Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Wednesday, April 3, 2024

Resident Evil 8 မှာအားလုံးမြင်ခဲ့ရတဲ့ Chris ဦး‌ဆောင်တဲ့ခွေးဝံပုလွေတပ်ဖွဲ့ (Hound Wolf Squad) ဆိုတာဘာလဲ? ဘယ်သူတွေနဲ့ဖွဲ့စည်းထားလဲ? 🐺

ကဲ အလှည့်ကျပို့စ်လေးနဲ့ပေ့ချ်ကနေ ပြန်လည်နှုတ်ဆက်လိုက်ပါတယ်။ ဒီတစ်ခေါက်မှာတော့ Resident Evil 8 မှာကျွန်တော်တို့နောက်ဆုံးတွေ့ခဲ့ရတဲ့ Chris ဦးဆောင်တဲ့ ခွေးဝံပုလွေတပ်ဖွဲ့အကြောင်း ဂိမ်းချစ်သူများကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ ကြည့်လိုက်တာနဲ့ ချပ်ဝတ်ဆိုက်ဂိုက်အပြည့်နဲ့ စတိုင်သိပ်ကျပြီး Resident Evil လောကထဲမှာ ထိရောက်မှုအရှိဆုံးနဲ့ အထာကျလွန်းတဲ့တပ်ဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ RE လောကထဲမှာ ရက်ကွန်းမြို့ရဲတပ်ဖွဲ့လို၊ ထိပ်သီးနည်းဗျူဟာချကယ်ဆယ်ရေးအဖွဲ့ (S.T.A.R.S) လို၊ ကမ္ဘာလုံးဆိုင်ရာဇီဝအကြမ်းဖက်မှုတိုက်ဖျက်ရေးမဟာမိတ်အဖွဲ့ (B.S.A.A) လို၊ ဇီဝလက်နက်တန်ပြန်စစ်ဆင်ရေးတပ်ဖွဲ့ (U.B.C.S) တို့လို ကြီးမားလှတဲ့ အန္တရာယ်ရန်စွယ်တွေကို ဘတစ်ပြန်ကြားတစ်ပြန် ရင်ဆိုင်နှိမ်နင်းတဲ့အထူးအဖွဲ့တွေဆိုရင် စာရေးသူ သဘောအလွန်ကျပါတယ်။ အဲဒါ Resident Evil မှာမှမဟုတ်ပါဘူး၊ လူဆိုးဖြစ်စေ လူကောင်းဖြစ်စေ တစ်ဖက်နဲ့တစ်ဖက်ထိပ်တိုက်တွေ့ကြတဲ့ ပါလာဒင်တွေလို၊ စစ်သူရဲကောင်းတွေလို အစုလိုက်ဖွဲ့စည်းထားတဲ့ တပ်ဖွဲ့တွေကို အထူးနှစ်ခြိုက်တဲ့စိတ်ဟာ ဟိုးအရင်ကတည်းက ရှိနှင့်နေတာဖြစ်ပါတယ်။ ခေါင်းစဥ်ကိုလည်းဖတ်ပြီးလောက်ပြီမို့ ဒီတစ်ခေါက်မှာတော့ RE စီးရီးရဲ့ မင်းသားတစ်လက်ဖြစ်တဲ့ ခရစ်စ်ကိုယ်တိုင် ကြီးကြပ်ကွပ်ကဲဦးဆောင်ပြီး ပါဝင်တိုက်စစ်ဆင်တဲ့ ခွေးဝံပုလွေတပ်ဖွဲ့ဆိုတာ ဘာလဲ? ဘယ်သူတွေနဲ့ဖွဲ့စည်းထားလဲ? သူတို့ရဲ့ရည်ရွယ်ချက်ကဘာလဲ? အစရှိတာတွေ ဒီပို့စ်မှာစိတ်ဝင်စားဖွယ်ဖော်ြပသွားမှာပါ။ ကဲ အဆင်သင့်ဖြစ်ပြီဆိုရင် အချိန်တွေဆက်မဖြုန်းပဲစလိုက်ကြရအောင်ဗျာ။ ⬇️⬇️

ခွေးဝံပုလွေတပ်ဖွဲ့ (Wolfhound Squad) ဆိုတာ ဘာလဲ? ဘယ်သူတွေပါဝင်ပြီး ဘယ်လိုဖွဲ့စည်းထားလဲ?

