Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Tuesday, October 10, 2017

ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ဒိုင်နိုဆောဥယျာဉ်မြို့တော်ကြီးကို ကိုယ့်စိတ်ကြိုက်တည်ဆောက်ခွင့်ရမယ့် Jurassic World Evolution


အမျိုးအစားပေါင်းစုံလှတဲ့ဒိုင်နိုဆောတွေ၊ ကမ္ဘာဦးခေတ်တိရစ္ဆာန်မျိုးနွယ်တွေနဲ့ မိုးပေါ်မှာပျံသန်းနေတဲ့ရှုးပျံကြီးတွေကို မျက်ဝါးထင်ထင်တွေ့မြင်ရမယ့် Jurassic Park စီးရီးကို အားလုံးကမှတ်မိကြမယ်ထင်ပါတယ်။ Jurassic Park ဟာ ထိန်းသိမ်းမှုအောက်ကနေလွတ်မြောက်သွားတဲ့ဒိုင်နိုဆောတွေတဆင့် လူသားတွေအပေါ်ကျရောက်လာမယ့် အနာဂတ်ရဲ့အန္တရာယ်ရန်စွယ်ကို ကျောရိုးခံထားတဲ့အမေရိကန်သိပ္ပံဝတ္တုပဲဖြစ်ပါတယ်။ Universal စတူဒီယိုဟာ Jurassic Park မူရင်းဝတ္တုရဲ့ လုပ်ပိုင်ခွင့်တွေကို ၁၉၉၀ ခုနှစ်က ဝယ်ယူခဲ့ပြီး ၁၉၉၃ ခုနှစ်မှာတော့ Jurassic Park ရုပ်ရှင်ဇာတ်ကားအဖြစ် ဖန်တီးအသက်သွင်းခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်ရဲ့ Jurassic Park ရုပ်ရှင်ဟာ နောက်ဆက်တွဲသုံးခွေအထိထွက်ရှိခဲ့ပြီး လက်ရှိအချိန်မှာတောင် ငွေကြေးသုံးစွဲမှုအများဆုံးရုပ်ရှင် နံပါတ် ၁၇ မှာရပ်တည်နေပါတယ်။ ထွက်ရှိခဲ့တဲ့အချိန်ကစပြီး ကမ္ဘာနဲ့အဝှမ်း ပရိသတ်ပေါင်းများစွာရရှိခဲ့တဲ့ Jurassic Park ရုပ်ရှင်စီးရီးဟာ ဝတ္တု၊ ကာတွန်းရုပ်ပြဇာတ်လမ်းနဲ့ ရုပ်ရှင်ဇာတ်ကားတင်မကပဲ ဂိမ်းအနေနဲ့လည်း ဒိုင်နိုဆောများရဲ့စိတ်ကူးယဉ်လောကကို ပုံဖော်အသက်သွင်းခဲ့ဖူးပါတယ်။ ရုပ်ရှင်လောကမှာနာမည်တစ်လုံးနဲ့ရပ်တည်နိုင်နေတဲ့ စီးရီးဖြစ်ပေမယ့် ၂၀၀၃ ခုနှစ်နဲ့ ၂၀၁၁ ခုနှစ်တုန်းက အသီးသီးထွက်ရှိခဲ့ကြတဲ့ Jurassic Park: Operation Genesis နဲ့ Jurassic Park: The Game ဂိမ်းတို့ဟာ ဂိမ်းဈေးကွက်မှာထင်သလောက် အကျိုးသက်ရောက်မှုမဖြစ်ထွန်းခဲ့ပါဘူး။ လွန်ခဲ့တဲ့နှစ်နှစ် ၂၀၁၅ ခုနှစ်မှာ Jurassic World ဇာတ်ကားသစ်နဲ့ရုပ်ရှင်လောကကို တစ်ကျော့ပြန်လည်ရောက်ရှိလာတဲ့ Jurassic Park စီးရီးဟာ မကြာတော့တဲ့အချိန်ကာလမှာ Jurassic Park စီးရီးဂိမ်းသစ်ကို ထုတ်ပေးတော့မှာဖြစ်တဲ့အကြောင်းကို တရားဝင်ထွေလာနဲ့အတူအတိအလင်းကြေညာသွားခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်ကနေအခု ၂၀၁၇ အထိ ငါးနှစ်တာကာလအတွင်းမှာ ဂိမ်းနဲ့ပတ်သက်တဲ့သတင်းအစအန တစ်ခုမှမကြားခဲ့ရတဲ့ Jurassic Park စီးရီးဟာ အခုအချိန်မှာတော့ Jurassic World Evolution ဆိုတဲ့အမည်နဲ့ ဂိမ်းအသစ်တစ်ခုထွက်ရှိလာတော့မှာဖြစ်ပါတယ်။ ဒီတော့အချိန်တော်တော်ကြာပျောက်နေတဲ့ Jurassic Park ရဲ့နောက်လာမယ့်ဂိမ်းသစ်ဟာ ဘယ်လိုဂိမ်းမျိုးလဲ? လူသားမျိုးနွယ်ကိုအန္တရာယ်ပေးမယ့် ဒိုင်နိုဆောတွေ၊ ဂေါ်ဇီလာတွေနဲ့ရော ဘယ်လိုမျိုးရင်ဆိုင်ကြုံတွေ့ရမလဲ? ဂိမ်းကိုစောင့်ဆိုင်းဖို့ရောသင့်ရဲ့လား? အစရှိတာတွေကို စုစည်းပြီး ဂိမ်မာများအားလုံးသိရှိနိုင်စေဖို့ ဒီကနေတင်ပြလိုက်ရပါတယ်။

