ဂိမ်းဆော့ကစားခြင်းဟာ ဘယ်အရာနဲ့မှအစားထိုးလို့မရတဲ့ စိတ်ကျေနပ်မှုကိုပေးစွမ်းပါတယ်။ အဲဒီလိုမျိုးသူမတူူဆန်းပြားတဲ့အတွေ့အကြုံတွေကို ကိုယ်တိုင်ကိုယ်ကျခံစားရလို့ ဗီဒီယိုဂိမ်းကိုစွဲစွဲမြဲမြဲနှစ်ခြိုက်စွာ ဆော့ကြတဲ့ဂိမ်မာတွေဆိုတာ ထွက်ပေါ်လာတာပါ။ ဟုတ်ပါတယ်၊ စစ်ပွဲတွေအကြောင်းစိတ်ဝင်စားသူတွေက ဂိမ်းထဲမှာကိုယ်တိုင်သေနတ်ဆွဲပြီး သမိုင်းကြောင်းအထင်ကရတိုက်ပွဲတွေမှာ ပါဝင်ဆင်နွှဲတာမျိုး၊ ဟိုးရှေးခေတ်တစ်ခါက ဒဏ္ဍာရီသတ္တဝါကြီးတွေ၊ မှော်ဝင်သားရဲကြီးတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ချင်တဲ့သူမျိုးက ဂိမ်းထဲမှာဒိုင်းနဲ့ဓါးဆွဲပြီး ချွတ်ချွတ်ခြုံခြုံ တိုက်ပွဲဝင်တာမျိုး၊ အကြောက်တရားကို လိုချင်သူတွေက ဂိမ်းထဲမှာ ကိုယ့်အသက်ကိုယ်လုပြေးပြီး ဖန်တီးထားတဲ့အကြောက်တရားကိုသီးသန့်ကြီးခံစားကြတာမျိုး၊ အစရှိသဖြင့် လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ မသိစိတ်လိုအင်ဆန္ဒ၊ သိစိတ်လိုအင်ဆန္ဒတွေကို ဗီဒီယိုဂိမ်းများက တစ်ဖက်တစ်လမ်းကဖြည့်ဆည်းပေးနေပါတယ်။ ဗီဒီယိုဂိမ်းများဟာ အခုလိုမွန်းကြပ်လှတဲ့ရာစုသစ်လူ့ဘဝကြီးရဲ့ ထွက်ပေါက်ဖြစ်သလို ကိုယ်တစ်ခါမှမရောက်ဖူးတဲ့အံ့ဖွယ်အတိနဲ့နေရာတွေဆီ ကိုယ့်ကိုအိပ်မွေ့ချခေါ်ဆောင်သွားတဲ့ အချိန်ရထားတစ်စင်းလည်းဖြစ်ပါတယ်။ ဒါပေမယ့်ဂိမ်းများနဲ့ အထိအတွေ့မရှိသူတွေရဲ့ပတ်ဝန်းကျင်နဲ့ လူအများစုရဲ့အမြင်မှာတော့ ဗီဒီယိုဂိမ်းကစားခြင်းဟာ ကျန်းမာရေးအရထိခိုက်မှုတွေရှိရုံသာမက၊ စိတ်ပိုင်းဆိုင်ရာဘေးထွက်ဆိုးကျိုးနဲ့ မကောင်းတဲ့အကျိုးသက်ရောက်မှုတွေ အမြောက်အမြားရှိတယ်လို့ သမုတ်ကြပါတယ်။ တကယ်တမ်းဂိမ်းနဲ့ရင်းနှီးသူများအတွက်တော့ ဒီကိစ္စကိုပြောစမှတ်မပြုဘဲ မျက်နှာလွှဲထားလို့ရပေမယ့် ဂိမ်းလောကနဲ့အလှမ်းဝေးနေသူများအဖို့ ဗီဒီယိုဂိမ်းဆိုကြီးအပေါ်မှာ နားလည်မှုလွဲပြီး ဂိမ်းကစားခြင်းဟာလူကိုအကျိုးမပြုတဲ့အကျင့်၊ အလေ့အထတစ်ခုလို့ ယူဆသွားမှာကို မလိုလားပါဘူး။ ဒီတော့ အခုဒီမှာဂိမ်းပတ်ဝန်းကျင်က မဟုတ်တဲ့သူများရဲ့ ဗီဒီယိုဂိမ်းအပေါ်သုံးသပ်ထားတဲ့ အယူအဆလွဲလေးတွေနဲ့ တကယ်တမ်းမှာ ဗီဒီယိုဂိမ်းတွေဟာ ဆော့ကစားသူနဲ့ပတ်ဝန်းကျင်အပေါ်မှာ တကယ်ဘယ်လိုမျိုးအကျိုးသက်ရောက်မှုရှိသလဲဆိုတာကို အားလုံးသိနိုင်အောင်လို့ အချက် ၇ ချက်နဲ့တကွ ဒီကနေပြန်လည်မျှဝေလိုက်ရပါတယ်။
