Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Wednesday, February 27, 2019

သူမတူတဲ့ခြောက်ခြားဖွယ်ဂိမ်းအတွေ့အကြုံကို ရုပ်ရှင်ဇာတ်ကားထဲကအတိုင်း ပေးစွမ်းသွားမယ့် World War: Z ဇွန်ဘီဂိမ်း



Brad Pitt ကိုယ်တိုင် သရုပ်ဆောင်ထားတဲ့နာမည်ကျော် ဇွန်ဘီဇာတ်ကား World War Z ကို အားလုံးမှတ်မိကြမယ် ထင်ပါတယ်။ ရစရာမရှိအောင် မျှော်လင့်ချက်နေတဲ့ ဖုတ်ကောင်တွေနဲ့ပြည့်နှက်နေတဲ့ ကမ္ဘာကြီးမှာ ထွက်ပေါက်ဆိုတဲ့ အလင်းရောင်ရေးရေးကြောင့် ရှိသမျှကိုယ်စွမ်းဉာဏ်စွမ်းနဲ့ အသက်ကိုရင်းပြီး တစ်ကမ္ဘာလုံးမှာ ပြန့်နှံ့နေတဲ့ ဇွန်ဘီဗိုင်းရပ်စ်ကိုရပ်တန့်စေနိုင်တဲ့ ဖြေဆေးကို နောက်ဆုံးမှာ ရှာဖွေတွေ့ရှိသွားတဲ့ အံ့မခန်းထိတ်လန့်စရာအက်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဖုတ်ကောင်ဇွန်ဘီတွေအကြောင်းဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်ဆိုရင် ပရိသတ်တော်တော်များများက ရင်တဖိုဖိုအသည်းတယားယားနဲ့ ထိပ်ဆုံးကကိုကြည့်ရှုအားပေးတတ်ကြပါတယ်။ အဲဒါဟာ ရုပ်ရှင်နယ်ပယ်မှာတင်မဟုတ်ဘဲ ဂိမ်းလောကမှာလည်း ထိုနည်းတူစွာပါပဲ။ တိုက်ခိုက်ဖို့လက်နက်ကိရိယာအစုံအလင်နဲ့ ကိုယ့်ရဲ့တပ်ဖွဲ့နဲ့အတူ ဖုတ်ကောင်တွေသိန်းသောင်းမကများပြားလွန်းတဲ့ ဂိမ်းလောကမျိုးမှာ အပြိုင်အဆိုင်အသက်လုရင်း ဇွန်ဘီတွေကို နှိမ်နင်းရတဲ့ ခံစားချက်မျိုးကို ဂိမ်မာတွေသိပ်ကြိုက်ကြပါတယ်။ အဲဒါကြောင့်ပဲ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ နာမည်ကျော်ကြားတဲ့ဂိမ်းစီးရီးတွေဖြစ်တဲ့ Resident Evil, Left 4 Dead, Walking Dead အစရှိတဲ့ဇွန်ဘီခြေမှုန်းတဲ့ဇာတ်အိမ်ကို အသားပေးတဲ့ဂိမ်းတွေ ထွက်ရှိလာကြတာပါ။ ဖုတ်ကောင်တွေနဲ့ရောယှက်နေတဲ့ဂိမ်းပုံစံဟာ ဂိမ်းပရိသတ်တွေကြားမှာ မရှိမဖြစ်လိုအပ်တဲ့ ရသတစ်မျိုးသဖွယ် ဖြစ်နေခဲ့ပါပြီ။ 



