Kratos (God Of War)
Kratos ဟာဒီစာရင်းထဲမှာပါလာလိမ့်မယ်လို့ အားလုံးကကြိုတွက်ပြီးသားဖြစ်ရင်ဖြစ်မှာပါ။ ဟုတ်ပါတယ်၊ စပါတန်စစ်သူကြီးဟောင်းတစ်ယောက်လည်းဖြစ်တဲ့ Kratos ဟာ အိုလံပီယာနတ်ဘုရားများရဲ့ ဘုရင်ဖြစ်သူ ဇူးစ်ရဲ့သွေးပါတဲ့ နတ်လူတစ်ယောက်လည်းဖြစ်ပါတယ်။ Kratos ကို ၂၁ ရာစုရဲ့အစွမ်းအထက်ဆုံးဂိမ်းဇာတ်ကောင်တစ်ကောင်လို့တောင် တင်စားနိုင်ပါတယ်။ ဘယ် God Of War ဂိမ်းကို ကစားခဲ့ဖူးသူတွေမဆို Kratos ရဲ့ နတ်ဘုရားဆန်တဲ့ခွန်အားနဲ့ ထက်မြက်တဲ့ရဲစွမ်းသတ္တိတွေကို တွေ့မြင်ရမှာပါပဲ။ သမိုင်းတစ်လျှောက်မှာ Kratos ဟာ များပြားလှတဲ့ရန်သူ့စစ်တပ်တွေ၊ လူရိုင်းတွေ၊ နတ်ဆိုးမကောင်းဆိုးရွားတွေ၊ ဒဏ္ဍာရီမှော်ဝင်သတ္တဝါတွေ၊ နတ်ဘီလူးတွေနဲ့ အိုလံပီယာနတ်ဘုရားတွေအားလုံးနဲ့ ချွပ်ချွပ်ခြုံခြုံတိုက်ခိုက်ခဲ့ပြီး မျက်တောင်တစ်ချက်မခတ်ပဲ သူတို့ရဲ့ ဇီဝိန်ကိုချွေခဲ့တာပါ။ စစ်သမိုင်းတစ်လျှောက်မှာ သူသတ်ခဲ့တဲ့လူတွေရဲ့သွေးတွေဟာ သူ့ရဲ့ခန္ဓာကိုယ်မှာ သွေးစီးကြောင်းကြီးသဖွယ် ထင်ရှားစွာရစ်ပတ်နေပြီး နတ်မီးလျှံတွေတောက်ပနေတဲ့ Blades Of Anthena ဓားနှစ်လက်ကို မြဲမြံစွာဆုပ်ကိုင်ထားတာဟာ Kratos ရဲ့ပြယုဂ်ပုံစံပါပဲ။ Kratos ဟာဘာဖြစ်လို့ အစွမ်းအထက်ဆုံးဇာတ်ကောင်ဖြစ်နေရသလဲဆိုတော့ သူရင်ဆိုင်ရသမျှရန်သူတွေဟာ နတ်ဘုရားတွေကြီးဖြစ်တဲ့အပြင် ငရဲပြည်၊ နတ်ဆိုးတိုင်းပြည်နဲ့ အိုလီပီယာနတ်ပြည်ကိုအုပ်စိုးတဲ့ အစွမ်းထက်သူတွေအားလုံးကို နှိမ်နင်းခဲ့လို့ပါ။ Kratos ရဲ့အစွမ်းခွန်အားကြီးမားမှုတွေ ပြောရင်တော့ကုန်နိုင်မှာမဟုတ်တဲ့အတွက် အစွမ်းထက်ဆုံးဇာတ်ကောင်ဂိမ်းဇာတ်ကောင်တစ်ကောင်အဖြစ် ဒီစာရင်းထဲမှာထည့်သွင်းလိုက်ရပါတယ်။
Vergil (Devil May Cry Series)