၂၀၁၅ ခုနှစ်က Jurassic World ရုပ်ရှင်ဇာတ်လမ်းကို အခြေခံထားတဲ့ဇာတ်အိမ်

Jurassic World ဇာတ်ကားကိုကြည့်ဖူးသူများအဖို့ ကမ္ဘာဦးမျိုးစိတ်ဂေါ်ဇီလာတွေ၊ ဒိုင်နိုဆောတွေနဲ့ အခြားရှားပါးသတ္တဝါတွေဟာ လူသားတွေနေထိုင်ရာကမ္ဘာမြေကို ဘယ်လောက်ထိအန္တရာယ်ပေးနိုင်ကြောင်း အတိုင်းသားတွေ့မြင်ခဲ့ရပြီးပါပြီ။ အခု Jurassic World Evolution ဂိမ်းရဲ့ဇာတ်အိမ်ဇာတ်ကြောင်းနဲ့ပတ်သတ်ပြီး များများစားစားမသိရှိရသေးပေမယ့် ၂၀၁၅ ခုနှစ်ကထွက်ရှိခဲ့တဲ့ Jurassic World ရုပ်ရှင်ကို အခြေခံထားတယ်ဆိုတာကိုတော့ Frontier Developments က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၈ မှာထွက်ရှိမယ့် Jurassic Park စီးရီးရဲ့ဇာတ်ကားသစ်ဖြစ်တဲ့ Jurassic Park: Fallen Kingdom ထွက်လာမယ့်ကာလနဲ့ ကိုက်ညှိပြီး ဂိမ်းကိုအချိန်ကိုက်ထုတ်ပေးမှာဖြစ်ကြောင်းလည်း သိရပါတယ်။

ဂိမ်းဇာတ်အိမ်တည်ရာ Isla Nubar ကျွန်းနဲ့ကော်စတာရီကာကမ်းရိုးတန်းတစ်လျှောက်

Jurassic Park စီးရီးရဲ့ပရိသတ်များကိုတော့ Isla Nubar ကျွန်းစုနဲ့ အထူးတလည်မိတ်ဆက်ပေးစရာလိုမယ်မထင်ပါဘူး။ Isla Nubar ကျွန်းဟာ Jurassic Park စီးရီးကြီးဖြစ်တည်ရာ အမေရိကန်ပြည်ထောင်စုအတွင်းက စိတ်ကူးယဉ်ကျွန်းတစ်ကျွန်းဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်ကတည်းကစပြီး ၂၀၁၅ ခုနှစ်အထိ ခုနှစ်အလိုက်ထွက်ရှိခဲ့တဲ့ Jurassic Park ဝတ္တုဇာတ်လမ်း၊ ကာတွန်းရုပ်ပြနဲ့ ရုပ်ရှင်ဇာတ်ကားတွေအားလုံးဟာ Isla Nubar ကျွန်းမှာပဲ ဇာတ်အိမ်တည်ထားကြတာပါ။ အဲဒီကျွန်းကြီးကနေ အနောက်ဘက်ကော်စတာရီကာကမ်းရိုးတန်းတစ်လျှောက်ဟာ မြောက်မြားစွာသော ကမ္ဘာဦးမျိုးစိတ်သတ္တဝါများ ပျော်မွေ့စွာကျင်လည်ကျက်စားတဲ့နေရာဖြစ်ပါတယ်။ Isla Nubar ကျွန်းကနေ ကော်စကာရီတာကမ်းရိုးတန်းအထိဆိုရင် မိုင်ပေါင်း ၁၂၀ ကျယ်ပြန့်ပြီး Isla Nubar ကျွန်းတစ်ခုလုံးဟာ အရွယ်အစားမတူတဲ့တောင်တန်းတွေ၊ မြေပြန့်ဒေသကွင်းပြင်ကျယ်ကြီးတွေနဲ့ အပူပိုင်းမိုးသစ်တောတွေမြောက်မြားစွာပေါက်ရောက်နေတဲ့ စိတ်ကူးယဉ်ကျွန်းတစ်ကျွန်းဖြစ်ပါတယ်။