အဲဒီလိုဇာတ်ကြောင်းဇာတ်အိမ်မျိုးနဲ့ ဂိမ်းကစားပုံစံကို ကြိုက်ကြတဲ့ ဂိမ်းချစ်သူတွေအတွက် ဒီဆောင်းပါးလေးက သတင်းကောင်းတစ်ပုဒ်ဖြစ်မှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ နာမည်ကျော်လူကြိုက်များတဲ့ World War Z ရုပ်ရှင်ကို ပြန်လည်ပြီးအသက်သွင်းထားတဲ့ စိတ်လှုပ်ရှားစရာဇွန်ဘီဂိမ်းသစ်ကို Saber Interactive ဂိမ်းကုမ္ပဏီက ဖန်တီးရေးဆွဲပြီး Focus Home Entertainment က ဂိမ်မာများအားလုံး ဆော့ကစားနိုင်ဖို့ ဂိမ်းပလက်ဖောင်းအစုံမှာ ထုတ်ပေးသွားမှာဖြစ်လို့ပါပဲ။ World War Z ရုပ်ရှင်အနေနဲ့ အဆမတန်များပြားတဲ့ ဗိုင်းရပ်စ်ပိုးကူးဇွန်ဘီတွေကို နဂိုပုံစံတွေထဲကကွဲထွက်ပြီး အသွင်တစ်မျိုးနဲ့ ရင်ထိတ်သည်းဖိုဖြစ်အောင် တင်ဆက်ခဲ့တာ အားလုံးမျက်မြင်ကိုယ်တွေ့ပါပဲ။ အဲဒီလို အရသာတစ်မူထူးကဲတဲ့ဇွန်ဘီလောကပုံစံကို အခုထွက်ရှိမယ့် World War Z: The Game မှာ အားလုံးက နဂိုမူရင်းခံစားမှုမပျက်ဘဲ ကိုယ်တိုင်ကိုယ်ကျတွေ့မြင်ခံစားရမှာပါ။ ကိုယ့်အဖွဲ့နဲ့အတူ သေမတူရှင်မကွာ တိုက်ပွဲဝင်တဲ့နေရာကနေ ဆော့ကစားရမှာမို့ ရုပ်ရှင်ကြည့်တာထက်တောင် ဆပိုတိုးပြီး ရင်ခုန်စရာကောင်းမှာ အသေအချာပါပဲ။ 


စောင့်မျှော်နေကြသူတွေအတွက် အားတတ်စရာအချက်ကတော့ သိပ်မကြာတော့တဲ့ ဧပြီလ၊ ၂၀၁၉ ခုနှစ်မှာ ဒီဂိမ်းကို PC, Playstation နဲ့ X Box ပလက်ဖောင်းတွေမှာ အသီးသီးထုတ်ပေးသွားမယ်ဆိုတာပါပဲ။ ဂိမ်းရဲ့တည်ဆောက်ထားတဲ့ပုံစံနဲ့ ဂိမ်းတွင်းလုပ်ဆောင်ချက်တွေကို အမြည်းတွေ့မြင်ခံစားချင်တယ်ဆိုရင်တော့ ဂိမ်းမီဒီယာကြီးတွေရဲ့ YouTube ချန်နယ်တွေမှာ အရိပ်အမြွတ်တင်ပေးထားတဲ့ ဗီဒီယိုတွေကို သွားရောက်ကြည့်ရှုနိုင်ပါတယ်။ နောက်ထပ်ပြီး ရင်ခုန်သွားရအောင် ထပ်ဆောင်းပြောလိုတာက World War Z ဂိမ်းရဲ့ဇာတ်ကြောင်းအရ လူဦးရေထူထပ်တဲ့ ကမ္ဘာ့နာမည်ကျော်မြို့တွေဖြစ်ကြတဲ့ ဂျေရုစလင်မြို့၊ နယူးယောက်မြို့နဲ့ မော်စကိုမြို့တို့မှာ ဇွန်ဘီဖုတ်ကောင်တွေနဲ့ အကြိတ်အနယ်ရင်ဆိုင်ရမယ် ဆိုတာပါပဲ။ ဒီလောက်ဆိုရင်တော့ ဒီဂိမ်းဟာ ဘယ်လောက်အတိုင်းအတာအထိ ပေါက်မြောက်လိမ့်မလဲဆိုတာ ခန့်မှန်းလို့ရလောက်ပါပြီ။ နောက်ပြီး တစ်ယောက်တည်းဇာတ်လမ်းသွားအပြင် ကိုယ့်သူငယ်ချင်းဂိမ်းဆော့ဖော်ဆော့ဖက်တွေနဲ့အတူ အဖွဲ့လိုက်လည်း ဆော့လို့ရတဲ့ World War Z: The Game ကတော့ အခုနှစ် ၂၀၁၉ ခုနှစ်မှာ ဆောကြည့်ရမယ့် ဂိမ်းကောင်းတစ်ခုဖြစ်တဲ့အကြောင်းကိုပြောကြားရင်း အားလုံးကိုနှုတ်ဆက်လိုက်ပါတယ်။ ဖတ်ရှုသူများအားလုံးကို ကျေးဇူးအထူးတင်လျက်ပါ၊ နောက်ထပ်ဂိမ်းဆောင်းပါးတွေမှာ သုတရသအဖြာဖြာကို ဝေမျှပေးမှာမို့ အချိန်မှန်တင်ဆက်ပေးသွားမယ့်ပို့စ်တွေကို စောင့်မျှော်နိုင်ပါတယ်။



 


Yan
Ref; trustedreview, wikia

No comments:

Post a Comment