Devil May Cry ဂိမ်းဟာ လူသားမျိုးနွယ်ကို နတ်ဆိုးတွေသိမ်းယူကျွန်ပြုခြင်းကနေပြီး ကယ်တင်ခဲ့တဲ့နတ်ဆိုးဘုရင် Sparda နဲ့ သူ့ရဲ့မျိုးဆက်ဖြစ်တဲ့ နတ်ဆိုးတစ်ပိုင်း၊ လူတစ်ပိုင်းအမြွာညီအစ်ကိုနှစ်ယောက်ရဲ့ဇာတ်ကြောင်းကို မီးမောင်းထိုးထားတဲ့ဂိမ်းဖြစ်ပါတယ်။ နတ်ဆိုးဘုရင် Sparda ဟာလူသားဖြစ်သူ Eve နဲ့ချစ်ကျွမ်းဝင်ရာကတဆင့် Dante နဲ့ Vergil ဆိုတဲ့ လူသားအမြွာညီအစ်ကိုနှစ်ဦးကို ကမ္ဘာမြေပေါ်မှာဖွားမြင်ခဲ့ပါတယ်။ အဲဒီထဲမှာမှ Vergil ဟာ Dante ရဲ့အစ်ကိုဖြစ်ပြီး ညီဖြစ်သူ Dante နဲ့ငယ်စဉ်ကတည်းက ဝေးကွာသွားခဲ့ကြတာပါ။ ငယ်စဉ်အရွယ်မှာအမြွာညီအစ်ကိုဖြစ်ပေမယ့်လည်း ကြီးပြင်းလာတဲ့အချိန်မှာတော့ စိတ်နေစိတ်ထားဗီဇတွေက လုံးဝကွဲပြားသွားပါတယ်။ Dante ဟာငယ်ရွယ်ပြီးဟော့ဟော့ရမ်းရမ်းနိုင်သလောက် Vergil ဟာတည်ငြိမ်တယ်၊ သွေးအေးတယ်၊ ဗဟုသုတကိုဆည်းပူးတယ်၊ သူ့ရဲ့ခန္ဓာကိုယ်ထဲမှာစီးဆင်းနေတဲ့နတ်ဆိုးဗီဇကို လူသားဗီဇထက်ရှေ့တန်းတင်တဲ့ ရက်စက်တဲ့ဇာတ်ကောင်တစ်ယောက်လည်းဖြစ်ပါတယ်။ ဂိမ်းစီးရီးတစ်လျှောက်မှာ Vergil ဟာလူသားတွေဘက်ကရပ်တည်တဲ့ Dante နဲ့အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြပေမယ့် ညီဖြစ်သူ Dante အပေါ်မှာ နက်ရှိုင်းတဲ့အစ်ကိုတစ်ယောက်ရဲ့ အချစ်ရှိနေပါတယ်။ Vergil ဟာဂျပန်ဆာမူရိုင်းဓါးအသွင်ရှိတဲ့ Yamato ဓါးကို လက်နက်အဖြစ်ကိုင်ဆောင်ပြီး ညီအစ်ကိုနှစ်ယောက်လုံးဟာ နတ်ဆိုးအသွင်ကို ပြောင်းလဲသွားလို့ရပါတယ်။ ဒါတင်မကသေးဘဲ Vergil ဟာဖခင်ဖြစ်သူ Sparda ကိုင်ဆောင်တဲ့ Demon Edge ဓါးနဲ့ Beowulf လက်အိတ်ကိုလည်းလက်နက်အဖြစ် အသုံးချပြီးတိုက်ခိုက်ပါတယ်။ ဂိမ်းစီးရီးတစ်လျှောက်မှာ Vergil ဟာ Dante ကိုအကြိမ်ပေါင်းများစွာအနိုင်ယူခဲ့ပြီး Dante နဲ့အတူတူခွန်အားကြီးမားတဲ့ Mundus လိုရန်သူတော်ကြီးကိုလည်း နှိမ်နင်းခဲ့ပါတယ်။ Vergil ဟာ နတ်ဆိုးဗီဇကိုရှေ့တန်းတင်တဲ့စိတ်နဲ့ ညီဖြစ်သူ Dante အပေါ်မှာရှိတဲ့အချစ်တို့ လွန်ဆွဲနေတဲ့ နတ်ဆိုးတစ်ပိုင်းလူတစ်ပိုင်းဇာတ်ရုပ်ကို ပြောင်မြောက်စွာသရုပ်ဖော်ထားတဲ့ ဇာတ်ကောင်ဖြစ်ပါတယ်။
Sephiroth (Final Fantasy Vll)