ကိုယ့်စိတ်ကြိုက်ဖန်တီးတည်ဆောက်နိုင်မယ့် ကိုယ်ပိုင်ဒိုင်နိုဆောဥယျာဉ်မြို့တော်

EA ကထွက်ရှိခဲ့တဲ့ Sim City ဂိမ်းကို အားလုံးကမှတ်မိကြမှာပါ။ အဲဒီဂိမ်းမှာမြေပုံတစ်ခုကနေတဆင့် ခေတ်မှီတိုးတတ်ပြီး လူတွေစည်းကားသိုက်မြိုက်တဲ့ မြို့ကြီးတစ်မြို့ဖြစ်သွားအောင် ဂိမ်မာတွေကတဆင့်ချင်းစီ တည်ဆောက်ကြရတာပါ။ ဂိမ်မာတွေရဲ့ငယ်စဉ်ဘဝမှာ Sim City ဂိမ်းကိုဆော့ပြီး ကိုယ်ပိုင်မြို့တွေကိုတည်ဆောက်ခဲ့ကြဖူးမှာ မလွဲမသွေပါပဲ။ အခုဒီ Jurassic World Evolution ဂိမ်းမှာ အဲဒီလိုအတိတ်ကအငွေ့အသက်တွေကို ပြန်လည်ခံစားရစေမယ့်အပြင် ဂေါ်ဇီလာတွေ၊ ဒိုင်နိုဆောတွေနဲ့ပြည့်နှက်နေတဲ့ လှပရှုမောဖွယ်ဥယျာဉ်ကြီးကို ကိုယ့်စိတ်တိုင်းကျတည်ဆောက်ခွင့်ပေးထားပါတယ်။ ဒီတော့ ကိုယ်ပိုင်တဲ့ဒိုင်နိုဆောဥယျာဉ်ကို ဘယ်လိုမျိုးအကြံဉာဏ်၊ စိတ်ကူးစိတ်သန်းတွေနဲ့ တည်ဆောက်မလဲ? အားလုံးထဲကကွဲထွက်အောင် ဘယ်လိုမျိုးဖန်တီးမလဲ? ကိုယ်ဟာကိုယ့်ဒိုင်နိုဆောဥယျာဉ်ရဲ့ အင်ဂျင်နီယာတစ်ယောက်ဖြစ်ပါတယ်။



သိပ္ပံဓါတ်ခွဲခန်းတွေကနေတဆင့် သုတေသနလုပ်ပြီး ဒိုင်နိုဆောမျိုးစိတ်သစ်တွေဖန်တီးနိုင်မယ်

ကမ္ဘာဦးမျိုးစိတ်သတ္တဝါတွေကို စိတ်တိုင်းကျ အကျအနဖန်တီးဖို့ ဂိမ်မာတွေအားလုံး စိတ်ကူးဖူးကြမှာပါ။ အခုဒီဂိမ်းမှာ ကိုယ်ဟာကိုယ့်ဒိုင်နိုဆောဥယျာဉ်ကြီးကို ဖွံဖြိုးတိုးတက်အောင်လုပ်ရမယ့် တစ်ဦးတည်းသောအင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့အပြင် သမိုင်းတွင်ကျန်ရစ်မယ့် သုတေသနတွေကိုလုပ်ရမယ့် သိပ္ပံပညာရှင်တစ်ဦးလည်းဖြစ်နေပြန်ပါတယ်။ ဒီဂိမ်းမှာ ရှိနှင့်ပြီးသားသတ္တဝါမျိုးစိတ်တွေကိုပေါင်းစည်းပြီး ထူးကဲတဲ့ဂုဏ်သတ္တိတွေနဲ့ သတ္တဝါမျိုးစိတ်သစ်တွေကို လွတ်လပ်စွာဖန်တီးနိုင်မှာပါ။ အဲဒီအတွက် သိပ္ပံဓါတ်ခွဲခန်းတွေတည်ဆောက်ဖို့ လိုအပ်သလို မျိုးစပ်စမ်းသပ်မယ့်ဒိုင်နိုဆောတွေကို ထိန်းသိမ်းထားဖို့အတွက် အားကောင်းတဲ့လုံခြုံရေးစနစ်၊ ထိန်းသိမ်းရေးစက်ရုံတွေကိုလည်း တည်ဆောက်ရဦးမှာပါ။ ဒါတွေတင်မက လာရောက်လည်ပတ်တဲ့ပြည်သူတွေကို ဆွဲဆောင်နိုင်ဖို့ အပန်းဖြေနေရာတွေနဲ့ မြို့ပြအင်္ဂါရပ်ကိုပါ ထပ်ဆောင်းဖြည့်စွက်သွားရဦးမှာဖြစ်ပါတယ်။ Jurassic World Evolution ဂိမ်းဟာ ဂိမ်မာတွေစိတ်ကူးဖူးထားသမျှ၊ ဆန္ဒရှိသမျှ အရာတွေအားလုံးကို တစ်စုတစည်းတည်းနဲ့ ဖြည့်ဆည်းပေးလိုက်သလိုပါပဲ။



