Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Wednesday, February 27, 2019

PS4 Pro နဲ့ သာမန် PS4 ကြားမှာ ဘယ်လိုမျိုးကွဲပြားခြားနားတဲ့ ကွာဟချက်တွေ ရှိသလဲ?


ဂိမ်မာတွေအားလုံး စွဲစွဲမြဲမြဲဆော့ကစားလာခဲ့ကြတဲ့ Sony Computer Entertainment ရဲ့ Playstation ဂိမ်းရဲ့မျိုးဆက်ဟာ ကနဦး Ps1 စတင်ထွက်ရှိခဲ့တဲ့ ၁၉၉၉ ခုနှစ်ကနေ အခုဆိုရင် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလကမှ နောက်ဆုံးထွက်ရှိထားတဲ့ Playstation 4 Pro အထိဆိုရင် အချိန်ကာလ နှစ်ပေါင်းနှစ်ဆယ်တိုင်တိုင် သက်တမ်းကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ လက်ရှိနည်းပညာခေတ်ကြီးထဲမှာ ဂိမ်းဝါသနာပါသူဂိမ်မာများအနေနဲ့ PC, Playstation, Xbox နဲ့ Nintendo အစရှိတဲ့ ကိုယ်ကြိုက်နှစ်သက်ရာဂိမ်းပလက်ဖောင်း အမျိုးမျိုးမှာ စိတ်တိုင်းကျ ဆော့ကစားနိုင်ပေမယ့် မျက်မှောက်ခေတ်ဂိမ်းစက်ဈေးကွက်မှာတော့ Sony ဟာ အမျိုးအစားစုံတဲ့ Playstation ဂိမ်းစက်တွေနဲ့ အားလုံးကိုကျော်တတ်ပြီး ထိပ်ဆုံးမှာ လက်မထောင်နိုင်ခဲ့တာ ဂိမ်းချစ်သူပရိသတ်တွေ မျက်မြင်ကိုယ်တွေ့ပါပဲ။ မျိုးဆက်သစ်ဂိမ်းစက်ထွက်ရှိတိုင်းပဲ သိန်းသန်းချီတဲ့ရောင်းအားပမာဏနဲ့ Playstation ဂိမ်းစက်တွေဟာ ၂၁ ရာစုရဲ့မရှိမဖြစ်ဂိမ်းစက်ဖြစ်သလို အထူးသီးသန့်ဂိမ်းတွေနဲ့ ဂိမ်းလောကနယ်ပယ်မှာ မင်းမူနေဆဲဖြစ်ပါတယ်။ ဂိမ်းချစ်သူတွေအားလုံးအတွက် ဒီဆောင်းပါးမှာဖော်ပြပေးသွားမှာကတော့ လက်ရှိအချိန်မှာ Sony ရဲ့နောက်ဆုံးဂိမ်းမျိုးဆက်ဖြစ်တဲ့ Playstation 4 ဂိမ်း console ရဲ့အားသာချက်၊ ထူးခြားချက်တွေနဲ့ ရိုးရိုးသာမန် Playstation 4 နဲ့ အသစ်ထပ်မံထွက်ရှိထားတဲ့ Playstation 4 Pro တို့အကြားက ကွဲပြားခြားနားချက်တွေကို ပြောပြပေးသွားမှာပါ။ အဆင်သင့်ဖြစ်ပြီဆို စလိုက်ကြစို့ဗျာ။