လူအရပ်နှစ်ပြန်စာရှိတဲ့ဓါးရှည်ကိုကိုင်ဆောင်ထားပြီး ရှည်လျားလှတဲ့ငွေရောင်ဆံပင်ရှည်နဲ့ Sephiroth ဟာ ၁၉၉၆ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Final Fantasy Vll ဂိမ်းရဲ့ အဓိကဗီလိန်ဇာတ်ကောင်ဖြစ်ပါတယ်။ Sephiroth ဟာဂိမ်းစီးရီးတစ်လုံးရဲ့ အစွမ်းထက်မြက်ဗီလိန်တစ်ယောက်ဖြစ်ပြီး ၂၀၀၅ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Final Fantasy Vll Advert Children CGI ကာတွန်းဇာတ်ကားကနေတဆင့် ပရိသတ်တွေကြားထဲမှာ လူသိများရေပန်းစားလာခဲ့တဲ့ဇာတ်ကောင်ဖြစ်ပါတယ်။ Final Fantasy Vll ရဲ့အဓိကဇာတ်ကောင်ဖြစ်သူ Cloud Strife ထက်တောင် တိုက်ရည်ခိုက်ရည်သာလွန်နေတဲ့ Sephiroth ဟာ SOLIDER အဖွဲ့ရဲ့စွမ်းအားအကြီးဆုံးအဖွဲ့ဝင်လည်းဖြစ်သလို ဆပေါင်းများစွာသာလွန်တဲ့ခွန်အားတွေ၊ လျင်မြန်တဲ့တုံ့ပြန်နိုင်စွမ်း၊ တိကျထက်မြက်တဲ့ဓါးခုတ်ချက်တွေကြောင့် Final Fantasy စီးရီးဇာတ်ကောင်တွေထဲမှာ ပြောစမှတ်ပြုလောက်တဲ့ဇာတ်ကောင်လည်းဖြစ်ပါတယ်။ Final Fantasy Vll Crisis Core မှာ Genesis နဲ့ Angeal တို့နှစ်ယောက်ပေါင်းပြီး Sephiroth ကိုတိုက်တာတောင် အသာစီးမရဘဲအလူးအလဲခုခံနေရတာ တွေ့မြင်နိုင်ပါတယ်။ ဒါတွေတင်မကဘဲ Jenovah နဲ့ထိတွေ့ပေါင်းစည်းပြီးနောက်မှာ မှော်အစွမ်းတွေကို ကိုယ့်စိတ်တိုင်းကျထုတ်သုံးနိုင်သွားတဲ့အပြင် Jenovo ရဲ့ဆဲလ်တွေကိုလည်း လိုရာအသုံးပြုနိုင်သွားတဲ့ Sephiroth ဟာ ပရိသတ်ပေါင်းမြောက်မြားစွာရဲ့ အသည်းစွဲအစွမ်းထက်ဂိမ်းဇာတ်ကောင်တစ်ကောင်ဖြစ်နေပါတယ်။
Lu Bu (Dynasty Warriors)
Lu Bu ဆိုတာနဲ့ ချပ်ဝတ်တန်ဆာအပြည့်ဝတ်ထားတဲ့မြင်းနီကြီးကို တစ်ဟုန်ထိုးစီးပြီး လူ့တစ်ရပ်စာလှံပုဆိန်ရှည်ကြီးကိုင်ထားတဲ့ စစ်သူရဲကောင်းကြီးကိုပြေးမြင်ကြမှာပဲ။ ကျွန်တော်တို့ငယ်ငယ်က Dynasty Warrior စစ်ပွဲတွေမှာ Lu Bu ကိုတွေ့တာနဲ့ အရင်ရှောင်ပြေးကြပါတယ်၊ ပြီးမှ ဘယ်လိုရင်ဆိုင်ရမလဲဆိုတဲ့နည်းလမ်းကိုစဉ်းစားပြီး