေနဲ့ရင်ဆိုင်မလဲ

သဘာဝလွန်စွမ်းအင်အားလုံးရဲ့အရင်းအမြစ်ဖြစ်တဲ့ Outsider ကိုအမြစ်ဖြတ်သုတ်သင်ဖို့ဆိုတာ စာချူပ်အရသတ်ခိုင်းတဲ့သူကိုသတ်လိုက်ရသလို လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။ ဂန္တဝင်လူသတ်သမားကြီး Daud နဲ့သူအားအထားရဆုံးလူယုံတော် Billie Lurk အပြင် ဘုရင်မရဲ့သက်တော်စောင့်ဖြစ်တဲ့ Carvo တို့သုံးဦးပေါင်းပြီး ရင်ဆိုင်မယ်ဆိုရင်တောင်မှ အချိန်ယူ၊ အကြံအစည်တွေကောင်းကောင်းချပြီး လုပ်ဆောင်ရမှာပါ။

Billie Lurk ရဲ့ဇာတ်ရုပ်ကိုမီးမောင်းထိုးပြမယ့်အခွေဖြစ်တဲ့အတွက် Billie Lurk မှာဘယ်လိုမျိုးအစွမ်းအစတွေရှိသလဲဆိုတာ တစ်ချက်ကြည့်ရပါမယ်။

Billie Lurk ရဲ့လျှို့ဝှက်တဲ့အစွမ်းတွေ

Carvo, Daud နဲ့ Emily တို့နဲ့ကွဲပြားခြားနားစွာဘဲ Outsider ရဲ့အမှတ်အသားကိုမရရှိခဲ့တဲ့ Billie Lurk ဟာငယ်စဉ်ကတည်းက လိမ္မာပါးနပ်တဲ့အပြင် တိုက်ရည်ခိုက်ရည်မှာထူးချွန်ခဲ့ပြီး လူသတ်သမားခေါင်းဆောင် Daud ရဲ့လက်တွေ့ဆန်ပြီးပြင်းထန်တဲ့လေ့ကျင့်မှုတွေအောက်မှာ အသွားထက်တဲ့ဓါးတစ်လက်လိုထက်မြက်လာခဲ့ပါတယ်။ ပုံထဲကအတိုင်းဆိုရင် Billie Lurk ရဲ့ညာဖက်မျက်လုံးမှာ အနီရောင်မှော်မျက်လုံးကို အစားထိုးထားတာ အားလုံးကတွေ့မြင်ရမှာပါ။ Arkane ကုမ္မဏီပိုင်ရှင် Harvey Smith ရဲ့ပြောပြချက်အရဆိုရင် အဲဒီမျက်လုံးဟာရှေးဟောင်းမှော်ဝင်ပစ္စည်းတစ်ခုဖြစ်ပြီး သေမင်းမျက်ရှင် (Eye Of The Dead God) လို့အမည်ရပါတယ်။ ဒါတွေတင်မကသေးပါဘူး၊ သူမရဲ့ညာဖက်လက်ကို တစ်ဖက်ကမ္ဘာကမှော်ဝင်အစိတ်အပိုင်းတွေနဲ့ဖန်တီးထားပြီး သူမ ကိုင်ဆောင်တဲ့ဓါးဟာ Outsider ရဲ့လူသားဘဝကို နှုတ်ယူစတေးခဲ့တဲ့ ကျိန်စာသင့်ဓါးပါ။ Carvo မှာ Blink, Emily မှာ Far Reach အစရှိတဲ့ ကိုယ်ပိုင်ပုံစံနဲ့သွားလာတဲ့အစွမ်းတွေအသီးသီးရှိကျသလိုပဲ Billie Lurk ရဲ့အစွမ်းကတော့ Displace လို့အမည်ရပါတယ်။ အဲဒီလုပ်ဆောင်ချက်က ကိုယ်သွားခဲ့တဲ့နေရာတိုင်းမှာ ကိုယ့်ရဲ့အမှတ်အသားချန်ခဲ့လို့ရမှာဖြစ်ပြီး ကိုယ့်အမှတ်ချန်ခဲ့တဲ့နေရာဆီပြန်ရောက်ချင်တဲ့အချိန်ကျရင် ချက်ချင်းလိုသလိုပြန်ရောက်နိုင်မှာပဲဖြစ်ပါတယ်။ ထွေလာမှာ အားလုံးကိုတွေ့မြင်နိုင်ပါတယ်။


အနှစ်ချူပ်

အခုလိုမျိုး Billie Lurk ရဲ့ထူးခြားဆန်းပြားတဲ့ဂုဏ်စွမ်းသတ္တိတွေဟာ Outsider ကိုအနိုင်ယူနှိမ်နင်နိုင်းနိုင်မလားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပါပြီ။ Dishonored 2 မှာ Billie Lurk ကိုအားလုံးက တွေ့မြင်ခဲ့ရပေမယ့် ဇာတ်ပို့သဘောမျိုး၊ ရာဇဝတ်မှုကျူးလွန်တဲ့သူထက်စာရင် အငှားယာဉ်မောင်းတဲ့သူမျိုးအဖြစ်နဲ့သာ ပြတ်တိပြတ်တောင်းနဲ့မြင်ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် Outsider ရဲ့ပြောစကားအရဆိုရင်တော့ သူ့ကိုနှိမ်နင်းနိုင်တဲ့ လူတစ်ယောက်ရှိပါသေးတယ်။ Outsider ရဲ့အဆုံးသတ်ကို အခုတစ်ခွေမှာတွေ့မြင်ရမှာမို့လို့ Dishonored ဂိမ်းရဲ့ဆက်လက်ဖြစ်တည်မှုဟာလည်း ဒီခွေနဲ့တိုက်ရိုက်ဆက်နွယ်နေပါတယ်။  Dishonored :Death Of The Outsider ကိုစက်တင်ဘာလမှာဖြန့်ချိမှာဖြစ်ပြီး PC, PS4 နဲ့ Xbox ပလက်ဖောင်းအသီးသီးမှာ ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ ဒီတော့ Outsider ကိုနိဂုံးချူပ်လိုက်နိုင်မလား၊ ဒါမှမဟုတ် ဇာတ်သိမ်းကအားလုံးကိုတုန်လှုပ်ချောက်ချားသွားစေမလားဆိုတာကတော့ ဒီနှစ်အကုန်ပိုင်းမှာထွက်ရှိမယ့် Death Of The Outsider ကိုကိုယ်တိုင်ကိုယ်ကျ ဆော့ကစားရင်းအဖြေရှာကြည့်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။




Dishonored :Death Of The Outsider
Yan (28.6.2017)
Ref: Kotaku, vg247

No comments:

Post a Comment