ခွေးဝံပုလွေတပ်ဖွဲ့ဆိုပြီးမဖြစ်ခင်က ပါဝင်တဲ့အဖွဲ့သားအားလုံးဟာ ကမ္ဘာလုံးဆိုင်ရာဇီဝအကြမ်းဖက်မှုတိုက်ဖျက်ရေးမဟာမိတ်အဖွဲ့ (B.S.A.A) ရဲ့အထူးတပ်ဖွဲ့ဝင်ဟောင်းများဖြစ်ကြပြီး RE8 ဇာတ်ကြောင်းမတိုင်ခင်မှာ အနှောင်အဖွဲ့ကင်းရှင်းပြီး လွတ်လပ်တဲ့တပ်ဖွဲ့စုတစ်ခုအဖြစ် B.S.A.A လက်အောက်က သီးသန့်ခွဲထွက်လိုက်တာြဖစ်ပါတယ်။ B.S.A.A ဟာ RE7 ရဲ့နောက်ဆုံးဗီလိန်ဖြစ်တဲ့အယ်ဗလင်းကို အချိန်မှီသုတ်သင်ရှင်းလင်းဖို့နောက်ကျခဲ့ပြီး တကယ့်ဖြစ်ရပ်မှန်ကို လူထုဆီမပြန့်နှံ့အောင်ဖုံးဖိခဲ့တဲ့အတွက် ခရစ်စ်အနေနဲ့ သူကိုယ်တိုင်တည်ထောင်ခဲ့တဲ့ မဟာမိတ်အဖွဲ့အပေါ် ပြန်လည်သံသယဝင်လာခဲ့တဲ့နောက် ခွေးဝံပုလွေတပ်ဖွဲ့ဆိုတာ ပေါ်ထွန်းလာခဲ့တာပါ။ B.S.A.A လက်အောက်က ဒီအထူးတပ်ဖွဲ့ခွဲကို ခရစ်စ်ကိုယ်တိုင် လက်ပြောင်းဦးဆောင်ပြီး RE8 ရဲ့အဓိကရန်သူဖြစ်တဲ့ မီရန်ဒါနောက်ကို ထပ်ချပ်မကွာလိုက်လံစုံစမ်းရင်း သုံးနှစ်သုံးမိုးကြာတဲ့အခါ ခွေးဝံပုလွေ (Wolfhound) ဆိုတဲ့နာမည်အသစ်နဲ့ ဒီတပ်ဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့တယ်လို့ မှတ်ယူကြရမှာပါ။ ခရစ်စ်ရဲ့ခွေးဝံပုလွေတပ်ဖွဲ့မှာ ပါဝင်သူတွေကတော့

Chris Redfield (အဖွဲ့ခေါင်းဆောင်)

Rolando Elba (မျက်လုံးဝါ)

Dion Wilson (ညခေါ်သံ)

Charlie Graham (ခွေးစွယ်)

John Perlman (လိုဘို)

Emily Berkhoff (ထွန်ဒရာ) တို့ ခြောက်‌ယောက်ဖြစ်ကြဖြစ်ပါတယ်။ တစ်ဦးချင်းစီဟာ တိုက်ခိုက်ရေး၊ စစ်ဆင်ရေး၊ ဗျူဟာချရေး၊ ထောက်လှမ်းရေးနဲ့ လက်နက်ကိရိယာတပ်ဆင်ရေး အစရှိတဲ့ကဏ္ဍအသီးသီးမှာ အထူးကျွမ်းကျင်သူများဖြစ်ပြီး မတူကွဲပြားတဲ့တာဝန်အမျိုးမျိုးကို ခရစ်စ်ရဲ့အမိန့်အာဏာအောက်မှာ ကျေပွန်အောင်ထမ်းဆောင်ကြပါတယ် 

