Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Friday, July 7, 2017

ဇာတ်လမ်းအစအဆုံးကိုအနှစ်ချူပ်ပေါင်းစည်းထားတဲ့ Naruto Ultimate Ninja Strom: Legacy


Naruto ဆိုတဲ့ဇာတ်ကောင်နဲ့ ဘယ်သူ့ကိုမှအထူးတလည်ပြန်ပြီး မိတ်ဆက်ပေးစရာလိုမယ်မထင်ပါဘူး။ ဂျပန်ကာတွန်းဆရာ Masashi Kishimoto ရေးဆွဲပြီး ၁၉၉၆ ခုနှစ်ကတည်းကထွက်ရှိခဲ့တဲ့ နင်ဂျာကာတွန်းဇာတ်လမ်းတွဲ Naruto ရဲ့အောင်မြင်ကျော်ကြားမှုဟာ ကမ္ဘာနဲ့အဝှမ်းအံ့မခန်းပါပဲ။ ဟုန်းဟုန်းတောက်ခဲ့တဲ့ အောင်မြင်ကျော်ကြားမှုကိုလိုက်ပြီး Naruto ဆိုတဲ့နာမည်အောက်ကနေ ကုန်ပစ္စည်းတွေ၊ အသုံးအဆောင်တွေ၊ အဝတ်အစားတွေ အစရှိတာတွေကိုတောင် ထုတ်လုပ်ဖြန့်ချိရောင်းချခဲ့ကြပါတယ်။ ၂၀၀၀ ခုနှစ်မှာ 2D ရုပ်ထွက်အမြင်နဲ့စတင်ခဲ့တဲ့ ပထမဦးဆုံး Naruto ဂိမ်းဟာ နင်ဂျာဇာတ်ကောင်တွေနေရာမှာ ကိုယ်တိုင်ကိုယ်ကျဝင်ရောက်တိုက်ခိုက်တဲ့ရသမျိုး ပေးစွမ်းခဲ့လို့ ပရိသတ်တွေကအတိုင်းအတာတစ်ခုထိအားပေးခဲ့ကြပါတယ်။ ၂၀၀၉ ခုနှစ်မှာတော့ Cyberconnect2 နဲ့ Bandai Namco တို့ပူးပေါင်းပြီး အလျားလိုက်အမြင်မဟုတ်ပဲ လွတ်လပ်တဲ့ရုပ်လုံးဖော်သုံးဖက်အမြင်နဲ့ Naruto: Ultimate Ninja Storm ဂိမ်းကို Playstation 3 ပလက်ဖောင်းမှာ စတင်ဖြန့်ချိခဲ့ရာကနေ တစ်ဟုန်ထိုးဆိုသလို ဂိမ်မာတွေအပြင်၊ Naruto ကြိုက်ပရိသတ်တွေရဲ့ အားပေးအသိအမှတ်ပြုမှုကို တစ်ခဲနက်ရရှိလာခဲ့ပါတယ်။ ဇာတ်ကြောင်းရဲ့ကဏ္ဍအသီးသီးကို ဂိမ်းအနေနဲ့ပြန်လည်သရုပ်ဖော်ထားတဲ့ Ultimate Ninja Storm လို့ပြောရလောက်တဲ့အထိ စီးရီးနဲ့ဂိမ်းတစ်တွဲတည်းထိုးဖေါက်အောင်မြင်သွားခဲ့ပါတယ်။ အဲဒီကနေစပြီး ၂၀၁၀ မှာ Naruto: Ultimate Ninja Storm 2, ၂၀၁၃ နဲ့ ၂၀၁၄ မှာ Naruto: Ultimate Ninja Storm 3 နဲ့ 4 အစရှိတဲ့နောက်ဆက်တွဲခွေကို ဆက်တိုက်ဖန်တီးထုတ်လုပ်သွားခဲ့ရာကနေ အခုဆိုရင် Naruto Shippuden: Ultimate Ninja Storm 4 ဆိုတဲ့နောက်ဆုံးဂိမ်းကို Road to Boruto expension အသစ်နဲ့ထွက်ရှိထားတဲ့အပြင် Naruto Shippuden ဇာတ်လမ်းကြီးပြီးဆုံးလို့ Naruto ရဲ့သားဖြစ်သူ Boruto ကိုပါပရိသတ်မာျးက တီဗီဖန်သားပြင်ပေါ်မှာတွေ့မြင်နေကြရပါပြီ။




