Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Friday, June 23, 2017

အကြောက်တရားအစစ်အမှန်ကို ခံစားမိစေမယ့်ဂိမ်းများ

ဂိမ်းတွေကိုရည်ရွယ်ချက်အမျိုးမျိုးနဲ့လူတွေကဆော့ကြပါတယ်။ တချို့ကပျော်ရွှင်မှုတွေကိုခံစားချင်လို့၊ တချို့ကခဏတာလောက်ပဲဖြစ်ဖြစ် လက်ရှိဘဝထဲကရုန်းထွက်ချင်လို့၊ တချို့ကျေတာ့ဘဝအမောတွေပြေပျောက်ချင်လို့၊ တချို့ကတော့စိတ်ကူးယဉ်ကမ္ဘာလောကတစ်ခုမှာ သက်ဝင်စီးမျောချင်လို့ အစရှိသဖြင့်ပါ။ ရုပ်ရှင်တွေကို ကိုယ့်ရဲ့အကြိုက်အလိုက်ကြည့်ကြသလိုပဲ ဂိမ်းတွေမှာလည်းရွေးချယ်ဆော့ကစားနိုင်မယ့် အမျိုးအစားမျိုးစုံရှိပါတယ်။ ကျောချမ်းရတယ်ဆိုတဲ့ခံစားချက်၊ ထိတ်လန့်တုန်လှုပ်မှုနဲ့ ဖန်တီးထားတဲ့အကြောက်တရားကို လူတွေခံစားနိုင်အောင်ပေးစွမ်းဖို့အတွက် သရဲကားဆိုတာမျိုးကို ရိုက်ကူးတင်ဆက်ထုတ်လုပ်လာကျတာဖြစ်ပါတယ်။ အဲဒီလိုပဲ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်း၊ ယုတ္တိတန်ပြီး ပြောင်မြောက်တဲ့သရုပ်ဆောင်ကွက်တွေနဲ့ ရသမြောက်လှတဲ့သရဲကားကောင်းများစွာရှိသလို ဂိမ်းတွေမှာလည်းအလားတူပါပဲ။ ဂိမ်းနဲ့ရုပ်ရှင် မတူတဲ့အချက်တစ်ချက်က ဂိမ်းတွေဟာ စိတ်နှစ်ပြီးကိုယ်တိုင်ကိုယ်ကျနဲ့ ဝင်ရောက်ခံစားလို့ရတာပါပဲ။ ကိုယ့်လုပ်ဆောင်ချက်ရဲ့နောက်ဆက်တွဲ ကောင်းကျိုး၊ ဆိုးကျိုးသက်ရောက်မှုကို ဂိမ်းတွေထဲမှာ ချက်ချင်းပြန်လည်ခံစားနိုင်ပါတယ်။ ဒီတော့အခုဒီမှာ တကယ့်အကြောက်တရားအစစ်အမှန်ကို ခံစားမိစေမယ့်ဂိမ်းများကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။ ပုံတွေကြည့်ပြီးတော့ ကြက်သီးတွေထမသွားကြနဲ့ဦး။

Dead Space

ထိတ်လန့်စက်ဆုပ်ဖွယ်ကောင်းတဲ့ပုံသဏ္ဌာန်၊ ခန့်မှန်းရခက်တဲ့သဘာဝရှိတဲ့ Necromophs တွေဟာ Dead Space ဂိမ်းရဲ့သွေးပျက်စရာကောင်းမှုကို ပိုမိုလေးနက်စေပါတယ်။ အခြား horror ဂိမ်းထဲက ယေဘုယျဖုတ်ကောင်တွေလို သူတို့ရဲ့ခေါင်းထဲကျည်ဆန်တစ်တောင့်ရောက်သွားတာနဲ့ မပြီးသွားပါဘူး။ တစ်ခါတလေဆိုရင် သူတို့ရဲ့ခေါင်းနဲ့ခြေလက်အင်္ဂါအစိတ်အပိုင်းတွေဟာ ရှိသင့်တဲ့နေရာတွေမှာတောင် ရှိမနကြပါဘူး။ အဲဒီလိုမျိုးပုံသဏ္ဌာန်ပျက်ယွင်းနေတဲ့ Necromophs တွေကို ကိုယ်ဉာဏ်ရှိရင်ရှိသလို သုတ်သင်အနိုင်ယူရမယ်ဆိုပေမယ့် အာကာသထဲ လွင့်မြောအထီးကျန်နေတဲ့သိပ္ပံယာဉ်ပျံကြီးရဲ့ စင်္ကလြမ်းတွေ၊ အခန်းတွေထဲမှာ မျှော်လင့်ချက်မဲ့စွာသွားလာနေရင်းနဲ့ ရုတ်တရတ်အမှောင်ထောင့်နားက ဘယ်လိုမှပုံမကျတဲ့ခန္ဓာနဲ့ မသတီစရာကောင်းတဲ့ Necromophs တွေကို ဘွားကနဲတွေ့မြင်လိုက်ရမယ်ဆိုရင်တော့ ကိုယ့်ရဲ့အကြောက်တရားကို ကိုယ်ပြန်ပြီးအိန္ဒြေဆည်လိုက်နိုင်မှာမဟုတ်ပါဘူး။