ခွေးဝံပုလွေတပ်ဖွဲ့ရဲ့ရည်ရွယ်ချက်၊ ခံယူချက်နဲ့ ဖြစ်တည်မှုအနေအထား

နာမည်နဲ့သင်္ကေတတင် တွေ့မြင်ရတာ ထိမိလွန်းတဲ့ခွေးဝံပုလွေအဖွဲ့ဟာ ခရစ်စ်ရဲ့လမ်းပြခေါင်းဆောင်မှုကို အထူးလေးစားအားထားယုံကြည်သူများဖြစ်ကြပါတယ်။ RE လောကထဲမှာ ကျွန်တော်အကြိုက်ဆုံးအမျိုးသားဇာတ်ကောင်ဖြစ်တဲ့ ခရစ်စ်ဟာ သာမန်လူသားတစ်ယောက်ဖြစ်နေပေမယ့် ဇီဝဗိုင်းရပ်စ်နှိမ်နင်းရေး၊ ကာကွယ်ရေး၊ စစ်ဆင်ရေးနဲ့ ကမ္ဘာ့နေရာအနှံ့အပြားက ဇီဝလက်နက်အကြမ်းဖက်မှုများစွာကို အောင်မြင်စွာ အမြစ်ဖြတ်ထိန်းသိမ်းနိုင်ခဲ့တဲ့ အတွေ့အကြုံရှိစစ်သူရဲကောင်းတစ်ယောက်ဖြစ်ပါတယ်။ B.S.A.A ကိုစတင်တည်ထောင်ခဲ့သူဖြစ်တဲ့ ခရစ်စ်ကိုယ်တိုင် စစ်မြေပြင်မှာအတူတိုက်ပွဲဝင်ပြီး အမိန့်ပေးညွှန်ကြားတဲ့ ခွေးဝံပုလွေတပ်ဖွဲ့ဟာ လူနည်းနည်းနဲ့ကျဲကျဲ ဖွဲ့စည်းထားတယ်ဆိုပေမယ့် အခြားသောအဖွဲ့အစည်းကြီးတွေ လူအင်အား၊ ငွေအင်အားများစွာအသုံးပြုပြီး ဖြေရှင်းရတဲ့ ရှုပ်ထွေးနက်နဲသောပြဿနာများကို အသာလေးကိုင်တွယ်နိုင်ပါတယ်။ ခွေးဝံပုလွေတပ်ဖွဲ့ရဲ့ ပင်မရည်ရွယ်ချက်ကို တစ်သီးတသန့်သတ်မှတ်ထားတာမျိုးမရှိသေးပေမယ့် ဇီဝလက်နက်အကြမ်းဖက်မှုကို အသက်ရှင်နေသရွေ့တိုက်ဖျက်လိုတဲ့ ခရစ်စ်ရဲ့အိပ်မက်နဲ့ ရည်မှန်းချက်ဟာ တပ်ဖွဲ့ရဲ့ လက်ရှိလျှောက်လှမ်းနေတဲ့လားရာပါလို့ သုံးသပ်နိုင်ပါတယ်။ အဖွဲ့သားများအားလုံးဟာ B.S.A.A ထွက် အထူးစစ်သားများဖြစ်ကြတဲ့အတွက် သ‌န္ဓေပြောင်းသတ္တဝါများ၊ ဇီဝအကြမ်းဖက်မှုများနဲ့ပတ်သက်ရင် တိုက်ခိုက်ရေးအတွေ့အကြုံများစွာရှိပြီး မီရန်ဒါနဲ့ သခင်လေးယောက် (The Four Lords) တို့အုပ်စိုးတဲ့ ရွာတစ်ရွာလုံးက ဇီဝလက်နက်တွေကို တစ်ကောင်တစ်မြီးမကျန် ဖြိုခွဲရှင်းလင်းခဲ့တာကို ကြည့်ခြင်းအားဖြင့် တော်ရုံတန်ရုံဗိုင်းရပ်စ်ကူးစက်ထားရုံနဲ့တော့ ခွေးဝံပုလွေတပ်ဖွဲ့နဲ့ မျက်နှာချင်းဆိုင်တိုက်ခိုက်ဖို့ မဖြစ်နိုင်ပါဘူး။ ခရစ်စ်ရဲ့ညွှန်ကြားမှုအောက်မှာ တပ်ဖွဲ့တစ်စုလုံးရဲ့ ချိတ်ဆက်လှုပ်ရှားပုံတွေကို RE8 ပြီးခါနီး နောက်ဆုံးတစ်ပိုင်းမှာသာ တွေ့မြင်ရတာကြောင့် အဖွဲ့ဝင်တစ်ယောက်ချင်းစီရဲ့စိတ်နေစိတ်ထား၊ ပုံသဏ္ဏာန်၊ ပြုမူဆက်ဆံပုံနဲ့ စကားပြောဆိုပုံတွေကို သေချာမတွေ့မြင်ရသေးပါဘူး။ လာမယ့် RE9 မှာတော့ ခရစ်စ်အပါအဝင် ခွေးဝံပုလွေတပ်ဖွဲ့ရဲ့ပုံစံအသီးသီးကို ဖော်ထုတ်ပြသသွားမယ်လို့‌တော့ မျှော်လင့်ရပါတယ် 🌙

