Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Friday, March 22, 2019

ကျွမ်းကျင်ပါးနပ်မှုနဲ့ ဖြတ်ထိုးဉာဏ်တို့ပေါင်းပြီး ပညာသားပါပါ ရန်သူ့ဇီဝိန်ချွေရမယ့် Sekiro: Shadows Die Twice


၂၀၁၉ တစ်နှစ်ပတ်လုံးကတော့ ဂိမ်မာတွေအားလုံး ရင်အခုန်ဆုံးဖြစ်ရမယ့် ဂိမ်းအမျိုးအစားအစုံထွက်ရှိတဲ့ကာလဖြစ်သလို မျိုးဆက်သစ်ဂိမ်းတွေအောင်ပွဲခံရာ ခုနှစ်ဖြစ်ပါတယ်။ တစ်နှစ်ထက်တစ်နှစ် တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာတွေနဲ့အတူ ဆန်းသစ်တဲ့စိတ်ခံစားမှုအတွေ့အကြုံတွေကို အဆက်မပြတ်ပေးစွမ်းနေတဲ့ ဂိမ်းကစားခြင်းဟာလည်း  စိတ်အပန်းပြေစေတဲ့ ဖျော်ဖြေရေးကဏ္ဍတစ်ရပ်ဆိုတာထက်ကို အဆပေါင်းများစွာသာလွန်ပြီး ခံယူချက်နဲ့ဝါသနာတူသူ မည်သူမဆို တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အလွယ်လေးချိတ်ဆက်ဆော့ကစားလို့ရတဲ့ ကျယ်ပြန့်တဲ့ကွန်ယက်တစ်ခုဖြစ်လာခဲ့ပါပြီ။ ဒါမှမဟုတ် ကိုယ်အကြိုက်ဆုံးဂိမ်းတွေကို ကိုယ်အားသန်တဲ့ ဂိမ်းပလက်ဖောင်းအသီးသီးမှာ စိမ်ပြေနပြေဆော့ရင်းကနေ တဖြည်းဖြည်းဈာန်ဝင်လာပြီး နာရီပေါင်းများစွာစီးမျောသွားဖို့ကိုလည်း ဂိမ်းတွေဟာစွမ်းဆောင်နိုင်ပါတယ်။ အမျိုးအစားကွဲပြားတဲ့ဂိမ်းပေါင်းများစွာရှိတဲ့ထဲကမှ လက်ရှိမှာလက်ကြိုက်များပြီး ပရိသတ်အားပေးမှုကို တစ်ခဲနက်ရထားတဲ့ နောက်ဆုံးထွက်ဂိမ်းကောင်းတွေ ဒုနဲ့ဒေးရှိသလို မကြာတော့တဲ့အနာဂတ်မှာ ထွက်လာမယ့် အမိုက်စားဂိမ်းအသစ်တွေကိုလည်း မေ့ထားလို့ မရပါဘူး။ အဲဒီလိုဆိုရင်တော့ မတ်လ ၂၂ ရက်မှာ မျိုးဆက်သစ်ဂိမ်းလောကထဲကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်ရှိလာမယ့် Sekiro: Shadows Die Twice ဂိမ်းအကြောင်းကို ပြောပြချင်ပါတယ်။ ဟိုးအရင်တည်းက ဂိမ်မာတွေနဲ့ရင်းနှီးပြီးသား Dark Souls စီးရီးနဲ့ Bloodborne ဂိမ်းတို့ကို ထုတ်ပေးခဲ့တဲ့ FromSoftware ရဲ့အသစ်စက်စက်ဖန်တီးထားတဲ့ လက်ရာဖြစ်လို့ အားလုံးပဲစိတ်ဝင်စားကြမှာပါ။ သေချာတာတစ်ခုကတော့ ဒီဂိမ်းဟာ ထူးခြားတဲ့ပုံစံတစ်မျိုးနဲ့ ခက်ခဲမယ့်ဂိမ်းဆိုတာပါပဲ။  


တိုက်ပွဲမှာအရေးနိမ့်ခဲ့သူ သခင်မဲ့ရှီနိုဘီတစ်ယောက် (သို့မဟုတ်) လက်တစ်ဖက်မဲ့တဲ့ မြေခွေး 

