Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Thursday, February 21, 2019

၂ဝ နဲ့ ၂၁ ရာစုသမိုင်းတစ်လျှောက်မှာ ဖွဲ့စည်းခဲ့ကြတဲ့ ကမ္ဘာ့အင်အားကြီးစစ်မဟာမိတ်အဖွဲ့များ (ပထမပိုင်း)


ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာကြီးကို အခုလိုမျိုးငြိမ်းချမ်းရေးအတိလွှမ်းခြုံပြီး မီးမိုးလောင်မြိုက်တဲ့ကမ္ဘာ့စစ်ပွဲကြီးတွေ နိခုံးချူပ်ခဲ့တာဟာ ရာစုနှစ်တစ်ခုပြည့်လုနီးပါးရှိခဲ့ပါပြီ။ အားလုံးနဲ့ လက်လှမ်းအမှီဆုံးဖြစ်ခဲ့တဲ့ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်နဲ့ စစ်အေးတိုက်ပွဲအပြင် အခြားသောမရေတွက်နိုင်တဲ့ စစ်ပွဲတွေဟာလည်း သက္ကရာဇ်တွေတစစ ကူးပြောင်းလာတာနဲ့အမျှ ပြီးဆုံးသွားကြပြီ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း ကမ္ဘာကြီးထာဝရငြိမ်းချမ်းစေဖို့အတွက် ပေးဆပ်ဆုံးရှုံးခဲ့ရတဲ့ လူ့အသက်ပေါင်းများစွာအပြင် သွေးမြေကျခဲ့ရတဲ့စစ်ပွဲပေါင်းမနည်းမနော ဖြစ်ပွားခဲ့တာ အားလုံးမြင်မျက်ကိုယ်တွေ့ပါပဲ။ အဲဒီအကြောင်းလေးကို ပြန်လည်သတိပေးရင်းနဲ့ အခုဆောင်းပါးမှာ ဖော်ပြပေးသွားမှာကတော့ ၂၁ ရာစုအစပိုင်းကနေ လက်ရှိမျက်မှောက်ခေတ်အထိ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ လက်တွဲစုပေါင်းဖွဲ့စည်းခဲ့တဲ့ စစ်ရေးအရရော၊ စီးပွားရေးအရပါ ခွန်အားကြီးမားတဲ့မဟာမိတ်အဖွဲ့တွေအကြောင်းကို ပထမပိုင်း၊ ဒုတိယပိုင်းနဲ့ အပိုင်းနှစ်ပိုင်းခွဲပြီး စာဖတ်သူတွေဗဟုသုတဖြစ်ဖွယ် တင်ဆက်ပေးသွားမှာပါ။ ကဲ ဒီတော့ ဆောင်းပါးမှာ ဘယ်လိုမဟာမိတ်အဖွဲ့တွေပါလာမလဲဆိုတာ ရင်ခုန်ရင်းနဲ့ အခုပဲစပြီး ဖတ်လိုက်ကြစို့လားဗျာ။ 



ဝင်ရိုးတန်းနိုင်ငံများ (The Axis)

ဒုတိယကမ္ဘာစစ်အတွင်းမှာ မဟာမိတ်တပ်ဖွဲ့များနဲ့ ရင်ဆိုင်တိုက်ခိုက်ဖို့အတွက် တစ်ဖက်ရန်သူ့နိုင်ငံများက ပူးပေါင်းဖွဲ့စည်းခဲ့တဲ့ စစ်မဟာမိတ်အဖွဲ့ဖြစ်ပါတယ်။ ပထမကမ္ဘာစစ်ဟာ မဟာမိတ်အင်အားစုနဲ့ ဗဟိုအင်အားစုတို့ရဲ့ မကျေနပ်တင်းမာမှုတွေကြားက နှစ်ဖက်လုံးစစ်ရေးအရ အားပြိုင်တဲ့တိုက်ခိုက်မှုဖြစ်ပေမယ့် ဒုတိယကမ္ဘာစစ်ကတော့ ပိုမိုအားကောင်းလာတဲ့ မဟာမိတ်တပ်နဲ့ ဝင်ရိုးတန်းနိုင်ငံတပ်များရဲ့ အဖျက်စွမ်းအားသာလွန်ကြီးမားတဲ့ ပျက်စီးမှုအများပြားဆုံးစစ်ကြီးပဲ ဖြစ်ပါတယ်။ အဲဒီမှာ ဝန်ရိုးတန်းနိုင်ငံတွေဖြစ်ကြတဲ့ နိုင်ငံတွေကတော့ နာမည်ကြားရုံနဲ့ ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့လေးစားရတဲ့ စစ်အာဏာရှင် ဟစ်တလာရဲ့နာဇီဂျာမဏီတပ်၊ အီတလီနိုင်ငံက နယ်ချဲ့စစ်အာဏာရှင်မူဆိုလီနီရဲ့ အီတလီတော်ဝင်စစ်တပ်နဲ့ အရှေ့တိုင်းက နေမဝင်အင်ပါယာ ဖက်ဆစ်ဂျပန်တပ် အစရှိတဲ့ခွန်အားကြီးသုံးနိုင်ငံဖြစ်ပြီး နိုင်ငံတွင်းကစစ်တပ်သုံးတပ်ကို ပေါင်းစည်းထားခြင်းပဲ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ တစ်ဖက်ကမဟာမိတ်တပ်များနဲ့ ဝင်ရိုးတန်းနိုင်ငံတပ်များဟာ တစ်ဖက်နဲ့တစ်ဖက်အနိုင်မခံအရှုံးမပေးဘဲ အပြင်းအထန် ချွပ်ချွပ်ချွံချွံတိုက်ခိုက်ခဲ့ပါတယ်။ 