အဖွဲ့သားတစ်ယောက်ချင်းစီရဲ့နောက်ခံဇာတ်ကြောင်းနဲ့ သူတို့ကျွမ်းကျင်ရာကိုယ်စီ

အဖွဲ့ဝင်လေးယောက်ရှိတဲ့ထဲကမှ ပထမဦးဆုံးအနေနဲ့ ဖော်ြပပေးမယ့်အဖွဲ့ဝင်ကတော့ Rolando Elba (မျက်လုံးဝါ) ဖြစ်ပြီး မျက်လုံးဝါဟာ ခွေးဝံပုလွေတပ်ဖွဲ့ရဲ့လက်ဖြောင့်တပ်သားဖြစ်ပါတယ်။ အ‌ရှေ့ဥရောပမှာရှိတဲ့ အီသန်တို့အိမ်ကို ခရစ်စ်တို့ဖောက်ထွင်းဝင်ရောက်စဥ်မှာ မျက်လုံးဝါကိုယ်တိုင်ပါဝင်ခဲ့ပြီး မျက်လုံးဝါဟာ မော်ဒိုး ကျင်လည်ကျက်စားတဲ့ ရေကန်ကြီးထဲက လျှို့ဝှက်ဓာတ်ခွဲခန်းအနားမှာ ခွေးဝံပုလွေတပ်ဖွဲ့စခန်းခွဲကို တည်ဆောက်ခဲ့သူလည်းဖြစ်ပါတယ်။

ဒုတိယတစ်ယောက်ကတော့ Dion Wilson (ညခေါ်သံ) ဖြစ်ပြီး သူဟာ ဆက်သွယ်‌‌ရေးမှာအထူးကျွမ်းကျင်တဲ့ ခွေးဝံပုလွေအဖွဲ့ဝင်ဖြစ်ပါတယ်။ ညစ်ပတ်စုပ်ပြတ်နေတဲ့ မော်ဒိုးရဲ့ လျှို့ဝှက်ဓာတ်ခွဲခန်းနဲ့ လားလားမှမအပ်စက်တဲ့ ကွန်ပျူတာ၊ စက်ကိရိယာနဲ့ သုတေသနသုံးပစ္စည်းတွေကို အမှတ်မထင်တွေ့လိုက်ရလို့ အံ့သြသွားတဲ့အီသန်ကို အနောက်ကနေသေနတ်နဲ့ချိန်ပြီး “မင်းခေါင်းမမော့လာနဲ့” ဆိုပြီး‌ပြောသူဟာ တခြားသူမှမဟုတ် ညခေါ်သံပါပဲ။