Sekiro ဆိုတဲ့နာမည်ဟာ ဂျပန်ဘာသာနဲ့ဆိုရင် လက်တစ်ဖက်တည်းနဲ့ မြေခွေးလို့ အဓိပ္ပာယ်ရပါတယ်။  ဒီဂိမ်းရဲ့အဓိကဇာတ်အိမ်ဟာ သခင်မရှိတောတဲ့ လက်တစ်ဖက်ပြတ်ရှီနိုဘီတစ်ယောက်အကြောင်းကို အခြေခံထားပါတယ်။ ၁၅ ရာစု၊ ဂျပန်မြေရှင်ပဒေသရာဇ်ခေတ်ဖြစ်တဲ့အလျောက် အဆက်မပြတ်တဲ့တိုက်ပွဲတွေကြား အသက်ပေါင်းများစွာဆုံးရှုံးခဲ့ပါတယ်။ အဲဒီလို သွေးမြေစီးတဲ့စစ်မြေပြင်မှာ အထီးကျန်ဆန်ဆန်တစ်ယောက်တည်း အသက်ရှင်ကျန်နေခဲ့တဲ့  ကလေးအရွယ် Sekiro ကို အမည်မသိဆာမူရိုင်းတစ်ဦးဟာ လက်အောက်သွတ်သွင်းပြီး ပညာစုံပို့ချရင်း ထိန်းကျောင်းပျိုးထောင်ပေးခဲ့ပါတယ်။ အဲဒီလိုနဲ့ တစ်ချိန်မှာသူခစားတဲ့သခင်ဟာ လျှို့ဝှက်စွာလုပ်ကြံ သတ်ဖြတ်ခဲ့ခံရာကနေ ဇာတ်လမ်းစပါတယ်။ 


သေခြင်းတရားဟာအဆုံးသတ်မဟုတ်သေးတဲ့ ကံကြမ္မာအလှည့်အပြောင်း Shadows Die Twice

Sekiro: Shadows Die Twice ဆိုတဲ့ဂိမ်းနာမည်မှာ Sekiro ရဲ့အဓိပ္ပါယ်ကို ပြောပြခဲ့ပေမယ့် Shadows Die Twice ဟာ ဘာကိုဆိုလိုသလဲ သိချင်နေကြမှာပါ။ တစ်ယောက်ချင်းဓါးချင်းယှဉ်တာဖြစ်ပေမယ့် တိုက်ပွဲမှာအရေးနိမ့်သွားသူ Sekiro ဟာ သူ့ရဲ့လက်တစ်ဖက်ကို ဆုံးရှုံးခဲ့ပြီး တိုက်ပွဲမြေနေရာမှာပဲ ဒဏ်ရာကြောင့် ခဏတာသတိလစ်သွားခဲ့ပါတယ်။ ဒါပေမယ့် သူပြန်ပြီးရုတ်တရတ် သတိဝင်လာချိန်မှာတော့ ပြတ်သွားတဲ့လက်နေရာမှာ အဖြေရှာမရတဲ့ပဟေဠိဆန်ဆန် အထူးပြုလုပ်ထားတဲ့လက်အတု တပ်ဆင်ပြီးသားဖြစ်နေတာပါပဲ။ ဒါတင်မကသေးပဲ Shadows Die Twice ဆိုတဲ့အတိုင်း Sekiro ဟာ ဂိမ်းထဲမှာ တစ်ကြိမ်အသက်ဆုံးရှုံးသွားတိုင်း တစ်ကြော့ပြန်အသက်ဝင်လာအောင် လုပ်နိုင်စွမ်းရှိပါတယ်။ ဒါပေမယ့် အဲဒီရွေးချယ်မှုဟာ နောက်ဆက်တွဲအကျိုးဆက်တွေပြောင်းလဲနိုင်တဲ့အတွက် တစ်ကယ်တမ်း မဖြစ်မနေလိုအပ်တဲ့နေရာမှသုံးဖို့ ခေါင်းအေးအေးထားစဉ်းစားပြီး ဆုံးဖြတ်ရမှာပါ။


ရန်သူရဲ့တိုက်ခိုက်ဟန်အပေါ်မူတည်ပြီး လိုအပ်သလိုပြောင်းလဲတိုက်ခိုက်လို့ရတဲ့ Prosthetic Arm

FromSoftware ကထုတ်လုပ်ပေမယ့် Dark Soul နဲ့ Bloodborne ဂိမ်းတို့နဲ့မတူတဲ့ Sekiro ရဲ့ကွဲပြားခြားနားချက်က ပိုမိုလွတ်လပ်တဲ့တိုက်ခိုက်မှုစနစ်နဲ့ ဖြတ်ထိုးဉာဏ်ကောင်းရင်ကောင်းသလို၊ အကွက်မြင်ရင်မြင်တတ်သလို ရန်သူကိုတိုက်ခိုက်ခွင့်ရှိတာပါပဲ။ ဘယ်ဖက်က ထိုးဖောက်မရရင် ညာဖက်က၊ အောက်မှာဟာကွက်မတွေ့ရင် အပေါ်က၊ အနီးကပ်ရင်ဆိုင်မရရင် အဝေးက အစရှိသဖြင့် ကိုယ့်ရဲ့တီထွင်ကြံဆနိုင်မှုကို အစွမ်းကုန်အသုံးချရမှာပါ။ တစ်ခုသိထားရမှာက ရန်သူတိုင်းမှာ တိုက်ခိုက်ကွက်မျိုးစုံရှိသလို မတူညီတဲ့ဟာကွက်တွေ ရှိတယ်ဆိုတာပါပဲ။ ဒါ့အပြင် ရန်သူတစ်ဦးချင်းစီကို လိုအပ်တဲ့နည်းပရိယာယ်နဲ့ တိုက်ခိုက်ဖို့ ကိုယ့်ရဲ့ဘယ်ဖက်လက်ဖြစ်တဲ့ Prosthetic Arm ရဲ့ အမျိုးအစားကွဲတဲ့တိုက်ခိုက်ကွက်တွေထဲက ရွေးချယ်ရမှာပါ။ 