တိုက်စစ်သေချာဆင်ရတာပါ။ ဟုတ်ပါတယ်၊ Dynasty Warrior ဂိမ်းစီးရီးရဲ့ပြယုဂ်ဖြစ်တဲ့ Lu Bu ဟာ Dong Zhou ရဲ့လက်အောက်မှာစစ်မှုထမ်းခဲ့ပြီး ဘယ်သူရဲကောင်းနဲ့မဆို ပုခုံးချင်းယှဉ်တိုက်ခိုက်နိုင်တဲ့ ဟန်မျိုးဆက် စစ်သူကြီးတစ်ယောက်လည်းဖြစ်ပါတယ်။ Red Hare လို့အမည်ရတဲ့စီးတော်မြင်းနဲ့ ဦးခေါင်းထက်မှာ ရှည်လျားတဲ့တောင်မွှေးနှစ်ချောင်းကို ဝဲနေအောင်ချထားတာ Lu Bu ရဲ့ပုံစံဖြစ်ပြီး Lu Bu ဟာစစ်တပ်တစ်တပ်လုံးနဲ့ တစ်ယောက်ယှဉ်တိုက်နိုင်သလို တိုက်ရည်ခိုက်ရည်အစွမ်းကလည်း သမိုင်းတွင်လောက်အောင်အံ့မခန်းပါပဲ။ ကိုယ်ဟာဘယ်လိုဇာတ်ကောင်ကိုကိုင်ထားပါစေ၊ Dynasty Warrior ဂိမ်းတိုင်းမှာ Lu Bu ပေါ်လာတိုင်း အရင်ဆုံးတော့ ခြေသုတ်တင်ရှောင်ပြေးကြရတာကြီးပါပဲ။ Lu Bu ဟာခံနိုင်ရည်စွမ်းအဆမတန်မြင့်တယ်၊ တိုက်ခိုက်တဲ့လှံချက်အကွာအဝေးကကျယ်ပြန့်ပြီး အလဲဖြိုဖို့အတော်ခက်ပါတယ်။ Lu Bu ဟာသူ့ရဲ့ခွန်အားနဲ့ရဲစွမ်းသတ္တိကို အားလုံးကိုသက်သေပြချင်တဲ့စစ်သူကြီးတစ်ယောက်ဖြစ်ပြီး သူမတူနဲ့အရည်အသွေးတွေကြောင့် ဂိမ်းလောကမှာပါမက တရုတ်နိုင်ငံဟန်မျိုးဆက် စစ်သမိုင်းကြောင်းမှာပါ ထင်ရှားခဲ့တဲ့စစ်သူရဲကောင်းတစ်ဦးဖြစ်ပါတယ်။
Albert Wesker (Resident Evil)
Resident Evil ဂိမ်းစီးရီးတစ်ခုလုံးမှာ အရာအားလုံးကိုအမွှေနှောက်ခဲ့ဆုံးလူဆိုးကို ပြပါဆိုရင် Albert Wesker ကိုပြရမှာပါပဲ။ Resident Evil ဂိမ်းမှာ အမျိုးအစားကွဲပြားတဲ့ဗီလိန်ဇာတ်ကောင်တွေ အမျိုးမျိုးရှိပေမယ့် Albert Wesker ကတော့ အားလုံးထဲမှာထိပ်တန်းဗီလိန်ဇာတ်ကောင်ကြီးပါပဲ။ Wesker ဟာကိုယ်ခံပညာရပ်ကို တစ်ဖက်ကမ်းခပ်ကျွမ်းကျင်တဲ့အပြင် ခန္ဓာကိုယ်တွင်းမှာ ထူးကဲတဲ့သွေးအမျိုးအစားတစ်ခုစီးဆင်းနေတဲ့ အစွမ်းထက်ဗီလိန်တစ်ယောက်ဖြစ်ပါတယ်။ Prototype ဗိုင်းရပ်စ်တွေကို ခန္ဓာကိုယ်ထဲထိုးသွင်းထားတဲ့အတွက် Wesker ဟာ လူသားတစ်ယောက်ထက် ဆပေါင်းများစွာသာလွန်တဲ့စွမ်းရည်တွေရှိပြီး