Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Tuesday, April 23, 2024

အနောက်တိုင်းဗီဒီယိုဂိမ်းများက ‌ဖော်ြပကြတဲ့ ရုပ်ရည်ချောမောလှပမှုနဲ့ အရှေ့တိုင်း၊ အနောက်တိုင်း စံကွဲပြားခြားနားမှုများ 👸



မြန်မာ့သက္ကရာဇ် ၁၃၈၆ နှစ်သစ်နဲ့အတူ ဂိမ်မာများကိုပေ့ချ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ သင်္ကြန်မတိုင်ခင်ကတည်းက ဆောင်းပါးများတင်ဆက်ပေးဖို့ အခွင့်အရေးမကြုံခဲ့ပဲ အခုမှသာပြန်လည်ရေးသားဖြစ်ခြင်းဖြစ်ပါတယ်။ ဖုန်းနဲ့စာရေးလေ့ရေးထမရှိတဲ့အပြင် အချက်အလက်များရှာဖွေခြင်း၊ စာစီခြင်း၊ သင့်တင့်တဲ့ဓာတ်ပုံများထည့်သွင်းခြင်းတို့အတွက် အင်တာနက်တစ်ခွင်မှာ လှန်လှောရှာဖွေရတာမို့ ကွန်ပျူတာရှေ့မှာ အချိန်တစ်ခုထိုင်မှသာလျှင် ဂိမ်းဆောင်းပါးများကို စိတ်တိုင်းကျသည်အထိ ရေးသားပြီးမြောက်တာဖြစ်ပါတယ်။ အခုပြောချင်တဲ့အကြောင်းအရာကို တင်ဆက်ပေးချင်နေတာ အတော်ကြာပြီဖြစ်ပါတယ်။ ဒီကိစ္စရပ်ဟာ အချိန်ကြာသည်နှင့်အမျှ ဂိမ်းလောကတစ်ခွင်မှာ ကြီးစိုးပြန့်နှံ့လာနေတဲ့အရာတစ်ခုဖြစ်ပြီး အနောက်တိုင်းဂိမ်းရပ်ဝန်းမှာဆိုရင် ခိုင်မာစွာအမြစ်တွယ်ထားနိုင်ပြီဖြစ်တဲ့ ကပ်ရောဂါဆိုးတစ်ခုလည်းဖြစ်ပါတယ်။ ခေါင်းစဥ်ကိုကြည့်ပြီး ဘာလဲဆိုတာ ခန့်မှန်းလို့ရလောက်မယ်လို့ ယူဆပါတယ်။ အဆင်သင့်ဖြစ်ပြီဆိုစလိုက်ကြပါမယ်။ ဒီနေရာမှာပထမဆုံးပြောချင်တာက ဗီဒီယိုဂိမ်းဆိုတာ ဖျော်ဖြေရေးကြားခံနယ်တစ်ခုဖြစ်ပြီး ဂိမ်းဆော့ကစားခြင်းဆိုတာဟာ ဖိအားတွေများလှတဲ့ လက်တွေ့ဘဝကနေ ခေတ္တခဏလွန်မြောက်ဖို့၊ စိတ်ကူးယဥ်ကမ္ဘာတစ်ခုမှာ ဝင်ရောက်အသက်ရှင်ဖို့ဖြစ်ပါတယ်။ ဂိမ်းဆော့ကစားခြင်းဆိုတာဟာ ရုပ်ရှင်ကားများလို ကတ်ဖြတ်ထားပြီးသား၊ မိမိလုပ်ဆောင်ရမယ့်အပြုအမူများကို သတ်မှတ်ထားပြီးသားမဟုတ်ဘဲ ကိုယ်လုပ်ချင်တဲ့အရာကို လုပ်ချင်တဲ့အချိန်မှာ ကြိုက်သလိုလုပ်နိုင်တဲ့အတွက် ဘယ်အရာနဲ့မှမတူတဲ့လွတ်လပ်မှုမျိုးကို ခံစားရစေပါတယ်။ ဗီဒီယိုဂိမ်းများဟာလည်း အနုပညာကြားခံနယ်တစ်ခုဖြစ်တဲ့အတွက် သီချင်း၊ စာအုပ်၊ ရုပ်ရှင်များလို ကျွန်တော်တို့ရဲ့ရသအာရုံကို အထူးနှိုးဆော်ပေးပါတယ်။ ဘယ်သူမှတော့ ကိုယ့်ရဲ့အခြေကျနေတဲ့ဘဝထဲက ရုန်းထွက်ပြီး သရဲခြောက်တဲ့ခံစားမှုကို ရချင်လို့ သချိုင်းကုန်းကို ညဘက် ၁၂ နာရီအတိမှာမသွားကြသလို တိုက်ပွဲထဲမှာပြေးလွှားပစ်ခတ်ချင်လို့ တပ်မတော်ထဲမဝင်ကြပါဘူး၊ ကိုယ်လိုချင်တဲ့အာရုံလှုံ့ဆော်မှုကို အထိရောက်ဆုံးပေးစွမ်းနိုင်တဲ့ ဗီဒီယိုဂိမ်းဆော့ခြင်းဆိုတဲ့လုပ်ရပ်ကိုပဲ လုပ်ကြပါတယ်။ အားလုံးနားလည်ပြီးသားဖြစ်တဲ့ အခုလိုရိုးရှင်းသောအရာများကို တစ်လုံးချင်းစီ စာစီပြရတာဘာကြောင့်လဲဆိုတော့ နောက်ဆက်ပြောမယ့်အရာအတွက် လိုအပ်တာမို့ အစပျိုးရခြင်းဖြစ်ပါတယ် 👂

တစ်ချက်လောက်စဥ်းစားကြည့်ပါ၊ ကိုယ်အချိန်ရရင်ရသလို ဝင်ရောက်အသက်ရှင်ရတဲ့ စိတ်ကူးယဥ်ကမ္ဘာလေးထဲမှာ ကိုယ်နဲ့လားလားမှမသက်ဆိုင်တဲ့ ရုပ်ဆိုးအကျည်းတန်သောဝါဒဖြန့်မှုမျိုး၊ အကျိုးအကြောင်းမသင့်တင့်သော ဇာတ်ကောင်ပုံစံမျိုးကို ဘယ်သူကများသည်းခံနိုင်မှာပါလဲ? အားလုံးလည်းသတိထားမိကြမှာပါ၊ လက်ရှိခေတ်မှာ အနောက်တိုင်းဘက်ကလာတဲ့ဂိမ်းများရဲ့ ဇာတ်ကောင်များ (အထူးသဖြင့်မိန်းမသားများ) ဟာ ရုပ်ပိုင်းဆိုင်ရာမှာ တဖြည်းဖြည်းယိုယွင်းချို့တဲ့လို့လာကြပါတယ်။ ရုပ်ရည်မချောမောမလှပတာဟာ ပကတိပြစ်ချက်တစ်ခုမဟုတ်သော်ြငား ကွဲပြားခြားနားမှုကိုဗန်းပြပြီး ရှိနှင့်တဲ့ဇာတ်ကောင်တွေကို လူတစ်စုအလိုကျ ပုံသွင်းတာမျိုးကတော့ လက်သင့်မခံနိုင်တဲ့အရာတစ်ခုဖြစ်ပါတယ်။ မကြာသေးခင်ကမှထွေလာနဲ့