တတိယတစ်ယောက်ကတော့ အဖွဲ့နဲ့အကိုက်ညီဆုံးဇာတ်ကောင်ဖြစ်ပါတယ်။ သူကတော့ Charlie Graham (ခွေးစွယ်) ဖြစ်ပြီး ခွေးဝံပုလွေတပ်ဖွဲ့ဆိုတဲ့အမည်နဲ့ကိုက်တဲ့ နာမည်ကိုပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။ တပ်ဖွဲ့ထဲမှာ “ကေ” ဆိုပြီးလည်းခေါ်ဝေါ်ကြတဲ့ ခွေးစွယ်ဟာ ခရစ်စ်တို့ဆီမရောက်လာခင် အရင်ဘဝက ခွေးများကိုထိန်းသိမ်းမွေးမြုပြီး လေ့ကျင့်ပေးသူလည်းဖြစ်ပါတယ်။ အီသန်နဲ့ ရို့စ်ကိုသယ်ဆောင်လာတဲ့ပေါင်မုန့်ကားကြီး တိမ်းမှောက်သွားအပြီး မကြာခင်မှာ အခင်းဖြစ်ပွားရာနေရာကို ခွေးစွယ်အပါအဝင်အခြားအဖွဲ့သားများ ရောက်ရှိခဲ့ပေမယ့် အသက်ရှင်ကျန်သူတစ်ဦးတစ်ယောက်မှ မတွေ့ရတော့ပါဘူး။  

အခုဖော်ပြပေးမယ့်စတုတ္တတစ်ယောက်ကတော့
John Perlman (လိုဘို) ဖြစ်ပြီး လိုဘိုရဲ့ကျွမ်းကျင်မှုနဲ့ နောက်ခံဇာတ်ကြောင်းကို အတိအကျမသိရသေးပေမယ့် B.S.A.A ထွက်ဖြစ်တာကြောင့် သာမန်စစ်သားများထက်ပိုပြီး တိုက်ခိုက်ရေးအတွေ့အကြုံရှိတယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်။ ရွာထဲမှာရှိတဲ့ဘုရားကျောင်းအတွင်းမှာ ဂိမ်မာအားလုံးတွေ့မြင်ရတဲ့ ကိရိယာပစ္စည်းများဟာ လိုဘို၊ ညခေါ်သံနဲ့ ထွန်ဒရာတို့သုံးယောက် ပြင်ဆင်ထားတဲ့အရာများပဲဖြစ်ပါတယ်။

နောက်ဆုံးပ
ဉ္စမတစ်ယောက်ကတော့ ခွေးဝံပုလွေတပ်ဖွဲ့ထဲမှာ တစ်ဦးတည်းသောမိန်းမသားလည်းဖြစ်ပြန်တဲ့ Emily Berkhoff (ထွန်ဒရာ) ပါပဲ။ ထွန်ဒရာဟာ B.S.A.A ကိုရောက်မလာခင်က မူးယစ်ဆေးဝါးနှိမ်နင်းတိုက်ဖျက်ရေး (D.E.A: Drug Enforcement Administration) ရဲ့အေးဂျင့်တစ်ယောက်ဖြစ်ပြီး B.S.A.A ကတစ်ဆင့် ခွေးဝံပုလွေတပ်ဖွဲ့ထဲ ရောက်လာခဲ့တာဖြစ်ပါတယ်။ ထွန်ဒရာဟာ ရှေ့ပြေးကင်းထောက်အဖြစ် လုပ်ဆောင်တဲ့နေရာမှာအထူးကျွမ်းကျင်သူဖြစ်ပြီး မီရန်ဒါရဲ့အကြံအစည်တစ်ခုလုံးကို ပြန်ကြား‌ထောက်လှမ်းမှုတွေလုပ်ပြီး ခရစ်စ်ကိုပြန်လည်သတင်း‌ပေးပို့ခဲ့ပါတယ်။ ထွန်ဒရာရဲ့ပိရိသေသပ်တဲ့လှုပ်ရှားမှုတွေကြောင့် မီရန်ဒါဘက်ကလက်ဦးမှုမရယူနိုင်ခဲ့ဘဲ ခွေးဝံပုလွေတစ်ဖွဲ့လုံးဟာ ရွာထဲကိုစီးနင်းဝင်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ ‌ထောက်လှမ်းရေးတွေပဲလုပ်နေရလို့ နည်းနည်းလေးတောင်သွေးအေးလာပြီလို့ ထွန်ဒရာရဲ့ပြောကြားမှုကို ခရစ်စ်ကိုယ်တိုင်က မင်းရဲ့အခုလိုလုပ်ရပ်တွေကြောင့်ပဲ မီရန်ဒါရဲ့အကြံအစည်အစအဆုံးကို ငါတို့သိနိုင်ခဲ့တာဆိုပြီး ချီးကျူးတဲ့သဘောနဲ့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဒါတွေကတော့ ခွေးဝံပုလွေတပ်ဖွဲ့မှာပါဝင်တဲ့ အဖွဲ့သားတွေရဲ့သမိုင်းအကျဥ်းချုံးပဲဖြစ်ပါတယ် ☠️