Naruto ဇာတ်လမ်းကြီးပြီးဆုံးသွားလို့ Ninja Storm ဂိမ်းတွေပါအဆုံးသတ်သွားပြီလို့ထင်မှတ်နေကြတဲ့ ပရိသတ်များအတွက် မျှော်လင့်ချက်တွေအရောင်ပြန်တောက်လာစေမယ့် သတင်းထူးရှိနေပါတယ်။ အဲဒါကတော့ ထွက်ရှိခဲ့သမျှ Ninja Storm ဂိမ်းလေးခွေလုံးကို တစ်စုတစည်းတည်းပေါင်းစည်းပြီး Naruto Ultimate Ninja Storm: Legacy အဖြစ်ထွက်ရှိလာမယ်လို့ မကြာသေးမှီကမှ Bandai Namco ကနေပြီး ပရိသတ်တွေကိုပြောပြခဲ့လို့ပါပဲ။ သြဂုတ်လ ၂၅ ရက်နေ့မှာ ထွက်ရှိလာမယ်လို့ Twitter မှာတရားဝင်ကြေညာခဲ့တဲ့ Naruto Ultimate Ninja Storm: Legacy ဟာ ပိုမိုအဆင့်မြှင့်တင်လိုက်တဲ့ရုပ်ထွက်ဂရပ်ဖစ်နဲ့ ပင်မဇာတ်ကြောင်းအစကနေအဆုံးအပေါ်မှာ နာရီပေါင်းရာကျော်ဆော့ကစားရမှာဖြစ်ပြီး ဝတ်စုံအသစ်တွေ၊ မစ်ရှင်အသစ်တွေ၊ လက်ရှိဇာတ်လမ်းရဲ့ဇာတ်ကောင်သစ်များကိုပါ ကိုယ်တိုင်ကိုယ်ကျကိုင်တွယ်ဆော့ကစားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ Ninja Storm ဂိမ်းဟောင်းတွေအနေနဲ့လည်း ပြီးပြည့်စုံတဲ့အမြင်အာရုံခံစားမှုကို ပေးစွမ်းဖို့အတွက်1080p အထိတိုးမြှင့်ထားတဲ့ edition များထွက်ရှိခဲ့ပြီးပါပြီ။



Naruto Ultimate Ninja Storm: Legacy ဟာထွက်ရှိခဲ့သမျှ Storm အခွေအားလုံးကို စုစည်းအချောသတ်ပြီး သေသပ်ပြောင်မြောက်စွာဖန်တီးထားတဲ့ခွေဖြစ်တာကြောင့် နောက်ဆုံး remastered ခွေလို့တောင် သုံးသပ်နိုင်ပါတယ်။ အမြီးကိုးချောင်းမြေခွေး Kyuubi (九尾) ကြီး Konoha ရွာကိုဝင်ရောက်ဖျက်ဆီးတဲ့နေရာကနေ ဟိုးနောက်ဆုံး Kaguya ကိုနှိမ်နင်းလိုက်တဲ့အထိ ဇာတ်ကြောင်းထည့်သွင်းထားတာမို့ Naruto ဇာတ်လမ်းတွဲနဲ့မရင်းနှီးသူများ၊ Ninja Storm ဂိမ်းလည်းမဆော့ဖူးသူများအနေနဲ့တောင် ဒီတစ်ခွေကိုဆော့ကစားပြီး Naruto ဇာတ်လမ်းနဲ့နင်ဂျာလောကအကြောင်းကို လုံးစေ့ပတ်စေ့ သိရှိသွားနိုင်ပါတယ်။ Naruto Ultimate Ninja Storm: Legacy ဟာ Playstation 4, Xbox One နဲ့ PC ပလက်ဖောင်းတို့မှာ အသီးသီးထွက်ရှိသွားမှာပါ။ ဒီဂျစ်တယ်ဗားရှင်းအနေနဲ့ ပွဲထွက်မယ့်အပြင် Physical ဗားရှင်းအနေနဲ့လည်းထွက်ရှိမှာဖြစ်ပြီး Physical ဗားရှင်းဝယ်ယူသူများအဖို့ ဂိမ်းအခွေ၊ အသွင်ပြောင်းပုံစံလေးမျိုးလေးစားပါဝင်တဲ့ Naruto စတီးစာအုပ်၊ Boruto အထူးကာတွန်းဇာတ်လမ်းခွေ၊ ရုပ်ပုံပန်းချီစာအုပ်နဲ့ Storm 4 အခွေတို့ကို ပူးတွဲပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ Legacy အခွေနဲ့အတူ Naruto Ultimate Ninja Storm 1, 2, 3 နဲ့ Full Burst တို့ပေါင်းထားတဲ့ Trilogy အခွေဟာလည်း တစ်ရက်တည်းမှာ ထွက်ရှိမှာဖြစ်ပြီး Trilogy ကတော့ ဒီဂျစ်တယ်ဗားရှင်းအဖြစ်နဲ့သာထွက်ရှိသွားမှာပါ။ ဒီတော့ Naruto ဇာတ်လမ်းတစ်ခုလုံးကိုသိရှိရမှာဖြစ်ပြီး ကိုယ့်စိတ်ကြိုက်နင်ဂျာဇာတ်ကောင်တွေအဖြစ်နဲ့ ပါဝင်ဆော့ကစားနိုင်မယ့် Naruto Ultimate Ninja Storm: Legacy ခွေကို ရယူပိုင်ဆိုင်ချင်တဲ့သူများအဖို့ အချိန်တစ်လပဲ စောင့်ဖို့လိုပါတော့တယ်ဆိုတဲ့အကြောင်းကို ဒီကနေတဆင့်သတင်းကောင်းပါးပြီး ပြန်လည်မျှဝေလိုက်ရပါတယ်။



Naruto Ultimate Ninja Strom: Legacy
Yan (7.7.2017)
Ref: Comicverse, Wiki, n3rdabl3, trueachievements

No comments:

Post a Comment