demo ထွက်ရှိခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံအခြေစိုက်ဂိမ်းကုမ္ပဏီ Shift Up ရဲ့ Stella Blade ဂိမ်းကိုပဲကြည့်မယ်ဆိုရင် လက်ရှိမှာဖြစ်ပျက်နေတဲ့အရာတော်တော်များများကို သိနိုင်ပါတယ်။ Stella Blade ဂိမ်းရဲ့အဓိကဇာတ်ဆောင်ဖြစ်သူ အိဗ်ရဲ့ခန္ဓာကိုယ်အချိုးအစားနဲ့ ဝတ်စားဆင်ယင်ပုံကိုထောက်ရှုပြီး အနောက်တိုင်းဂိမ်းမီဒီယာအတော်များများဟာ ဒါဟာလက်တွေ့ဘဝနဲ့မကိုက်ညီကြောင်း၊ မိန်းမသားတွေကို လိင်စိတ်ကြွဖွယ်ပုံဖော်ထားကြောင်း၊ ခန္ဓာကိုယ်အချိုးအစားဟာ ယုတ္တိမတန်ကြောင်း၊ အသက်မပြည့်သေးတဲ့ကလေးမလေးတစ်ယောက်နဲ့ ဆင်တူကြောင်းစသဖြင့် ထင်မြင်ချက်ပေါင်းစုံ၊ ဝေဖန်မှုပေါင်းစုံနဲ့ ထိုးနှက်တိုက်ခိုက်ကြပါတော့တယ်။ ဒီလိုတုံ့ပြန်မှုမျိုးကိုကြည့်ခြင်းအားဖြင့် ပထမဦးဆုံးကောက်နှုတ်နိုင်တာက အိဗ်ရဲ့ရုပ်ရည်နဲ့ ခန္ဓာကိုယ်တစ်ခုတည်းကသာ ဂိမ်းတစ်ခုလုံးကိုကိုယ်စားပြုနေသလိုဖြစ်နေပြီး ချောမောလှပခြင်း၊ ကြည့်ပျော်ရှုပျော်ရှိခြင်းဟာ တစ်ချို့သောလူတစ်စုအတွက် လားလားမှလက်သင့်မခံနိုင်တဲ့ အရာမျိုးဖြစ်နေပြီလားလို့တောင် မေးခွန်းထုတ်မိပါတယ်။ သေချာစဥ်းစားကြည့်တဲ့အခါ ဒါဟာရည်ရွယ်ချက်ရှိတဲ့ အကွက်ကျသောတိုက်ခိုက်မှုတစ်ခုဖြစ်ပြီး မိန်းမသားများရဲ့ နဂိုရှိသင့်တဲ့ဂုဏ်ရည်ဂုဏ်သွေးနဲ့ ပုံပန်းသဏ္ဌာန်ကို ခေတ်နဲ့ရောပြီး အာရုံထွေပြားရောထွေးသွားစေတဲ့ ခြေလှမ်းတစ်ဆင့်လည်းဖြစ်ပြန်ပါတယ်။ မီဒီယာနဲ့ ရုပ်ရှင်လောကတွေမှာစတင်ခဲ့ပြီး အခုဆိုရင်ဗီဒီယိုဂိမ်းများအထိ ကူးစက်ပြန့်နှံ့လာတဲ့ ဒီတိုက်ခိုက်မှုရဲ့ဦးတည်ရာပစ်မှတ်တွေကတော့ သတိမမူမိတဲ့ မိန်းမသားထုပါပဲ (‌‌ယောကျ်ားထုကြီးအတွက်လည်း ပြဿနာများသီးသန့်ရှိနေပါတယ်) Horizon Zero Dawn: Forbidden West ကနေ Forspoken ကနေ Fable 4 အထိ မိန်းမသားများဦးဆောင်တဲ့ ခေတ်သစ်ဂိမ်းများမှာ အဓိကကျတဲ့ဇာတ်ကောင်အမျိုးသမီးတွေကို ဆွဲဆောင်မှုပိုင်းမှာလျော့ကျအောင်၊ ရုပ်ပိုင်းဆိုင်ရာအားနည်းနေအောင် တမင်တကာဖော်ြပရေးဆွဲထားကြတာဟာ ဘာကြောင့်များပါလဲ?