Outlast

ဒီဂိမ်းဟာ ဒီစာရင်းထဲမှာပါလာလိမ့်မယ်လို့ အားလုံးကတွေးထားမိပြီးသားဖြစ်မှာပါ။ ဟုတ်ပါတယ်။ Outlast ရဲ့ကြောက်စရာကောင်းချက်ကတော့ ဂန္တဝင်ဆန်တယ်လို့တောင် သုံးနှုန်းရမလိုပါပဲ။ မူမမှန်တဲ့သတင်းတွေအပြင် နာမည်ဆိုးတွေနဲ့ကျော်ကြားနေတဲ့ စိတ်ရောဂါကုဆေးရုံဂေဟာကြီးထဲမှာ အကာအကွယ်မဲ့တဲ့သာမန်အရပ်သားဇာတ်ကောင်တစ်ယောက်အဖြစ်နဲ့ ကင်မရာတစ်လုံးကိုသာအဖော်ပြုပြီး အမှန်တရားကဘာလဲဆိုတာကို ရှာဖွေရမယ့်ဂိမ်းပဲဖြစ်ပါတယ်။ ပုန်းနိုင်ရမယ်၊ ပြေးနိုင်ရမယ်၊ ပေးထားတဲ့အချိန်အတွင်းမှာ ဆုံးဖြတ်ချက်ချနိုင်ရမယ်၊ ကင်မရာဘက်ထရီကလည်း တဖြည်းဖြည်းကုန်ဆုံးနေပါတယ်။ ရက်စက်တဲ့အသတ်အဖြတ်တွေ၊ ကိုယ့်ကိုတရစက်လိုက်ဖမ်းမယ့်စိတ်ရူးနှမ်းနေသူတွေ၊ Camorder ရဲ့ night vision ကြောင့်ပြောင်းလဲသွားတဲ့အမြင်၊ ခန့်မှန်းလို့မရတဲ့ဇာတ်ကွက်တွေနဲ့ အမှောင်ထုကြီးစိုးနေတဲ့ဂိမ်းတစ်ခုလုံးဟာ Outlast ဂိမ်းကပေးတဲ့အကြောက်တရားရဲ့အနှစ်အရသာတွေပါပဲ။