ခရစ်စ်ရဲ့အထင်ရှားဆုံးသောစိတ်ဒဏ်ရာနဲ့ အချိန်ကြာရှည်တည်တံ့ခိုင်မြဲသွားနိုင်ခြေရှိတဲ့ ခွေးဝံပုလွေတပ်ဖွဲ့


ခရစ်စ်မှာသူ့တစ်သက်တာ ဖျောက်ဖျက်မရတဲ့ စိတ်ဒဏ်ရာတစ်ခုရှိနေပါတယ်။ အဲဒီစိတ်ဒဏ်ရာက ဘာလဲဆိုတော့ သူအတိတ်မှာ ဦးဆောင်ခဲ့၊ အမိန့်ပေးညွှန်ကြားခဲ့တဲ့ အဖွဲ့သားများစွာဟာ အကြောင်းတစ်စုံတစ်ရာကြောင့် အမြဲတမ်း မရှုမလှအသက်ဆုံးရှုံးသွားကြတဲ့ အဖြစ်အပျက်တွေပါပဲ။ ရက်ကွန်းမြို့ရဲတပ်ဖွဲ့မှာတာဝန်ထမ်းဆောင်နေချိန်ကဆိုရင်
Spencer Mansion ကြီးအတွင်းမှာ အသက်သေဆုံးခဲ့တဲ့ S.T.A.R.S အဖွဲ့သားတွေ၊ RE5 ဇာတ်ကြောင်းမှာဆိုရင် လျှို့ဝှက်စစ်ဆင်ရေးဆောင်ရွက်နေချိန်မှာ အသက်ကိုစတေးပြီး သူ့ကိုကယ်ခဲ့တဲ့ဂျေးလ်၊ RE6 မှာဆိုရင် ကိုယ့်ကိုယ်ကို တမင်တကာ စီဗိုင်းရပ်စ်နဲ့ထိုးသွင်းပြီး ခရစ်စ်ကို သူ့အသက်နဲ့လဲကယ်ခဲ့တဲ့ B.S.A.A အထူးစစ်ဆင်‌ရေးတပ်သား ပီရဲ၊ RE8 မှာဆိုရင် ရို့စ်၊ မီရာ၊ ခရစ်စ်နဲ့ ခွေးဝံပုလွေတပ်ဖွဲ့တစ်ခုလုံးကို ပျံသန်းလွတ်မြောက်စေခဲ့ပြီး ကိုယ့်ကိုယ်ကို အသေခံဗုံးခွဲသွားတဲ့အီသန် စသဖြင့် ခရစ်စ်ရဲ့အမိန့်ကိုနာခံရင်းဖြစ်စေ၊ လုပ်ဖော်ကိုင်ဖက်မိတ်ဆွေသူငယ်ချင်းဖြစ်စေ၊ တပည့်လက်အောက်ခံဖြစ်စေ၊ စိတ်ရင်းနဲ့ ချစ်ခင်ရင်းနှီးရသူဖြစ်စေ သူ့ပတ်ဝန်းကျင်ကလူတွေဟာ သူ့ကိုချန်ရစ်ခဲ့ပြီး တစ်နည်းမဟုတ်တစ်နည်း အသက်ဆုံးရှုံးသွားကြတတ်တဲ့ သဘာဝရှိပါတယ်။ ဒါတွေဟာ ခရစ်စ်ရဲ့ကြီးမားတဲ့ဇာတ်ကောင်စရိုက်ဖြစ်သလို အားသာချက်လို့လည်းဆိုနိုင်တဲ့ အားနည်းချက်လည်းဖြစ်နေပြန်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီလိုအတိတ်ဆိုးတွေကြောင့်ပဲ ခရစ်စ်ဟာ လက်ရှိအနေအထားထိ ရောက်အောင်အားသွန်ခွန်စိုက် ကြိုးစားခဲ့တာြဖစ်သလို အဲလိုကြေကွဲစရာတွေကိုအသုံးချပြီး ခရစ်စ်ရဲ့ရန်သူတွေကလည်း သူ့နှလုံးသားကို လှည့်ဖြားဖို့ကြံစည်နိုင်ပါတယ်။