သာလွန်တဲ့ဂိမ်းတွင်းအတွေ့အကြုံနဲ့ ပိုမိုကောင်းမွန်တဲ့စွမ်းအင်စနစ်

ပထမဦးဆုံးပြောရမယ့်အချက်က ဂိမ်မာတွေအနေနဲ့ ဘယ်လောက်ထိသာလွန်ကောင်းမွန်တဲ့ ဂိမ်းအတွေ့အကြုံကို ခံစားနိုင်မလဲဆိုတာပါပဲ။ ဒီအတွက်တော့ စိတ်ပူစရာမလိုပါဘူး။ PS4 Pro မှာ သာမန် PS4 နဲ့ PS4 Silm တို့ရဲ့နိဂိုရှိရင်းစွဲ CPU ထက် စွမ်းအင် ၃၀ ရာခိုင်နှုန်း ပိုမိုတိုးမြှင့်ပေးထားပြီး ဂရပ်ဖစ်ရုပ်ထွက် GPU အတွက် ရုပ်ထွက်နှစ်ဆ ၁၀၀ ရာခိုင်နှုန်း အဆင့်မြှင့်ပေးထားပါတယ်။ Specs အထိအကျကို ဖော်ပြရမယ်ဆိုရင်တော့ PS4 Pro ရဲ့ CPU ဟာ 2.1GHz 8-core AMD Jaguar ရှိပြီး GPU မှာတော့ 4.2 TFLOP AMD Radeon (36CU, 911MHz) ကိုအသုံးပြုထားပါတယ်။ ဒါ့အပြင် 8GB GDDR5 နဲ့  1GB RAM ကိုပါ ထပ်ပေါင်းပေးထားတဲ့အတွက် တီဗီဖန်သားပြင်ရဲ့ ပထမမြင်ကွင်းမှာကတည်းက ပိုကောင်းတဲ့ရုပ်ထွက်ကို တွေ့မြင်ခံစားရမှာဖြစ်ပါတယ်။ ဂိမ်းဆော့နေချိန်မှာ ဂိမ်းစက်တစ်ခုလုံး လည်ပတ်တဲ့နေရာမှာလည်း ယခင်ကထက် ပိုပြီးအားကောင်းလာာစေပါတယ်။  



လက်တွေ့ဆန်ဆန်ကြည်လင်ပြတ်သားတဲ့ 4K အဆင့်ရုပ်ထွက်

ဒီတစ်ချက်ကတော့ Playstation 4 Pro ရဲ့ လူသိအများဆုံးအားသာချက်တွေထဲက တစ်ခုပါ။ မြင်ကွင်းတိုင်းမှာ လက်တွေ့အဆန်ဆုံးခံစားချက်နဲ့ အကြည်လင်အပြတ်သားဆုံးဖြစ်တဲ့ 4K စနစ်ကို အထောက်အပံ့ပေးထားတာလည်း ဖြစ်ပါတယ်။ 4K ရုပ်ထွက်မရှိတဲ့တီဗီကို ပိုင်ဆိုင်ထားလို့လည်း တွေးပူနေစရာမလိုပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ PS4 Pro HD ကို ဘယ်လိုဖန်သားပြင်မှာမဆို မြင်တွေ့ခံစားရမယ့်အပြင် 1080p ထုတ်ပေးတဲ့မော်နီတာများအတွက်လည်း ရုပ်ထွက်အမြင့်ဆုံး တိုးမြှင့်ပေးမယ့်စနစ်ကို ထည့်သွင်းထားပါသေးတယ်။ Native 4K ဖြစ်တာကြောင့် 2160p ရုပ်ထွက်ရှိတဲ့ 4K တီဗီကို ပိုင်ဆိုင်ထားသူများအဖို့ လက်မလွှတ်သင့်တဲ့ရွေးချယ်မှုဖြစ်သလို 4K မဟုတ်တဲ့ဖန်သားပြင်များအတွက်လည်း ထူးခြားမှုကိုခံစားရမယ့် Playstation 4 Pro ဖြစ်ပါတယ်။ 