ZombiU

လူဆော့နည်းတဲ့ ကြောက်ဖို့အကောင်းဆုံးဇွန်ဘီဂိမ်းထဲကတစ်ခုလို့တောင် ပြောလို့ရပါတယ်။ ဇွန်ဘီဂိမ်းတွေထဲမှာထည့်သွင်းလေ့မရှိတဲ့အိုင်ဒီယာတချို့ကို ZombiU ထဲမှာတွေ့မြင်နိုင်ပါလိမ့်မယ်။ ကိုယ်ဟာ အကြိမ်ပေါင်းမြောက်မြားစွာ သေလိမ့်မယ်ဆိုတာကိုတော့ နှလုံးသွင်းထားဖို့လိုပါတယ်။ ZombiU ထဲကဇွန်ဘီတွေဟာ ကြမ်းတမ်းတယ်၊ ရက်စက်တယ်၊ ထိတ်လန့်ဖွယ်ကောင်းပြီး အဆုံးသတ်မဲ့ပါတယ်။ အဲဒီလိုဇွန်ဘီတွေကိုရင်ဆိုင်ဖို့အတွက် ကိုယ့်မှာရှိတဲ့လက်နက်ကိရိယာတွေက သစ်သားတုတ်တစ်ချောင်းထက်တော့ပိုပါတယ်။ အကောင်းဆုံးတွေလုပ်ဆောင်နေရင်းနဲ့ ကံမကောင်းစွာနဲ့ ကိုယ်သေသွားတဲ့အချိန်မှာ အစနေရာကပြန်စရမှာပါ။ ဒါပေမယ့် ကိုယ်သွားခဲ့တဲ့လမ်းတလျှောက်စုဆောင်းခဲ့တဲ့ ပစ္စည်းနဲ့အသုံးအဆောင်တွေကတော့ ကိုယ်သေခဲ့တဲ့နေရာမှာ ကျန်ခဲ့ပါပြီ။ လက်နက်ပစ္စည်းတွေပိုရလေ၊ ဆုံးရှုံးရမယ့်အရာတွေက များလေလေပါပဲ။ ဒီတော့ ကိုယ်ကကြာကြာရှင်သန်လေ၊ ကိုယ်ခံစားရမယ့်ဖိစီးမှုကလည်းပိုပြီးတိုးလေလေပါပဲ။


Until Dawn

၂၀၁၅ ခုနှစ်ရဲ့စိတ်ကျေနပ်ဖို့အကောင်းဆုံးဂိမ်းလို့ဆိုကြပါတယ်။ Until Dawn ဟာ horror ဂိမ်းနဲ့ရင်းနှီးသူများအတွက်တော့ လက်လွှတ်မခံပဲဆော့ကြည့်ရမယ့် ဂိမ်းပါ။ ဂိမ်းကိုဖန်တီးထားတဲ့ပုံစံက ရုပ်ရှင်ဆန်တယ်၊ ခြောက်ခြားဖို့ကောင်းတယ်၊ ဇာတ်အိမ်ခိုင်ပြီးဆန်းပြားပါတယ်။ Until Dawn ဂိမ်းရဲ့ဇာတ်ကောင်တွေအားလုံးရဲ့ ကံကြမ္မာဟာကိုယ့်လက်ထဲမှာပါ။ ဂိမ်းတစ်ခုလုံးဘယ်လိုပြီးဆုံးသွားမလဲဆိုတာနဲ့ ဇာတ်ကောင်တစ်ကောင်ချင်းစီရဲ့အသက်ဝိညာဉ်ဟာ ကိုယ့်ရဲ့လုပ်ဆောင်ချက်၊ ဆုံးဖြတ်ချက်တစ်ခုအပေါ်မှာ မှီခိုနေလို့ရင်ခုန်ဖို့ကောင်းသလို တာဝန်လည်းကြီးပါတယ်။ ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေအပေါ်မှာမူတည်ပြီး တဖြည်းဖြည်းရှေ့ဆက်လာတဲ့ဇာတ်လမ်းရဲ့နောက်ဆုံးနိဂုံးဟာ ကောင်းသောအဆုံးသတ်ဖြစ်မလား၊ နာကျည်းကြေကွဲဖို့ကောင်းတဲ့အဆုံးသတ်ဖြစ်မလားဆိုတာကတော့ ကိုယ့်ရဲ့လုပ်ရပ်တွေကပဲ အဆုံးအဖြတ်ပေးသွားမယ့်ဂိမ်းပါ။