RE9 မှာဘာတွေဖြစ်လာမလဲတော့မသိသေးပေမယ့် RE8 မှာတော့ ခွေးဝံပုလွေတပ်ဖွဲ့ကဘယ်သူမှ ကျဆုံးခြင်း၊ ပျောက်ဆုံးခြင်းမရှိတဲ့အတွက် ကံကောင်းတဲ့နိမိတ်လို့တော့ မှတ်ယူနိုင်ပါတယ်။ RE8 ဂိမ်းအဆုံးမှာ B.S.A.A က မီရန်ဒါတို့ရွာကို ဇီဝတပ်သားတွေ စေလွှတ်ခဲ့တဲ့အတွက် ခရစ်စ်ကိုယ်တိုင် ရဟတ်ယာဥ်ပြန်လှည့်ခိုင်းပြီး  B.S.A.A ဥရောပရုံးချုပ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ဦးတည်သွားပါြပီ။ ဘာတွေဆက်ဖြစ်လာမလဲဆိုတဲ့ ပွဲတွေကတော့ကြည့်လို့ကောင်းမှာအသေအချာပါပဲ။ ဒီတော့ ခရစ်စ်ရဲ့အနာဂတ်မှာ ဘယ်လိုအခက်အခဲတွေ တွေ့ကြုံရမလဲ? ခွေးဝံပုလွေတပ်ဖွဲ့ကရော ဘယ်လိုအရေးကြီးတဲ့အခန်းကဏ္ဏတွေမှာ ပါဝင်လာမလဲ? နောက်ကြုံတွေ့ရမယ့် ရန်သူကရော ဘယ်သူများဖြစ်နိုင်မလဲဆို ကျွန်တော်တို့ RE ချစ်သူများက စိတ်ရှည်ရှည်ထားပြီးစောင့်ကြည့်ရတော့မှာပါ။ ကဲ အားလုံးကို စိတ်ဝင်စားဖို့ကောင်းတဲ့ RE လောကထဲက ခွေးဝံပုလွေတပ်ဖွဲ့နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ နောက်လာမယ့်စာစောင်တွေမှာလဲ ဘာတွေပါလာမလဲဆိုတာ စောင့်မျှော်ပေးရင်း ဂိမ်းချစ်သူများကိုတစ်ဖန်ပြန်ပြီး နှုတ်ဆက်ခဲ့ပါရစေ။ ဖတ်ရှုပေးသူများအားလုံးကို ‌ကျေးဇူးအထူးတင်လျက် ✍️

Yan

No comments:

Post a Comment