တိုးမြှင့်ထားတဲ့ဖိုင်ပမာဏဝင်ဆန့်မှုနဲ့ ချိတ်ဆက်မှုစနစ်

မူလကထုတ်ရှိပြီးဖြစ်တဲ့ PS4 စက်များရဲ့ hard drive ဟာ GB ပေါင်း ၅၀၀ ပမာဏပဲဝင်ဆန့်နိုင်ပေမယ့် အခု PS4 Pro မှာတော့ နောက်ထပ်တစ်ဆ တိုးပေးထားတာဖြစ်တာကြောင့် ယခင်ဝင်ဆန့်တဲ့ပမာဏနဲ့ နောက်ထပ် 500 GB ပေါင်းပြီး စုစုပေါင်း 1TB hard drive ကို ထည့်သွင်းပေးထားတာဖြစ်ပါတယ်။ ဒါ့အပြင် တီဗီဖန်သားပြင်နဲ့ချိတ်ဆက်ပေးတဲ့ HDMI 1.6 အပေါက်ကိုလည်း HDMI 2.0 အဖြစ် အဆင့်တိုးမြှင့်ပေးလိုက်တဲ့အပြင် Playstation VR အတွက်ရော၊ အလွယ်တကူ လက်ကိုင်ခလုတ်အားသွင်းလိုသူများအတွက်ပါ USB 3.1 နှစ်ပေါက်ကို ဂိမ်းစက်ရဲ့အရှေ့ဘက်မှာ အဆင်ပြေချောမွေ့စေ တပ်ဆင်ပေးထားပါသေးတယ်။ နောက်ထပ်ပြီး အင်တာနက်ချိတ်ဆက်ဖို့ Ethereal ကေဘယ်လ်ပေါက်နဲ့ အသံပိုင်းဆိုင်ရာစနစ်ဖြစ်တဲ့ Optical Audio ပေါက်တို့ အသီးသီးပါဝင်ပါတယ်။


အရင်ထက်ပိုကြီးမားတဲ့ဒီဇိုင်းနဲ့ သေသပ်တဲ့စက်အပြင်အဆင်

PS4 Pro ဂိမ်းစက်ဟာ အရင်ဒီဇိုင်းနဲ့မတိမ်းမယိမ်းလေး ဆင်တူပေမယ့် တကယ်တမ်းမှာ အသစ်ထပ်မံပြင်ဆင်ပေးထားတဲ့ ထူးခြားမှုတစ်ချို့ပါဝင်တာကို တွေ့ရမှာပါ။ ရိုးရိုးသာမန် PS4 နဲ့ သေးသွယ်ပေါ့ပါးတဲ့ PS4 Slim တို့ဟာ အလေးချိန် ၆.၂ ပေါင်နဲ့ ၄.၁ ပေါင်တို့ အသီးသီး အလေးရှိကြပေမယ့် PS4 Pro ကတော့ မော်ဒယ်အားလုံးထက် ပမာဏာအနည်းငယ်ပိုတိုးပြီး ၇.၂ ပေါင် အလေးချိန်ရှိပါတယ်။ ဒါ့အပြင် ပတ်ပတ်လည်အရှည်နဲ့အကျယ်ဟာ အလျား 327  အနံ 295 နဲ့အမြင့် 55 မီလီမီတာ (12.9 x 11.6 x 2.17 စင်တီမီတာ) ရှိပါတယ်။ ဒါကြောင့် ပိုမိုကောင်းမွန်သာလွန်အောင် တိုးချဲ့ထားတဲ့စနစ်တွေနဲ့ ယခင်ကထက် အရွယ်အစားအနည်းငယ်ကြီးပြီး အလေးပိုစီးတဲ့ Playstation 4 Pro ဖြစ်ပါတယ်။ 


အခုလိုအချက်တွေကို ဖတ်ရှုပြီး နောက်ဆုံးထွက်ရှိထားတဲ့ Playstation 4 Pro ရဲ့ ထူးကဲတဲ့စနစ်တွေကို သိရှိသွားကြမယ်ထင်ပါတယ်။ ဒီတော့ PS4 ရှိနှင့်ပြီးသားသူတွေရော၊ အခုမှဂိမ်းစက်ဝယ်ဖို့ စဉ်းစားနေကြတဲ့သူများပါ အလွယ်တကူရွေးချယ်ဝယ်ယူနိုင်စေဖို့ ရည်ရွယ်ချက်နဲ့ ဒီဆောင်းပါးကို ရေးသားမျှဝေတာဖြစ်ပြီး Playstation 4 Pro ကိုဝယ်ယူလိုသူများအနေနဲ့ လက်ရှိသတ်မှတ်ဈေးနှုန်း ဒေါ်လာ ၃၉၉ ကျပ် (မြန်မာငွေ ၅၀၀,၀၀၀ ကျပ်ဝန်းကျင်) နဲ့ နီးစပ်ရာကုန်တိုက်နဲ့ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ကြောင်းပြောရင်း နောက်ဆောင်းပါးတွေမှာ ပြန်လည်ဆုံတွေ့ကြပါမယ်။ 



Yan
Ref: trustedreview, forbes

No comments:

Post a Comment