ဂိမ်းဆော့ကစားခြင်းဟာ ဘာအကျိုးမှမဖြစ်ထွန်းဘူးလို့ ထင်မြင်ခြင်း
ဒါကတော့ဂိမ်မာတွေအားလုံးငယ်စဉ်ဘဝမှာ နားနဲ့မဆံ့အောင် အပြောခံခဲ့ရဆုံးအရာပါ။ ကျွန်တော်တို့ရဲ့လူမှုအဖွဲ့အစည်းရဲ့ဖွဲ့စည်းပုံအရ ကိုယ့်ရဲ့မိဘများ၊ ဆရာဆရာမနဲ့ ကိုယ့်ပတ်ဝန်းကျင်က ဗီဒီယိုဂိမ်းဆော့ကစားတာကို ကိုယ့်အတွက်ဘာအကျိုးမှမဖြစ်ထွန်းဘူးလို့ ဖိအားပေးပြောဆိုကြပါတယ်။ တကယ်က တခြားတစ်ဖက်မှာ အွန်လိုင်းဂိမ်မာများဟာ သိပ္ပံပညာရပ်ရဲ့အကြီးမားဆုံးသော ပြသာနာတွေမှာအဓိကနေရာကနေ အဖြေရှာပေးနေကြတာတွေ တစ်ပုံတစ်ပင်ကြီးရှိနေပါတယ်။ ပဟေဠိအဖြေရှာတာတွေ၊ မျိုးစိတ်တွေပေါင်းစည်းတာတွေ အစရှိတဲ့သိပ္ပံစမ်းသပ်ချက်တွေမှာ ဂိမ်မာတွေဟာပါဝင်နေပါပြီ။ ဂိမ်မာများဟာ ဘာသာစကားမှာကျွမ်းကျင်သူတွေ၊ သမိုင်းကြောင်းနှံ့စပ်တဲ့သူတွေ၊ သိပ္ပံပညာရပ်မှာထူးချွန်တဲ့သူတွေ ဖြစ်နေကြတာကို လူတွေလုံးဝမမြင်နိုင်ကြပါဘူး။
ဂိမ်းဆော့ကစားခြင်းကြောင့် ကိုယ့်ရဲ့အပြုအမူတွေကြမ်းတမ်းသွားနိုင်တယ်လို့ ယူဆခြင်း
ဂိမ်းကစားခြင်းဟာ လူ့ဘဝရဲ့ထွက်ပေါက်ဖြစ်သလို စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ကြောင့်ကြမှုတွေ၊ အဘက်ဘက်ကလာတဲ့ဖိအားတွေ အစရှိတာတွေကို ပပျောက်သွားအောင်လုပ်ပေးနိုင်တဲ့ လူနေမှုပုံစံတစ်ခုလည်းဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ကိုယ်ဆော့နေတဲ့ဗီဒီယိုဂိမ်းတွေထဲမှာ ဘဏ်ကိုဓါးပြဝင်တိုက်တာမျိုးတွေ၊ တွေ့သမျှလူတွေကိုသေနတ်နဲ့လိုက်ပစ်တာမျိုးတွေကိုလုပ်နိုင်ပေမယ့် တကယ်တမ်းအပြင်မှာတော့ ဂိမ်မာတွေဟာ ဂိမ်းခလုတ်ကိုကိုင်ပြီး တီဗီဖန်သားပြင်ရှေ့မှာ အေးဆေးငြိမ်သက်စွာနဲ့ တစ်နေ့တာရဲ့အချိန်တွေကိုကုန်ဆုံးစေသူတွေပါ။ ဂိမ်းအားလုံးကကြမ်းတမ်းနေတာလည်းမဟုတ်သလို ကိုယ့်ရဲ့အတွေးအမြင်၊ စိတ်ခံစားချက်နဲ့ အယူအဆတွေကိုပြောင်းလဲသွားစေတဲ့ ဂိမ်းတွေဟာလည်း အများကြီးရှိနေပါတယ်။
ဂိမ်မာများအားလုံးဟာ ယောက်ျားလေးများဖြစ်တယ်လို့ ထင်ခြင်း