ရင်ဆိုင်ရမယ့်ရန်သူတိုင်းဟာ အစွမ်းအစကိုယ်စီရှိတဲ့အပြင် ကိုယ့်နီးပါးစဉ်းစားနိုင်စွမ်းရှိတယ်

အခြားအတိုက်အခိုက်ဂိမ်းတွေနဲ့မတူတဲ့ Sekiro ဂိမ်းရဲ့နောက်ထပ်ထူးခြားချက်တစ်ခုကတော့ ဂိမ်းတစ်လျှောက်လုံးမှာ ရန်သူတွေကို ယုတ္တိရှိရှိ တိုက်ခိုက်ရမှာပါပဲ။ ကိုယ်နဲ့ထိပ်တိုက်တွေ့မယ့် ရန်သူတိုင်းဟာ ကိုယ့်လောက်နီးနီး တုံ့ပြန်နိုင်စွမ်းရှိတာ သဘာဝကျပါတယ်။ Dark Souls ဂိမ်းတွေလို ရန်သူကိုပဲအလစ်ချောင်းပြီး တိုက်ရမှာမဟုတ်ဘဲ ကိုယ့်ရဲ့တိုက်ခိုက်ကွက်တွေကိုလည်း ရန်သူတွေက ခုခံကာကွယ်တာမျိုး၊ ရှောင်တိမ်းတာမျိုးတွေ ပြုလုပ်ပါလိမ့်မယ်။ ဒါပေမယ့် လျှို့ဝှက်ပုန်းရှောင်ပြီး တစ်ဖက်သားအငိုက်မှာ ဝင်ရောက်သတ်ဖြတ်ဖို့ဟာ Sekiro ဂိမ်းရဲ့ အခရာကျတဲ့ကစားဟန်တစ်ခုဖြစ်ပါတယ်။ ရှီနိုဘီဂိမ်းပီပီ လူမသိသူမသိ အချိန်ကောင်းကိုစောင့်ပြီး ပိုင်နိုင်ပြီဆိုတဲ့အခိုက်အတန့်မှ တိုက်ပွဲကိုစတင်ဖို့ အကြံပေးလိုက်ပါရစေ။ 


အရသာသစ်နဲ့ တမူထူးတဲ့ရသကို ခံစားရစေမယ့် Sekiro ဂိမ်းရဲ့သိသင့်သမျှနဲ့ အနှစ်ချူပ်

ကဲ အခုပြောပြပေးခဲ့တာကတော့ မတ်လ ၂၂ ရက်မှာ ထွက်ရှိလာမယ့် Sekiro ဂိမ်းအကြောင်းပဲဖြစ်ပါတယ်။ ဂိမ်းဇာတ်ကြောင်းကို ဆော့ရင်းနဲ့မှ တဖြည်းဖြည်းသိသွားတာဟာ ဂိမ်မာတွေအတွက် ရင်ခုန်ဖို့အကောင်းဆုံးခံစားချက်ဖြစ်တဲ့အတွက် ဒီထက်ပိုပြီးတော့ ဇာတ်ကြောင်းကိုမဖော်ပြလိုပါဘူး။ စိတ်ဝင်စားသူဂိမ်မာတိုင်း ကိုယ်တိုင်ကိုယ်ကျဆော့ကစားကြည့်ရင် သိရမှာပါ။ နောက်ပြီး PC, Playstation နဲ့ X Box အစရှိတဲ့ပလက်ဖောင်းအသီးသီးမှာ ထွက်ရှိသွားမှာဖြစ်လို့ ကိုယ်အားသန်ရာဂိမ်းပလက်ဖောင်းမှာ အဆင်သင့်လေးဆော့ကစားနိုင်ပါတယ်။ FromSoftware ရဲ့နောက်ဆုံးထွက်လက်ရာဖြစ်တဲ့ Sekiro ဟာ ဂိမ်းအားလုံးထဲကကွဲထွက်တဲ့ အမိုက်စားဂိမ်းကောင်းတစ်ခုဖြစ်မယ်ဆိုတာကို ပြောရင်း အသစ်လာမယ့်ဂိမ်းကောင်းတွေအကြောင်းကို ဆက်လက်ဖော်ပြပေးသွားမှာမို့ နောက်လာမယ့်ဆောင်းပါးတွေမှာ ပြန်လည်တွေ့ဆုံကြပါမယ်လို့ပြောရင်း အားလုံးကို နှုတ်ဆက်လိုက်ပါတယ်။





Yan
Ref: Ign, Wikia

No comments:

Post a Comment