မဟာမိတ်တပ်များ (The Allies)

ပထမကမ္ဘာစစ်ဖြစ်ပွားစဉ်ကာလကတည်းက အနောက်ပိုင်းဥရောပနိုင်ငံများဖြစ်ကြတဲ့ ဗြိတိန်နိုင်ငံ၊ ပြင်သစ်နိုင်ငံနဲ့ အမေရိကတိုက်နိုင်ငံဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုတို့ စစ်ရေးအရဖွဲ့စည်းထားတဲ့ မဟာမိတ်အဖွဲ့ဖြစ်ပါတယ်။ ဂျာမဏီနိုင်ငံရဲ့ တစစကြီးထွားလာတဲ့ အစွန်းရောက်အမျိုးသားရေးနဲ့ အခြားနိုင်ငံများအပေါ် အာဏာရှင်ဆန်ဆန် အနိုင်ကျင့်ဗိုလ်ကျမှုကို ရိပ်စားမိတဲ့ ကမ္ဘာ့တစ်ဖက်ခြမ်းကနိုင်ငံများဟာ ပထမကမ္ဘာစစ်အပြီးမှာ ဗာဆိုင်းစာချူပ်ချူပ်စေခဲ့ပြီး စစ်အားအရရော၊ နိုင်ငံရေးအရပါ လွှမ်းမိုးမှုအားကောင်းလာတဲ့ ဂျာမဏီကို အတိုင်းအတာတစ်ခုအထိ ဟန့်တားနိုင်ခဲ့ပါတယ်။ အခြေအနေမသာလွန်မှုများကြောင့် ၁၉၁၈ ခုနှစ်၊ ပထမကမ္ဘာစစ်အပြီးမှာ စစ်ရှုံးနိုင်ငံဖြစ်ခဲ့ရပေမယ့် နောက်ထပ်အနှစ်နှစ်ဆယ် ဟစ်တလာအာဏာရလာချိန်မှာ ပြန်လည်ထကြွလာတဲ့ ဂျာမဏီကြောင့် ရှိနှင့်ပြီးနိုင်ငံများသာမက မဟာမိတ်နိုင်ငံသစ်တွေအဖြစ် ရုရှား၊ ကနေဒါ၊ တရုတ် အစရှိတဲ့နိုင်ငံများလက်တွဲပြီး နာဇီဂျာမဏီအပါအဝင် ကျန်ဝန်ရိုးစွန်းနိုင်ငံစစ်တပ်များကို တိုက်ခိုက်ခဲ့ရပါတယ်။


နေတိုးစစ်မဟာမိတ်စာချူပ်အဖွဲ့ (NATO)