ယောက်ျားနဲ့မိန်းမဆိုတဲ့နေရာမှာ သူ့နေရာနဲ့သူ တာဝန်ယူရမယ့်ကဏ္ဍတွေ အသီးသီးရှိနေပါတယ်။ ဂိမ်မာအများစုဟာ အမျိုးသားများဖြစ်တယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့်တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင် အမျိုးသမီးဂိမ်မာများဟာ ဂိမ်းဆော့သူလူဦးရေစုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းရှိနေတယ်ဆိုတာကို သိကြပါရဲ့လား။ ဂိမ်းဆော့ကစားခြင်းဟာ ကျား၊ မ ခွဲပေးထားတဲ့အရာမဟုတ်တဲ့အတွက် ယောက်ျားအများစုသာဂိမ်းဆော့သူများဖြစ်ကြပြီး မိန်းမများအနေနဲ့ဂိမ်းမဆော့နိုင်ဘူးလို့ တရားသေသတ်မှတ်လို့မရပါဘူး။ အားကစားကဏ္ဍလိုပဲ ကမ္ဘာနဲ့ချီပေါက်မြောက်နေတဲ့ အမျိုးသမီးဂိမ်းအဖွဲ့တွေဟာ ကိုယ့်ပတ်ဝန်းကျင်မှာတင် အများကြီးပေါ်ထွက်လာနေတာကို လေ့လာကြည့်ရင်သိရမှာပါ။

ဂိမ်းဆော့ခြင်းဟာ ဦးနှောက်ကိုလေးလံထိုင်းမှိုင်းတယ်လို့ ထင်မြင်ခြင်း
ဒီသုံးသပ်ချက်ဟာ အနည်းငယ်တော့ရယ်ချင်စရာပါ။ တကယ့်တကယ်မှာဂိမ်းဆော့ခြင်းကြောင့် ဦးနှောက်ဟာပိုပြီးဖွံဖြိုးလာနိုင်တယ်၊ ပိုပြီးကြီးထွားလာနိုင်တယ်လို့ သုတေသနပြုချက်များက တရားဝင်အတည်ပြုထားပြီးသားပါ။ သက်သေအထောက်အထားနဲ့ပြောရမယ်ဆိုရင်တော့ Super Mario 64 ဂိမ်းကိုတစ်နေ့ မိနစ် ၃၀ ပေးပြီး နှစ်လကျော်ဆော့ကစားသူများဟာ မှတ်ဉာဏ်ဖွဲ့စည်းမှု၊ စနစ်ကျကျစဉ်းစားမှု၊ ကြွက်သားထိန်းချူပ်မှုနဲ့ တွေးတောကြံဆမှု အစရှိတာတွေကိုထိန်းချူပ်တဲ့ဦးနှောက်အပိုင်းတွေမှာ ဖွံဖြိုးမှုသိသိသာသာရှိလာပြီး ဂိမ်းမဆော့သူများနဲ့နှိုင်းယှဉ်ကြည့်လိုက်တဲ့အခါမှာ ဦးနှောက်ကပိုပြီး နေရာစုံအလုပ်လုပ်တာကို တွေ့ရမှာဖြစ်ပါတယ်။ အဲဒီလိုအလုပ်လုပ်နေတဲ့ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာများဟာ ကျရောက်လာမယ့် စိတ်ရောဂါတွေ၊ စိတ်ဖိစီးမှုဝေဒနာတွေ၊ စိတ်ကစဉ့်ကလျားဖြစ်ခြင်းတွေ အစရှိတာတွေကို ပြန်လည်ချေပနိုင်တယ်လို့ သိရပါတယ်။
ဂိမ်းဆော့ခြင်းကြောင့် မိတ်ဆွေအပေါင်းအသင်းရှိမလာနိုင်တော့ဘူးလို့ ထင်ခြင်း