ဒါတွေဟာဘာကြောင့်လဲဆိုတော့ ဖြစ်တည်မှုပိုင်းဆိုင်ရာ (Identity Politics)၊ လူမှုတရားမျှတမှု (Social Justice)၊ ကွဲပြားခြားနားမှုကိုလက်သင့်ခံခြင်း (Inclusivity) ဆိုတဲ့ခေါင်းစဥ်တွေအောက်ကနေ ဝါဒဖြန့်မှု၊ လာဘ်စားခြင်း၊ ဘက်လိုက်ခြင်းတွေကို ဗီဒီယိုဂိမ်းတွေထဲ ထည့်သွင်းမီးမောင်းထိုးချင်တဲ့ agenda ဖြစ်ပါတယ်။ နားလည်လွယ်အောင်ပြောရရင် လူမည်းတွေကနေရာတိုင်းပါရမယ်၊ အပုအဝငပိန်တွေ၊ အခြောက်တွေ၊ လိင်ပြောင်းလဲသူတွေဟာ နေရာတိုင်းမှာပါကိုပါရမယ်၊ အဲထက်ပိုပြီးနက်ရှိုင်းပေမယ့် သဘောတရားကတော့ဒါပါပဲ (ပိုမိုသိရှိလိုပါက Sweet Baby Inc အကြံပေးကုမ္ပဏီအကြောင်းလေ့လာပါ) ဒီအရာတွေဟာ အမေရိကန်အပါအဝင် (အနောက်ပိုင်း) နိုင်ငံများရဲ့နိုင်ငံရေး၊ မူဝါဒ၊ လှုပ်ရှားမှုများနဲ့ တိုက်ရိုက်ဆက်စပ်နေတာမို့ အနက်ထိဆင်းဖို့မလိုအပ်ပေမယ့် အားလုံးသိသင့်တဲ့တစ်ချက်ကတော့ အရှေ့တိုင်းကဂိမ်းရေးဆွဲဖန်တီးသူများဟာ ဒီဝါဒမှိုင်းနဲ့ကင်းလွတ်နေသေးတယ်ဆိုတာပါပဲ။ အတွင်းကစိတ်နေစိတ်ထားနဲ့ နှလုံးသားဟာ အပြင်ပန်းထက်ပိုအရေးကြီးတယ်လို့ ဘယ်လောက်တောင်ဆိုကြပါစေ ကျွန်တော်တို့လူသားတွေဟာ ချောမောလှပခြင်းကိုရှုစားရတာ ကြိုက်နှစ်သက်သူများဖြစ်ပါတယ်။ ဒါဟာ ကျား၊ မလိင်အရရော၊ ဇီဝဗေဒနဲ့ သဘာဝအရပါ မှန်ကန်နေတဲ့အချက်တစ်ချက်ဖြစ်ပြီး ရုပ်ရှင်မင်းသား၊ မင်းသမီးများ၊ မော်ဒယ်များ နာမည်ကျော်ကြားလူသိများလာခြင်းဟာလည်း အဲအချက်ကြောင့်ပါပဲ။ အမျိုးသားများဟာ တင်၊ ရင်အချိုးကျဖွံထွားပြီး အသားအရည်နူးညံ့စိုပြေတဲ့ မိန်းမသားများကို တွေ့မြင်ရတာကြိုက်ကြသလို အမျိုးသမီးများဟာလည်း အရပ်အမောင်းကောင်း၊ ကိုယ်ခန္ဓာတောင့်တင်းပြီး ဆွဲဆောင်မှုရှိတဲ့ရုပ်ရည်နဲ့ ယောကျ်ားသားများကို တွေ့မြင်ရတာ ကြိုက်ကြပါတယ်။ လူတွေဟာ ကိုယ့်ထက်မလှတောင် ကိုယ့်အောက်ရုပ်မဆိုးတဲ့သူမျိုးနဲ့သာ ပေါင်းဖက်လိုကြပြီး ကိုယ်မွေးတဲ့သားသမီးတွေအထိပါ ကြည့်မြင်ဖွယ်ကောင်းစေလိုတဲ့ စိတ်အတွေးမျိုးရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ များသောအားဖြင့် ရုပ်ရည်ရူပကာမှာအားသာနေသူဟာ အားနည်းနေသူထက် ဘယ်နေရာမှာမဆို ရှင်သန်နေထိုင်ဖြတ်သန်းရတာ ပိုမိုလွယ်ကူလို့ပါပဲ။ ဒီတော့ အဲလိုအမှန်တရားတစ်ရပ်ကို ဗီဒီယိုဂိမ်းတွေထဲမှာထည့်သွင်းခြင်းဟာ ဘာတွေများမှားယွင်းနေပါသလဲ? အခုခေတ်မှာ ချောမောလှပသူအမျိုးသမီးဟာ ဂိမ်းတစ်ခုရဲ့အဓိကဇာတ်ဆောင်ဖြစ်နေရင် အနောက်တိုင်းဂိမ်းဂျာနယ်လစ်နဲ့ မီဒီယာများရဲ့ ရှုပ်ချခြင်းကို ဘာကြောင့်ခံရတာပါသလဲ? အိဗ်ရဲ့ခန္ဓာကိုယ်ဖွံ့ထွားနေတာ သဘာဝမကျဘူး၊ ယုတ္တိမတန်ဘူးလို့ ပုတ်ခတ်ချင်သူများသိရမှာက Stella Blade ရဲ့အဓိကဇာတ်ဆောင်အိဗ်ကိုပုံဖော်ဖို့ တကယ့်လက်တွေ့ဘဝမှာမှီငြမ်းထားတဲ့ ကိုရီးယားမော်ဒယ်ရှင်ဂျေအွန်ဟာ ဂိမ်းမှာတွေ့မြင်ရတဲ့အတိုင်း နှစ်လိုဖွယ်ကောင်းတဲ့ ဥပဓိရုပ်နဲ့ အချိုးကျတဲ့ခန္ဓာကိုယ်ကို တစ်ထေရာတည်း ပိုင်ဆိုင်ထားတယ်ဆိုတာပါပဲ 
💋

ဒါ့အပြင် အရှေ့တိုင်းဂိမ်းတွဲကဇာတ်ကောင်များဖြစ်ကြတဲ့
RE စီးရီးက ဂျေးလ်၊ အေဒါနဲ့ ခလယ်လ်တို့ဟာ သူတို့မှီငြမ်းထားတဲ့ လက်တွေ့ဘဝကမိန်းမသားများ နည်းတူ အသီးသီးကိုယ်စီလှပကြသလို Devil May Cry က လေဒီနဲ့ ထရစ်ရှ်တို့ဟာလည်း ပုံစံတစ်မျိုးလေးကွဲထွက်ပြီး ကြည့်လို့ကောင်းနေပြန်ပါတယ်။ သက်ရှိလူတွေရဲ့မျက်နှာ၊ ခန္ဓာကိုယ်အချိုးအစားကို မကူးယူထားဘဲ နည်းပညာနဲ့သီးသန့်ပုံဖော်ထားတဲ့ Final Fantasy က တီဖာ၊ အေးရစ်နဲ့ ဂျက်စီတို့ဟာလည်း တကယ့်ပြင်ပကမိန်းမသားများလို့ မှတ်ယူရလောက်အောင် ရင်ထဲစွဲမှတ်လောက်စေမယ့် အလှတရားမျိုးကို ပိုင်ဆိုင်ထားပါတယ်။ ဒါတင်မကသေးပါဘူး၊ 2D နဲ့ Anime ဟန်ပါတဲ့ မိန်းမသားဇာတ်ကောင်များဖြစ်တဲ့ Street Figher က ချန်လီ၊ ကန်မီတို့ဟာလည်း ပရိသတ်တွေရဲ့ အထူးကြိုက်နှစ်သက်မှုကို တစ်ခဲနက်ရရှိထားသလို Genshin Impact ကမိန်းမသားဇာတ်ကောင်တိုင်းလိုလိုဟာ ချစ်မြတ်နိုးစရာကောင်းပြီး ထက်မြက်ထူးချွန်နေတာကို တွေ့ရဦးမှာပါ။ ဆိုတော့ကာ ဂိမ်မာများ သတိထားကြည့်မယ်ဆိုရင် အရှေ့တိုင်းကလာတဲ့ဂိမ်းများမှာ ဝတဲ့အဓိကမိန်းမသားဇာတ်ကောင်မျိုးကို