Resident Evil HD

Survival Horror ဆိုတာကြီးကို ၁၉၉၆ ခုနှစ်မှာ Capcom က Resident Evil နဲ့အဓိပ္ပါယ်ဖွင့်ဆိုခဲ့ပါတယ်။ ဗိုင်းရစ်ပ်တွေပြန့်နှံ့သွားတဲ့ကမ္ဘာကြီးကြောင့် ဗီဇပြောင်းသွားတဲ့သတ္တဝါပေါင်းများစွာနဲ့ ဖုတ်ကောင်တွေကြားထဲမှာ အသက်ရှင်နိုင်ဖို့ သေနတ်တစ်လက်၊ ဓါတ်မီးတစ်လက်နဲ့အားလုံးကိုရင်ဆိုင်ဖြတ်ကျော်ရမှာပါ။ ဆေးဝါးပစ္စည်းအထားအသိုနဲ့ ကျည်ဆန်ထိန်းသိမ်းသိုလှောင်မှုတို့ကို လိမ္မာပါးနပ်မှုစွာ စီမံခန့်ခွဲရမှာဖြစ်ပြီး တစ်ချိန်တည်းမှာပဲ ဇွန်ဘီဖုတ်ကောင်တွေကိုသုတ်သင်ရင်ဆိုင်သွားရမှာပါ။ ၂၀၀၂ ခုနှစ်မှာ update ထွက်ခဲ့ပြီး ၂၀၁၅ ခုနှစ် remaster မှာတော့ ပိုမိုအဆင့်မြင့်ပြီးတိကျသွားတဲ့အသေးစိတ်အချက်အလက်၊ ပတ်ဝန်းကျင်နဲ့ဂိမ်းဇာတ်ကွက်တို့ကြောင့် ရှိရင်းစွဲခွေရဲ့အောင်မြင်ကျော်ကြားမှုဂုဏ်ကိုဆက်လက်ထိန်းသိမ်းလာနိုင်ခဲ့တဲ့ ဂိမ်းပါ။



Silent Hill 2

အပြစ်တစ်ခုရဲ့နောက်ဆက်တွဲဖြစ်ရပ်တွေကို စစ်မှန်တဲ့ထိတ်လန့်မှုနဲ့သရုပ်ဖော်တဲ့နေရာမှာ Silent Hill 2 လောက်ဘယ်ဂိမ်းမှကြောက်ဖို့မကောင်းနိုင်ပါဘူး။ သမာရိုးကျဆန်တဲ့ဇာတ်ကောင်တစ်ယောက်ရဲ့ မဖော်ပြလိုတဲ့မသိစိတ်ကတဆင့် သွေးပျက်ခြောက်ခြားစရာကောင်းတဲ့ခရီးရှည်တစ်ခုနဲ့ အနှိပ်စက်ခံဝိညာဉ်ပေါင်းများစွာကို အားလုံးကတွေ့မြင်ခံစားကြရမှာပါ။ စိတ်ထိခိုက်စရာကြမ္မာဆိုးတွေ၊ ကျူးလွန်ခဲ့တဲ့အပြစ်၊ အမျက်ဒေါသ၊ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေ၊ အစရှိတဲ့စိတ်ရဲ့အစွန်တဒင်္ဂဖြစ်ရပ်တွေနဲ့ ဆိုးရွားလှတဲ့အဖြစ်သနစ်တွေကို အော့နှလုံးနာစရာမကောင်းအောင် တည်ငြိမ်ရင့်ကျက်မှုအပြည့်နဲ့ ဖန်တီးထားတာမို့ တနုံ့နုံ့ဖြစ်နေရမယ့် ဇာတ်လမ်းကို ပိုပြီးအားဖြည့်ပေးလိုက်သလိုပါပဲ။ အဓိကကတော့ ကိုယ်ဘယ်လိုမှမလွတ်မြောက်နိုင်တဲ့အပြစ်ကနေ ကိုယ်ရှောင်ပြေးနေရတဲ့အသိကကိုယ့်ကိုခြောက်လှန့်နေပြီး ဂိမ်းရဲ့အဆိုးရွားဆုံးဖြစ်တဲ့ရန်သူဇာတ်ဆောင်နဲ့ သူကြေကိုယ်ကြေတိုက်ခိုက်ပွဲဝင်ရတာပါ။