ဒုတိယကမ္ဘာစစ်ကြီးအပြီး လေးနှစ်အကြာ ၁၉၄၉ ခုနှစ်မှာ ဖွဲ့စည်းထားတဲ့စစ်မဟာမိတ်စာချူပ်အဖွဲ့ဖြစ်ပြီး မြောက်အအတ္တလန်တစ် သဘောတူစာချူပ်အဖွဲ့လို့လည်း အမည်ရပါတယ်။ လက်ရှိမှာစစ်အင်အားအကြီးမားဆုံးလို့ ဆိုနိုင်တဲ့ နေတိုးစစ်မဟာမိတ်အဖွဲ့ကြီးကို ဖွဲ့စည်းရခြင်းရဲ့ရည်ရွယ်ချက်ဟာ ပထမနဲ့ဒုတိယကမ္ဘာစစ်လိုမျိုး ကမ္ဘာတစ်ဝှမ်းလုံးကိုလောင်မြိုက်စေတဲ့ စစ်မျိုးဖြစ်ပွားလာမယ့်အရေးကို ကင်းရှင်းပျောက်ပစေဖို့ဖြစ်ပြီး ဟစ်တလာလိုမျိုး အစွန်းရောက်အမျိုးသားရေး ပြင်းထန်ခြင်း၊ အီတလီလို ဖက်ဆစ်ဆန်ဆန်နယ်ချဲ့ခြင်း၊ ဂျပန်လိုကိုယ့်လူမျိုးကသာ အမြင့်မြတ်ဆုံးဖြစ်တယ်ဆိုတဲ့ အမျိုးသားရေးစစ်ဝါဒီမျိုးတွေကို အနာဂတ်တစ်ချိန်မှာ ထပ်မံ မထွက်ပေါ်လာစေဖို့ ရည်ရွယ်ပါတယ်။ နေတိုးအဖွဲ့ဟာ သဘောတူစာချုပ်မှာ နိုင်ငံအစိုးရအချင်းချင်း စစ်ရေးအရ စစ်ဘက်မဟာမိတ် ရယူထားတဲ့အဖွဲ့အစည်း တစ်ခုလည်းဖြစ်ပါတယ်။ နေတိုးရုံးချုပ်ဟာ ဘယ်(လ်)ဂျီယံနိုင်ငံ၊ ဘရပ်ဆယ်(လ်စ်) မြို့မှာတည်ရှိပြီး အဖွဲ့အစည်းမှာ စုပေါင်းကာကွယ်တိုက်ခိုက်ခြင်းစနစ် ပါဝင်တဲ့အပြင် အသင်းဝင်နိုင်ငံအသီးသီးအနေနဲ့ တစ်စုံတစ်ခုသော ပြင်ပအဖွဲ့အစည်းမှ တိုက်ခိုက်လာခြင်းကို တုံ့ပြန်နိုင်ရေးအတွက် အပြန်အလှန် အကာအကွယ်ပေးကြဖို့ သဘောတူညီထားကြတာဖြစ်ပါတယ်။ 


ဝါဆောစစ်စာချူပ်အဖွဲ့ (Warsaw Pact)

ဝါဆောစစ်စာချုပ်အဖွဲ့ဟာ အရှေ့ဥရောပနှင့် အလယ်ပိုင်းဥရောပကနိုင်ငံတွေ စုဖွဲ့ထားတဲ့ စစ်မဟာမိတ်အဖွဲ့အစည်းဖြစ်ပြီး ၁၉၅၅ ခုနှစ် မေလ (၁၄) ရက်နေ့၊ ပိုလန်နိုင်ငံ၊ ဝါဆောမြို့မှာ ချူပ်ဆိုခဲ့ကြတာဖြစ်ပါတယ်။ ၁၉၁၇ ခုနှစ်မှာ ရုရှားနိုင်ငံရဲ့ပထမဆုံးသော ကွန်မြူနစ်ခေါင်းဆောင်လီနင်ဟာ အောက်တိုဘာတော်လှန်ရေးနဲ့အတူ ရုရှားနိုင်ငံကို ကမ္ဘာ့ပထမဆုံးကွန်မြူနစ်နိုင်ငံ ဆိုဗီယက်ပြည်ထောင်စုအဖြစ် သွေးသစ်လောင်းတည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်တော့ ဒုတိယကမ္ဘာစစ်အပြီး ဂျိုးဆက်စတာလင်လက်ထက်မှာ နေတိုးစစ်မဟာမိတ်အဖွဲ့ရဲ့အင်အားကြီးမားလာမှုကို ကွန်မြူနစ်ရုရှားအနေနဲ့ ပြန်လည်တားဆီးတိုက်စစ်ဆင်ဖို့ ဒီဝါဆောစစ်စာချုပ်အဖွဲ့ကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ဝါဆောစစ်စာချူပ်အဖွဲ့ဟာ နေတိုးအဖွဲ့ရဲ့ခေတ်ပြိုင်စစ်အင်အားကြီး မဟာမိတ်နိုင်ငံများအဖွဲ့ဖြစ်တဲ့အပြင် ဗဟိုကထိန်းချူပ်တဲ့အစိုးရစနစ်ကို အသုံးပြုပြီး နိုင်ငံပေါင်းစုစစ်မဟာမိတ်အဖွဲ့အဖြစ် ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဆိုဗီယက်ပြည်ထောင်စုက လိုသလိုကြိုးဆွဲပြီးချူပ်ကိုင်ထားတဲ့ ဝါဆောစစ်စာချူပ်အဖွဲ့မှာ ပါဝင်တဲ့နိုင်ငံတွေကတော့ အယ်လ်ဘေးနီးယား၊ ဘူလ်ဂေးရီးယား၊ ချက်ကိုစလိုဗက်ကီးယား၊ ဟန်ဂေရီ၊ ပိုလန်၊ ရိုမေးနီးယားနဲ့ အရှေ့ဂျာမဏီတို့ ဖြစ်ကြပြီး ဆိုဗီယက်ပြည်ထောင်စုရဲ့ အာဏာလွှမ်းမိုးမှုအောက်က သြဇာခံနိုင်ငံတွေအဖြစ် ဖွဲ့စည်းထားတာဖြစ်ပါတယ်။


Yan
Ref: မြန်မာ့စွယ်စုံကျမ်း, Wikia

No comments:

Post a Comment