Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Thursday, May 4, 2017

NieR Automata ကေန Devil May Cry:5 က ဘာတွေသင်ခန်းစာယူနိုင်မလဲ?



NieR Automata ကိုမတ်လအတွင်းမှာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဖြန့်ချိပေးသွားတော့မှာဖြစ်ပါတယ်။ ပလက်တီနမ်အဆင့်ဆွတ်ခူးထားတဲ့ နာမည်ကျော် Bayonetta နဲ့ Metal Gear Rising Revengeance အစရှိတဲ့ဂိမ်းတွေနဲ့ NieR Automata ဟာ အမျိုးအစားဆင်တူတယ်လို့ အကြမ်းဖျဉ်းကောက်ချက်ချနိုင်ပါတယ်။ ဒီနှစ်ထဲမှာထွက်လိမ့်မယ်လို့ ကောလဟာလတွေ ကြားနေရတဲ့ Devil May Cry ဂိမ်းစီးရီးအနေနဲ့ NieR Automata ဂိမ်းကနေ အောက်ပါအရာတွေကို သင်ခန်းစာယူလို့ရနိုင်ပါတယ်။

Open World RPG ဂိမ်းပတ်ဝန်းကျင်

Devil May Cry ဂိမ်းစီးရီးဟာ side quest တွေရော အခြားမိုင်နာ objective တွေပါမရှိတဲ့ ဇာတ်ကြောင်းအပေါ်မှာပဲ တစ်ကြောတည်းဆော့ကစားရတဲ့ ဇာတ်လမ်းအသားပေး ဂိမ်းပုံစံဖြစ်ပါတယ်။ တချို့နယ်မြေတွေ၊ အဆင့်တွေကို တားမြစ်ထားပြီး ကိုယ့်မှာအစွမ်းအသစ်တစ်ခုခုရလာမှ ပြန်လာပြီး ဝင်ရောက်လို့ရတာမျိုးပါ။ တကယ်လို့နောက်လာမယ့် Devil May Cry ဂိမ်းမှာ အရင်ထွက်ခဲ့တဲ့ဂိမ်းတွေလိုမျိုး ဖြတ်ကျော်လာပြီးသားအခန်းတွေကို ပြန်သွားရမယ့်ဂိမ်းစနစ်မျိုးပါလာခဲ့မယ်ဆိုရင်တော့ Capcom အနေနဲ့ ဇာတ်ကောင်ကျင်လည်တဲ့ ဂိမ်းပတ်ဝန်းကျင်နေရာတိုင်းကို ပိုပြီးရင်ခုန်စိတ်ဝင်စားဖို့ကောင်းသွားအောင်နဲ့ ကစားသူ စိတ်ကြိုက်ကျင်လည်လို့ရအောင် side quest တချို့ကို ထည့်သွင်းဖြည့်စွက်သင့်ပါတယ်။ NieR Automata မှာတော့ side quest တွေလုပ်ပြီး တဖြည်းဖြည်းနဲ့ NieR လောကကြီးအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်သိရှိသွားနိုင်ပါတယ်။ NieR ဂိမ်းအနေနဲ့ ဂိမ်းလောကကြီးထဲမှာ ခြေဦးတည့်ရာ ကျင်လည်သွားလာပြီး ကိုယ်ကြုံသမျှ side quest တွေကို လုပ်ဆောင်လို့ရပေမယ့် Devil May Cry ရဲ့ရှိရင်းစွဲဂိမ်းပုံစံနဲ့ဆိုရင်တော့ အဲဒီလိုလုပ်ဆောင်ချက်ကိုထည့်သွင်းဖို့ နည်းနည်းအခက်ကြုံနိုင်ပါတယ်။ Devil May Cry ဂိမ်းဟာ သူတည်ဆောက်ထားတဲ့လောကရဲ့ အခန်းကဏ္ဍနယ်မြေအသီးသီးအပေါ်မှာ အသေးစိတ်အာရုံစိုက်တာထက် ဇာတ်ကောင်တွေရဲ့ကျောရိုးနောက်ခံအကြောင်းအချက်အလက်တွေကို ပိုအလေးပေးပါတယ်။ အောင်မြင်ပြီးသား နာမည်ကျော် ဂိမ်းစီးရီးတစ်ခုအနေနဲ့ဆိုရင်တော့ ဒါဟာလည်းအပြစ်ပြောစရာတော့မရှိပါဘူး။

