Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Wednesday, February 27, 2019

၁၈ ရာစုရဲ့အမေရိကန်တော်လှန်ရေးမှာ တစ်ကြော့ပြန်ရှင်သန်ဆော့ကစားရမယ့် Assassins Creed: 3 Remastered


ငယ်စဉ်ကတည်းက စွဲစွဲမြဲမြဲဆော့လာတဲ့ ဂိမ်းချစ်သူတစ်ယောက်အနေနဲ့ ဂိမ်းကစားလာတဲ့သက်တမ်းတစ်လျှောက်မှာ အမျိုးအစားစုံလင်တဲ့ ဂိမ်းအမြောက်အမြားကို ဆော့ကစားဖြစ်ခဲ့ပါတယ်။ အဲဒီတည်းကမှ ကိုယ်တိုင်ကိုယ်ကျ ရင်ခုန်စိတ်လှုပ်ရှားမှုအပြည့်နဲ့ ဆော့ခဲ့ရတဲ့ဂိမ်းမျိုးတွေရှိသလို ဆော့ရင်းဆော့ရင်းနဲ့မှ ကိုယ်အနှစ်ခြိုက်ဆုံးဂိမ်းမျိုးတွေလည်း ပေါ်ထွက်လို့လာပါတယ်။ ဂိမ်းကုမ္ပဏီကြီးတွေအနေနဲ့လည်း ရှုထောင့်မျိုးစုံကနေ ကြမ်းပေ့၊ မိုက်ပေ့ဆိုတဲ့ဂိမ်းတွေကို ဖန်တီးရေးဆွဲခဲ့ကြသလို ဂိမ်မာတွေဘက်ကလည်း စိတ်အားတတ်ကြွမှုအပြည့်နဲ့ နောင်ထွက်လာမယ့် မျိုးဆက်သစ်ဂိမ်းတွေကို စောင့်လို့နေပါတယ်။ အဲဒီလိုဂိမ်းကောင်းတွေထဲကမှ ဂိမ်မာတွေရဲ့အားပေးမှုကို တစ်ခဲနက်ရရှိထားတဲ့ ဂိမ်းစီးရီးတစ်ခုကတော့ Ubisoft ရဲ့ Assassins Creed စီးရီးပဲဖြစ်ပါတယ်။ အမှောင်ထဲမှာလျှို့ဝှက်စွာလှုပ်ရှားနေပေမယ့် အလင်းဘက်တော်သားတွေဖြစ်ကြတဲ့ Assassin တွေရဲ့အကြောင်းကို ဂိမ်မာအားလုံးလည်း သိကောင်းသိကြမှာပါ။ 


၂၀၁၈ ခုနှစ်မှာနောက်ဆုံးထွက်ရှိထားတဲ့ Assassins Creed: Odyssey ဟာလည်း ရှေးခေတ်ဂရိနိင်ငံနဲ့ စပါတန်စစ်တပ်ရဲ့နောက်ကြောင်းကို ကျောရိုးခံထားတာမို့ လူကြိုက်များခဲ့ရတဲ့ AC ဂိမ်းတစ်ခုပါပဲ။ အခု ၂၀၁၉ မှာလည်း ခြေလှမ်းတွေမပြတ်တဲ့ Ubisoft အနေ မကြာခင်ရောက်ရှိတော့မယ့် မတ်လ၊ ၃၀ ရက်နေ့မှာ ၂၀၁၂ ခုနှစ်က ထွက်ရှိပြီးဖြစ်တဲ့ Assassins Creed 3 ဂိမ်းကို အသစ်တဖန်ပြန်ပြီး မွမ်းမံပြင်ဆင်ထားတဲ့ Remastered ဗားရှင်းအဖြစ် ထုတ်ပေးသွားမယ်လို့ အတိအလင်းကြေညာခဲ့ပါတယ်။ Assassins Creed: Revelation ရဲ့တိုက်ရိုက်နောက်ဆက်တွဲဖြစ်တဲ့ Assassins Creed 3 ဟာဆိုရင် ၁၈ အလယ်ပိုင်းနဲ့ နှောင်းပိုင်းတို့မှာ ဖြစ်ပွားခဲ့တဲ့ အမေရိကန်တော်လှန်းရေးစစ်သမိုင်းကို ဇာတ်အိမ်တည်ထားတဲ့ ဂိမ်းဖြစ်ပါတယ်။ 