Fatal Frame 2: Crimson Butterfly

Fatal Frame ဂိမ်းကပေးတဲ့အကြောက်တရားဟာ နည်းပညာရဲ့အားသာချက်တွေနဲ့တည်ဆောက်ထားတဲ့ horror ဂိမ်းတွေကို ကျော်လွန်နေပါတယ်။ လက်ရှိခေတ်ပေါ် နာမည်ကျော်ပုန်းလိုက်၊ ပြေးလိုက် horror ဂိမ်းတွေနဲ့ကွဲပြားစွာပဲ Fatal Frame ဂိမ်းဟာ ကိုယ့်ကို ကိုယ့်ရဲ့အကြောက်တရားတွေနဲ့ပြန်ရင်ဆိုင်ခိုင်းမှာပါ။ အရှေ့မှာလည်း Fatal Frame ဂိမ်းပေါင်းများစွာထွက်ခဲ့ပြီးပါပြီ။ ဒါပေမယ့် ဒီတစ်ခွေကတော့မှတ်မှတ်ရရ သရဲဓါတ်ပုံရိုက်ယူရသလိုမျိုး အထင်ကရဖြစ်နေခဲ့တဲ့အခွေပါ။ Fatal Frame ဂိမ်းမှာရန်သူတွေဟာ နေရာတိုင်းမှာရှိနေတတ်ပါတယ်။ သူတို့ကအငြိုးကြီးတဲ့တစ္ဆေတွေ၊ မျှော်လင့်ချက်မဲ့နေတဲ့ဝိညာဉ်တွေ၊ နာကျည်းချက်တွေပြင်းထန်တဲ့သရဲတွေပါ။ တစ်ခါတလေမှာတော့ သူတို့ကိုမမြင်ရပေမယ့် သူတို့ရှိနေတာကိုခံစားရမှာပါ။ Fatal Frame ဂိမ်းရဲ့ထူးခြားတဲ့လုပ်ဆောင်ချက် မကောင်းဆိုးရွားဝိညာဉ်တွေကို နာကျင်စေနိုင်တဲ့ Camera Obscura ပါ။ ဂိမ်းတစ်ခုလုံးကို third person အမြင်နဲ့ဆော့ရမှာဖြစ်ပေမယ့် စတင်ရင်ဆိုင်လာရပြီဆိုတဲ့အချိန်မှာတော့ first person ကိုပြောင်းလဲရမှာဖြစ်ပြီး ဆိုးရွားအကျည်းတန်လှတဲ့ဝိညာဉ်တစ္ဆေပုံရိပ်တွေကို ဓါတ်ပုံရိုက်ယူရမှာပါ။


Silent Hill: PT (Playable Teaser)

Horror ဂိမ်းတွေရဲ့ဘုရင်လို့တင်စားသုံးနှုန်းခဲ့ကြတဲ့ ပယ်ဖျက်ခဲ့ပြီး Silent Hill ဂိမ်းရဲ့ playable teaser ဖြစ်ပါတယ်။ Hideo Kojima ရဲ့နာရီအနည်းငယ်သာဆော့ကစားနိုင်တဲ့ Silent Hill teaser ဟာ စိတ်ရှည်စွာဖန်တီးထားတဲ့လက်ရာနဲ့ နည်းပညာတိုးတက်မှုတို့ပေါင်းစည်းထားတဲ့ လက်ရာမြောက်ဂိမ်းတစ်ခုဖြစ်လာလိမ့်မယ်လို့ အားလုံးကခန့်မှန်းခဲ့ကြပါတယ်။ ဟုတ်ပါတယ်။ အားလုံးခန့်မှန်းခဲ့သလိုပဲ teaser အဖြစ်သာထွက်ရှိခဲ့ပေမယ့်လည်း ပရိသတ်တွေအားလုံးကို မေ့မရတဲ့ထိတ်လန့်ဖွယ်အတွေ့အကြုံတွေ ပေးစွမ်းသွားခဲ့ပါတယ်။ Teaser မှာဖော်ပြခဲ့တဲ့ ခြောက်ခြားစရာဟောခန်းလမ်းမကြီးနဲ့ အိမ်ပတ်ဝန်းကျင်တစ်ခုလုံးကို တကယ့်ပြင်ပဘဝမှာကြုံတွေ့နေရသလို ရင်းရင်းနှီးနှီးခံစားရပါတယ်။ စိတ်မကောင်းစွာနဲ့ပဲ ဂိမ်းကိုရုတ်တရတ်ဖျက်သိမ်းလိုက်တာကြောင့် အားလုံးရဲ့မျှော်လင့်ချက်တွေကိုရိုက်ချိုးလိုက်သလိုပါပဲ။



Games that will makes you feel your true fear
Yan (23.6.2017)
IGN, Kotaku

No comments:

Post a Comment