ကျည်ဆန်တွေကိုရှောင်နိုင်လောက်တဲ့အမြန်နှုန်းကို ပိုင်ဆိုင်ထားပါတယ်၊ ဒါတွေတင်မက ခန္ဓာကိုယ်မှာထိခိုက်ဒဏ်ရာတစ်ခုခုရသွားရင် ပြန်ပြီးကုစားနိုင်တဲ့နှုန်းကလည်း မြင့်မားပါတယ်။ BSAA လက်ရွေးစင်အေးဂျင့်တွေဖြစ်တဲ့ Chris Redfield နဲ့ Jill Valentine တို့နှစ်ယောက်နဲ့ထိပ်တိုက်တွေ့ပြီး နှစ်ယောက်လုံးကို အလဲတိုက်နိုင်ခဲ့တဲ့အပြင် ယာဉ်ပျံကြီးပေါ်မှာ Chris နဲ့ Sheva တို့နှစ်ယောက်နဲ့ တစ်ကျော့ပြန်တွေ့တုန်းကလည်း ပြောစရာတစ်ကွက်မရှိအောင် တိုက်ခိုက်မှုကိုအေးဆေးကိုင်တွယ်ခဲ့တာ အားလုံးကမြင်ရမှာပါ။
Alex Mercer (Prototype)
Prototype ပထမဦးဆုံးအခွေမှာကတည်းက Alex Mercer ရဲ့ရက်စက်ကြမ်းကြုတ်မှုနဲ့ အသွင်ပြောင်းသွားတဲ့စွမ်းရည်တွေကို မှတ်မိကြမှာပါ။ ဒါပေမယ့် Prototype ပထမအခွေထက် ဒုတိယအခွေမှာ Alex Mercer ဟာပိုပြီးရင့်ကျက်သွားသလို သူ့ရဲ့အစွမ်းသတ္တိတွေကလည်းပိုမိုကြီးထွားနေပါပြီ။ Blacklight ဗိုင်းရပ်စ်ရဲ့ဝါးမြိုခြင်းကိုခံခဲ့ရတဲ့ သိပ္ပံပညာရှင် Alex Mercer ဟာ သူ့ရဲ့ထူးခြားတဲ့အသွင်ပြောင်းမှုတွေ၊ လွန်ကဲတဲ့စွမ်းအားမြင့်လှုပ်ရှားမှုတွေနဲ့ အမျိုးမျိုးအသွင်ပြောင်းနိုင်တဲ့ပုံစံတွေကြောင့် ဂိမ်းလောကထဲမှာအများနဲ့မတူ ကွဲထွက်နေတဲ့ဇာတ်ကောင်တစ်ကောင်ဖြစ်ပါတယ်။ အဲဒီလိုမျိုးသူမတူကြမ်းကြုတ်တဲ့ခွန်အားတွေအပြင် ထက်မြက်တဲ့ပညာရှင်ဗဟုသုတကလည်းရှိနေတဲ့အတွက် အန္တရာယ်များတဲ့ဂိမ်းဇာတ်ကောင်လို့လည်းပြောရင် မမှားပါဘူး။ စစ်သားတွေ၊ ကူးစက်ခံထားရတဲ့သတ္တဝါကောင်တွေ၊ လေယာဉ်ပျံတွေတင့်ကားတွေ အစရှိတာတွေနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ အချိန်အနေနဲ့အချိန်ခါအလိုက် တိုက်ပွဲမှာအသာစီးရအောင် အနေအထားကိုပြောင်းလဲနိုင်စွမ်းရှိတဲ့ စွမ်းရည်ကလည်းရှိနေတဲ့အတွက် ပြောစရာမလိုအောင်အစွမ်းထက်မြက်တဲ့ ဂိမ်းဇာတ်ကောင်တစ်ယောက်ဖြစ်တယ်ဆိုတာ မငြင်းနိုင်ပါဘူး။
Ref: thegamer, wikia, fandom
No comments:
Post a Comment