အခုချိန်ထိ တစ်ခါမှမတွေ့ဖူးသလို ရုပ်ဆိုးအကျည်းတန်တဲ့ အဓိကမိန်းမသားဇာတ်ကောင်မျိုးကိုလည်း အခုထိမတွေ့ရပါဘူး။ ဒါဟာဘာကြောင့်ပါလဲ? အဖြေကရိုးရှင်းပါတယ်။ ‌အရှေ့တိုင်းဂိမ်းရေးဆွဲသူများဟာ သူတို့လူ့အဖွဲ့အစည်းရဲ့ ရှိနှင့်ပြီးသားစံနှုန်းစံထား၊ ယဥ်ကျေးမှုနဲ့ သတ်မှတ်ချက်များအောက်ကသာ ဂိမ်းများကိုဖန်တီးကြပြီး သူတို့တိုင်းပြည်နဲ့လူမျိုးကို ကိုယ်စားပြုတဲ့မိန်းမသားများကို ကမ္ဘာ့အလယ်မှာ ချောမောလှပကြောင်းသာ ပြသချင်ကြလို့ပါပဲ။ အရှင်းဆုံးပြောရမယ်ဆိုရင် အရှေ့တိုင်းဂိမ်းထုတ်လုပ်သူများဟာ ဗီဒီယိုဂိမ်းကို ဗီဒီယိုဂိမ်းမှန်း လက်ခံထားကြလို့ပါပဲ။ အရှေ့တိုင်းဂိမ်းများဟာ မျက်မှောက်ခေတ်မှာဖြစ်ပွားနေတဲ့ နိုင်ငံရေးအချင်းအရာများနဲ့ သူတို့ထုတ်လုပ်တဲ့ဗီဒီယိုဂိမ်းများကို တစ်ကန့်စီ ခွဲခြမ်းထားနိုင်ပြီး အသုံးမကျတဲ့ဝါဒဖြန့်ခြင်းများကို ဂိမ်းတွေထဲ ထည့်သွင်းရော‌နှောရလောက်တဲ့အထိ တစ်ကိုယ်ကောင်းဆန်ခြင်းမရှိ၊ အတ္တကြီးခြင်းမရှိဖူးလို့သာ ဂိမ်မာများကမှတ်ယူကြရမှာပါ။ (အရှေ့တိုင်းဂိမ်းများမှာ ပါဝင်တဲ့ဝါဒဖြန့်ခြင်းဟာ ပျော့ပျောင်းပါတယ်၊ ညင်သာပါတယ်၊ ပျော်ဝင်လွယ်ပြီးများသောအားဖြင့် သူတို့ရဲ့ယဥ်ကျေးမှုကိုပဲ ဦးတည်ကြပါတယ်၊ အဓိပ္ပါယ်မဲ့သော ဖြစ်တည်မှုရေးရာ ပေါက်ကရ‌လေးဆယ်မဟုတ်ပါ) ☠️


ကဲ ဒီလောက်ဆိုရင် ဂိမ်မာများအားလုံးလည်း ဂိမ်းလောကနဲ့ အင်တာနက်တစ်ခွင်မှာ တွေ့မြင်နေရတဲ့ အိဗ်ရဲ့အုတ်အော်သောင်းနင်းဒရာမာများဟာ ဘယ်ကစသလဲ နားလည်လောက်ပါပြီ၊ စာလည်းအတော်အတန်ရှည်ခဲ့ပါြပီ။ ဂိမ်းတစ်ခုအကြောင်းမဟုတ်တာကြောင့် တက်ကြွစွာ ဆက်ပြီးရေးဖို့လည်း စိတ်အားမထက်သန်တော့ပါဘူး၊ ဒါကြောင့်မို့ ဒီနေရာမှာပဲစာစောင်ကို အဆုံးသတ်လိုက်ပါရစေ။ ဖတ်ရှုပေးသူတစ်ယောက်ချင်းစီကို ကျေးဇူးအထူးတင်ရှိပါတယ်။ ‌နောက်အပါတ်မှာဘာအကြောင်းအရာမျိုးတင်ဆက်ပေးသွားမလဲ စောင့်မျှော်နေပေးကြဖို့ပြောကြားရင်း ဂိမ်မာများကို ဒီကနေနှုတ်ဆက်လိုက်ပါတယ်။

Yan

No comments:

Post a Comment