ဆော့နိုင်မယ့်ပလက်ဖောင်းတွေ၊ ဂိမ်းထွက်ရှိမယ့်ရက်နဲ့ အနှစ်ချူပ်


၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့က ကျင်းပခဲ့တဲ့ Gamescom ပွဲမှာ Jurassic World Evolution ဂိမ်းကို တရားဝင်ကြေညာခဲ့တာပဲဖြစ်ပါတယ်။ အောက်တိုဘာလ ၇ ရက်နေ့၊ လတ်တလောကမှပြီးဆုံးသွားတဲ့ Frontier Expo ပွဲမှာ ဂိမ်းတွင်းလုပ်ဆောင်ချက်တချို့နဲ့ အဓိကဆော့ကစားရမယ့်ဂိမ်းပုံစံတို့ကို ၁၇ မိနစ်စာဗီဒီယိုနဲ့အတူ ပြသခဲ့ပြီးပါပြီ။ ပလက်ဖောင်းတွေအနေနဲ့ PC, PS4 နဲ့ Xbox One တို့မှာ ဆော့ကစားနိုင်မှာဖြစ်ပြီး ၂၀၁၈ နွေရာသီတဝိုက်မှာ ထွက်ရှိလာမယ်လို့ သိရှိရပါတယ်။ Jurassic Park ဆိုရင် ပရိသတ်တွေက ဒိုင်နိုဆောတွေ၊ ဂေါ်ဇီလာတွေနဲ့ တိုက်ခိုက်တာတွေ၊ အသက်လုပြေးရတာတွေ၊ ရင်ဖိုဖို့ကောင်းတဲ့အက်ရှင်ခန်းတွေကိုပဲ ပြေးမြင်ကြတာပါ။ ဒါပေမယ့် ဒီအခွေမှာတော့ Frontier Developments က အားလုံးအံ့အားသင့်သွားအောင် ချပြလိုက်ပါပြီ။ ဒီဂိမ်းကိုဆော့ဖို့ ဂိမ်မာတွေက အင်ဂျင်နီယာတစ်ယောက်လိုထက်မြက်တဲ့ ဆောက်လုပ်ရေးအိုင်ဒီယာတွေ၊ သိပ္ပံပညာရှင်တစ်ယောက်ရဲ့ နက်နဲတဲ့ဗဟုသုတတွေအပြင် မြို့ပြဥယျာဉ်ကြီးတစ်ခုကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာကိုသိရှိပြီး လစ်ဟင်းလိုအပ်နေတာတွေကို ဖြည့်စွက်သွားရမှာပါ။ Jurassic World Evolution ရဲ့ဂိမ်းကစားမှုပုံစံနဲ့ ဂိမ်းဖန်တီးထားတဲ့ပုံစံဟာ အားလုံးကကွဲထွက်ပြီး ဂိမ်မာတွေကိုစိတ်ကျေနပ်မှုအပြည့်အဝပေးစွမ်းနိုင်မယ်လို့ မျှော်လင့်ရင်း ၂၀၁၈ နွေရာသီကို ဂိမ်မာများအားလုံးနဲ့အတူစောင့်မျှော်နေကြောင်း ဒီကနေပြောလိုက်ရပါတယ်။


Yan
Ref: theverge, wiki, polygon, thestar

No comments:

Post a Comment