Combat အတိုက်အခိုက်

Hack and Slash ဂိမ်းအမျိုးအစားတွေဖြစ်ပေမယ့် NieR Automata ဂိမ်းဟာ Devil May Cry ဂိမ်းနဲ့ယှဉ်လိုက်မယ်ဆိုရင် ရန်သူတွေကို အဆက်မပြတ်ခုတ်တာနဲ့ ပစ်ခတ်တဲ့နေရာတွေမှာ အနည်းငယ်လောက်ပဲ ဆင်တူတယ်လို့ဆိုနိုင်ပါတယ်။ Combo ကိုကြာရှည်အောင် ဆက်တိုက်တိုက်ခိုက်တဲ့နေရာမှာ NieR Automata ရဲ့တိုက်ခိုက်မှုပုံစံက အခြား hack and slash ဂိမ်းတွေကနေ ကွဲထွက်နေပါတယ်။ ဒါကိုကြည့်ပြီး စတိုင်ကျပြီးသားဖြစ်တဲ့ Devil May Cry ရဲ့ combo တိုက်ကွက်တွေကို လုံးဝပြီးပြည့်စုံသွားစေဖို့ Capcom ကနေ စနစ်သစ်တစ်ခုခု ထည့်သွင်းဖို့ စဉ်းစားသင့်ပါတယ်။ နောက်တစ်ခုက Devil May Cry ဂိမ်းနဲ့မတူညီစွာပဲ NieR Automata ဂိမ်းမှာ သေနတ်၊ လောင်ချာ အစရှိတဲ့ အဝေးပစ်လက်နက်တွေဟာ ရန်သူတွေကို အဖျက်စွမ်းအားကြီးမားစွာ ထိခိုက်စေတာပဲ ဖြစ်ပါတယ်။ NieR ဂိမ်းမှာ အဲဒီလိုပစ်ခတ်မှုတိုက်ကွက်တွေကို ရန်သူကိုလေပေါ်မြှောက်တင်ဖို့နဲ့ မိမိ combo ကိုကြာရှည်အောင်လို့ ကြားခံတိုက်ကွက်တွေအဖြစ် အသုံးပြုကြပါတယ်။ Capcom အနေနဲ့ နောက်လာမယ့် Devil May Cry ဂိမ်းအတွက် ဒီတစ်ချက်ဟာလည်း ထည့်သွင်းစဉ်းစားစရာပါပဲ။

တိုက်ပွဲအပြောင်းအလဲနဲ့ ကွဲပြားတဲ့တိုက်ခိုက်ပုံတွေ

နောက်တစ်ချက်အနေနဲ့က Devil May Cry ဂိမ်းအနေနဲ့ ရန်သူတွေ၊ အထူးသဖြင့် ဘော့စ်တွေနဲ့ရင်ဆိုင်လာရပြီဆိုရင် hack and slash အမျိုးအစားကို လုံးဝသီးသန့်ကြီးကွဲထွက်နေအောင် အသားပေးပြီး တိုက်ပွဲကိုတည်ဆောက်ထားပါတယ်။ ဒါပေမယ့် NieR Automata ရဲ့လေကြောင်းတိုက်ပွဲနဲ့ hacking တိုက်ပွဲတွေမှာတော့ shootem up ဂိမ်းအမျိုးအစားရဲ့ လုပ်ဆောင်ချက်တချို့နဲ့အငွေ့အသက်ကို ရောပြွမ်းထားပါတယ်။ Devil May Cry စီးရီးတစ်လျှောက်မှာ လုံးဝကိုကွဲထွက်နေတဲ့တိုက်ခိုက်ပုံနဲ့လက်နက်ဆိုလို့ Devil May Cry 4 မှာတွေ့မြင်နိုင်မယ့် Dante ရဲ့ Pandora Box လက်နက်လောက်ပဲ ရှိပါတယ်။ ခြွင်းချက်အနေနဲ့သာ ပြောနိုင်ပေမယ့် တကယ်တမ်းမှာ Pandora Box လက်နက်ဟာလည်း ထိထိရောက်ရောက်အသုံးပြုဖို့ အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ရတဲ့အပြင် တိုက်ကွက်ပေါင်းစုံကိုအသုံးချနိုင်ဖို့ Devil Trigger ဒါမှမဟုတ် လက်နက်ဘားပြည့်နေဖို့ လိုအပ်နေပါတယ်။ ဒီတော့ Capcom ဂိမ်း developerများအနေနဲ့ နောက်လာမယ့် Devil May Cry 5 ဂိမ်းမှာ ကစားသူတွေကိုမတူညီတဲ့အတွေ့အကြုံတွေ ပေးစွမ်းနိုင်ဖို့ ပုံစံပြောင်းတိုက်ခိုက်မှုနဲ့လက်နက်တစ်ချို့ကို ထည့်သွင်းပေးသင့်ပါတယ်။

ဘယ်တော့ထွက်လာမှာလဲ?

Capcom အနေနဲ့ ဂိမ်းထွက်ရှိလာမယ့်ရက်စွဲကိုရော ဂိမ်းကို စတင်လုပ်ဆောင်နေပါပြီဆိုတဲ့အကြောင်းကိုပါ တရားဝင်အတိအလင်းထုတ်ပြန်ကြေညာထားခြင်း မရှိသေးပါဘူး။ Xbox platform ဂိမ်းဖြစ်တဲ့ Scalebound ဂိမ်းကိုမဖျက်သိမ်းလိုက်ခင်အထိ Devil May Cry ဂိမ်းစီးရီးကိုဦးဆောင်ပြုလုပ်တဲ့ Hideki Kamiya ဟာ Scalebound အပေါ်မှာ အာရုံအပြည့်အဝစိုက်နေခဲ့ပါတယ်။ တကယ်လို့ Kamiya အနေနဲ့ Devil May Cry 5 အတွက် ပရောဂျက်ကိုစဆွဲပြီဆိုရင်တော့ Platinum Games နဲ့ပူးပေါင်းလုပ်ဆောင်သွားဖို့ အခွင့်များပါတယ်။ လက်ရှိမှာတော့ Platinum Games ဟာ Cygames နဲ့ပူးပေါင်းပြီး Granblue Fantasy: Project Re လင့်ချ်ဂိမ်းကို အပြီးသတ်နေပါတယ်။ Devil May Cry ကိုစောင့်မျှော်နေကြတဲ့ ပရိသတ်တွေအတွက်တော့ Kamiya ကိုယ်တိုင်ဦးဆောင်မယ့် DMC ဂိမ်း ဘယ်တော့ထွက်လာမလဲဆိုတာ သိချင်ရင်တော့ အချိန်နဲ့တပြေးညီနားစွင့်နေရဦးမှာပဲ ဖြစ်ပါတယ်။

No comments:

Post a Comment