အဲဒီလိုယူဆချက်ပေးသူများကို ဘောင်အတွင်းကတွေးခေါ်သူများလို့ ကျွန်တော်တို့ယူဆရပါလိမ့်မယ်။ ဘာဖြစ်လို့လည်းတော့ အခုလိုမျိုးသတင်းအချက်အလက်ကို ကလစ်တစ်ချက်နှိပ်၊ ကီးဘုတ်တစ်ချက်ခေါက်လိုက်ရုံနဲ့ အချိန်နဲ့တပြေးညီသိရှိနိုင်တဲ့ခေတ်မျိုးမှာ အဲဒီလိုဟောင်းနွမ်းနေတဲ့ယူဆချက်တွေဟာ ပတ်ဝန်းကျင်ကို အဆိပ်သင့်စေပါတယ်။ တကယ်တမ်းလက်တွေ့မှာ ဂိမ်းဆော့ခြင်းကတဆင့် မိတ်ဆွေသူငယ်ချင်းပေါင်းများစွာရလာနိုင်တဲ့အပြင် အသင်းအဖွဲ့စိတ်ဓါတ်ရှိသူတွေ၊ ကိုယ်ချင်းစာနာတတ်သူတွေ၊ ကိုယ်နဲ့ဝါသနာတူ၊ အကြိုက်တူတဲ့လူတွေနဲ့ တစ်ခဏအတွင်းမှာပဲ မိတ်ဟောင်းဆွေဟောင်းတွေလို ခင်မင်ရင်းနှီးသွားနိုင်ပါတယ်။ ပလက်ဖောင်းအမျိုးမျိုးမှာ ဂိမ်းဆော့ခြင်းကနေလည်း ကိုယ်ကြိုက်တဲ့ကမ္ဘာ့နိုင်ငံ အရပ်ရပ်ကလူတွေနဲ့ ချိတ်ဆက်ပြီး မိတ်ဆွေဖြစ်သွားနိုင်ပါတယ်။ အဲဒီလိုအတွေ့အကြုံမျိုးတွေကြောင့် ကျွန်တော်တို့လို ဂိမ်မာတွေဟာ လက်တွေ့ဘဝမှာမိတ်ဖွဲ့ကောင်းသူ၊ ဆိုရှယ်ဆန်သူတွေတောင်မှ တစ်ခါတစ်ရံဖြစ်နေတတ်ကြပါတယ်။ ကိုယ်နဲ့ခင်မင်ရင်းနှီးသူတွေနဲ့ အွန်လိုင်းပေါ်မှာအတူတူ ဂိမ်းတစ်ပွဲမှမဆော့ဘူးရင် မင်း ပျော်ရွှင်မှုအစစ်အမှန်ဆိုတာကို ဘာလည်းမသိသေးဘူးဆိုတဲ့ စကားတောင်ရှိပါသေးတယ်။
ဂိမ်းဆော့ခြင်းဟာ အချိန်ကိုဖြုန်းနေတဲ့လုပ်ရပ်လို့ ယူဆခြင်း
ကျွန်တော်တို့အားလုံးနဲ့ရင်းနှီးမယ့်စကားလေးလို့ ထင်ပါတယ်။ ဒါပေမယ့်တကယ်တမ်းမှာ အဲဒီအဆိုဟာ ကိုယ့်လုပ်ရပ်တွေ တကယ်တမ်းဘာဖြစ်နေသလဲဆိုတာမမြင်ပဲ အခြားသူတွေရဲ့လုပ်ရပ်ကို မကောင်းဘူးထင်တတ်တဲ့အမြင်မျိုးဖြစ်နေပါတယ်။ ဆိုကြပါစို့၊ ကျွန်တော်တို့ဟာ ဘောလုံးအားကစားကိုစိတ်ဝင်စားသူတွေဖြစ်ကြတယ်၊ အိမ်အောက်မှာပဲဖြစ်ဖြစ်၊ လမ်းရှေ့မှာပဲဖြစ်ဖြစ် တစ်နေ့ကိုအချိန်နှစ်နာရီလောက်ပေးပြီး ဘောလုံးနဲ့ခြေထောက်ထိလိုက်ရမှ နေသာထိုင်သာရှိတယ်ဆိုရင် လူတွေဘောလုံးအားကစားမှာစိတ်ပါဝင်စားခြင်းဟာ အချိန်ကိုဖြုန်းတီးရာကျတယ်လို့ ယူဆကြမှာပါလား။ တကယ်တမ်းမှာ ဂိမ်းကစားခြင်းဆိုတာ ကိုယ့်ရဲ့ဝါသနာအရ ကိုယ့်ရဲ့လူနေမှုဘဝပုံစံနဲ့ ကိုယ့်ဘဝရဲ့လွတ်လပ်တဲ့ရွေးချယ်မှုပဲဖြစ်ပါတယ်။ တစ်ခါတလေဆိုရင် ကျွန်တော်တို့ဟာ သုံးလေးနာရီချီတဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ အပိုင်းရေများပြားလှတဲ့စီးရီးတွဲတွေ အစရှိတာတွေမှာတောင် မြောပါပြီးဈာန်ဝင်စားစွာကြည့်တတ်ကြပါတယ်။ ဒါပေမယ့်ကိုယ်စိတ်ပါတဲ့အရာတစ်ခုကိုလုပ်လို့ကုန်ဆုံးသွားတဲ့အချိန်တွေဟာ ကိုယ်ဖြုန်းတဲ့အချိန်တွေမဟုတ်ပါဘူး။ ရည်ရွယ်ချက်ရှိရှိစိတ်ကျေနပ်မှုအပြည့်နဲ့ အသုံးချလိုက်တဲ့အချိန်တွေဖြစ်ပါတယ်။