သမိုင်းတွင်တဲ့ အမေရိကန်တော်လှန်ရေးဟာ ဗြိတိသျှကိုလိုနီတွေ လက်ဝါးကြီးအုပ်သိမ်းပိုက်ထားတဲ့ အမေရိကန်ပြည်ထောင်စုမှာ ပြည်နယ်တွေ တစ်ကွဲတစ်ပြားဖြစ်နေရာကနေ အမေရိကန်လူမျိုးတွေ သွေးချင်းနီးစည်းလုံးသွားပြီး နယ်ချဲ့ဗြိတိသျှတွေနဲ့ အင်္ဂလန်စစ်တပ်ကို နိုင်ငံပေါ်ကနေ အပြီးအပိုင်မောင်းထုတ်နိုင်ခဲ့တဲ့ စိတ်ဝင်စားစရာကမ္ဘာ့သမိုင်းလည်း ဖြစ်ပါတယ်။ အဲဒီလိုဇာတ်ကြောင်းပေါ်မှာ Assassin တစ်ယောက်အဖြစ် ဘယ်လိုမျိုးအခန်းကဏ္ဍကနေ ပါဝင်သွားမလဲဆိုတာကတော့ ဆော့ဖူးသူများသာ အသိဆုံးဖြစ်ပါလိမ့်မယ်။ မကြာခင်မှာဂိမ်းပရိသတ်တွေ လက်ထဲရောက်လာမယ့် Assassins Creed: 3 Remastered အခွေဟာ ရုပ်ထွက်ဂရပ်ဖစ်တိုးမြှင့်ထားသလို တိုက်ခိုက်မှုအက်ရှင်စနစ်နဲ့ ဂိမ်းတွင်းလုပ်ဆောင်ချက်တစ်ချို့ကိုလည်း ဆော့ရတာပိုကောင်းစေဖို့ တိုးမြှင့်ပြင်ဆင်ထားပါတယ်။ ဒါ့အပြင် Assassins Creed: 3 ရဲ့နောက်ဆက်အခွေဖြစ်တဲ့ အမျိုးသမီး Assassins Aveline အနေနဲ့ဆော့ရမယ့် Assassins Creed 3: Liberation အပြင် ထပ်ဆောင်း dlc ဖြစ်တဲ့ Tyranny King of Washington ကိုပါ တစ်တွဲတည်းထည့်သွင်းပေးထားပါတယ်။ 


ဒီတော့ Assassins Creed: 3 Remastered အခွေမှာ အရင်ကထက် ပိုမိုသာလွန်ပြီး ကြည့်ကောင်းတဲ့ရုပ်ထွက်၊ အလှပဆုံးရှုခင်းတွေနဲ့ ဂိမ်းလောက၊ ဆန်းသစ်ပြုပြင်ထားတဲ့ ဂိမ်းတွင်းစနစ်အသစ်တွေနဲ့အတူ ပင်မဇာတ်ကြောင်းနှစ်မျိုးနဲ့ dlc ဇာတ်လမ်းကို ဂိမ်မာတွေအားလုံးက အပြည့်အဝကြီး ကိုယ်တိုင်ကိုယ်ကျဆော့ကစားရတော့မှာပါ။ Assassins Creed ချစ်သူတွေသာမက အမိုက်စားဂိမ်းတွေကိုမှဆော့ချင်ကြတဲ့ ဂိမ်းပရိသတ်တွေအနေနဲ့ နောက်လ မတ်လ၊ ၂၉ ရက်နေ့မှာ ထွက်ရှိမယ့် Assassins Creed: 3 Remastered အခွေမှာ အမေရိကန်တော်လှန်ရေးကာလထဲက Assassins တစ်ယောက်အဖြစ် ဆော့ကစားနိုင်ဖို့ အခုကတည်းက ရင်ခုန်စွာနဲ့စောင့်မျှော်နိုင်ပါတယ်။ အချိန်တစ်လကျော်ပဲ ကျန်တော့တာနော်။ 






Yan
Ref: Wikia

No comments:

Post a Comment