ဂိမ်းဆော့ခြင်းကနေ ဘဝတက်လမ်းနဲ့ အလုပ်အကိုင်မတွေ့နိုင်တော့ဘူးလို့ ထင်မြင်ခြင်း
ဒီလိုယူဆချက်မျိုးကိုတော့ ကိုယ့်ဘာသာကိုယ်ပဲ ဥပမာပြန်ပေးပြီး ပြန်လည်ချေပချင်ပါတယ်။ ကျွန်တော်သမိုင်းကြောင်းတွေမှာစိတ်ဝင်စားတတ်တဲ့စိတ်ကို ဂိမ်းတွေကပျိုးပေးခဲ့တာပါ။ ကွဲပြားတဲ့သာသာစကားကိုသင်ယူလေ့လာချင်စိတ်တွေပြင်းပလာအောင် ဂိမ်းတွေကနှိုးဆော်ပေးခဲ့သလို ကိုယ်သိတဲ့အကြောင်းအရာ၊ သတင်းအချက်အလက်နဲ့ ဗဟုသုတကိုပြန်လည်မျှဝေပေးလိုတဲ့စိတ်ကိုဖွံဖြိုးလာအောင် ဗီဒီယိုဂိမ်းများကမျိုးစေ့ချပေးခဲ့တာပါ။ လက်ရှိမှာဆိုရင် ကျွန်တော်ဟာ ဘာသာပြန်တစ်ယောက်၊ ဆောင်းပါးရှင်တစ်ယောက်၊ ဂိမ်းပတ်ဝန်းကျင်ကိုအကျိုးပြုသူတစ်ယောက်အဖြစ်နဲ့ ကိုယ့်ဘဝနဲ့ကိုယ်ကောင်းကောင်းရပ်တည်နိုင်တဲ့ လူငယ်တစ်ယောက်ဖြစ်လာခဲ့ပါပြီ။ ဥပမာပေးရမယ်ဆိုရင် YouTube ချန်နယ်မှာ subscriber သန်းပေါင်း ၅၈ သန်းနဲ့ ကမ္ဘာ့ subcriber အများဆုံးဆွီဒင်နိုင်ငံသား Felix Arvid Ulf Kjellberg aka Pewdiepie ဟာလည်း ဂိမ်းများကိုစတင်ဆော့ရင်းနဲ့ပဲ သူ့ဘဝရဲ့လမ်းကိုရှာဖွေတွေ့ရှိခဲ့ပြီး ကမ္ဘာ့စံချိန်တွေကိုပါချိုးနိုင်ခဲ့တာပါ။ ဒီမှာတစ်ချက်ပြောချင်တာက ကိုယ်လုပ်တဲ့အလုပ်ကနေ ဘယ်လိုအရာကိုယူပြီး ဘယ်လိုအရာတွေကိုပယ်မလဲဆိုတာနဲ့ ဘဝမှာရှေ့ဆက်ချင်တဲ့စိတ်၊ ကြီးပွားချင်တဲ့စိတ်ကပဲအရေးကြီးတာပါ။ အခုဆိုရင် ဒီအချက် ၇ ချက်ကိုဖတ်ပြီး တချို့လူတွေ ဗီဒီယိုဂိမ်းအပေါ်မှာမြင်နေတဲ့အမြင်တွေကို ရှင်းလင်းပေးနိုင်လိုက်မယ်လို့ မျှော်လင့်မိပါတယ်။ အခုလိုဆောင်းပါးမျိုးကိုအလျင်းသင့်ရင်သင့်သလို စာတမ်းသေချာပြုစုပြီး ရေးပေးသွားမယ်လို့ ဒီကနေတဆင့်ပြောရင်း ဂိမ်းနဲ့မရင်းနှီးသူများ ဗီဒီယိုဂိမ်းအပေါ်သုံးသပ်ထားတဲ့ အယူအဆအလွဲ ၇ ခုကို အားလုံးလိုရင်းတိုရှင်း နားလည်သွားအောင် ပြန်မျှဝေလိုက်ရပါတယ်။
Yan
Ref: Gameranx, YouTube,
No comments:
Post a Comment