Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Friday, January 12, 2018

၂၀၁၈ မတ်လမှာထွက်လာမယ့် Assassin's Creed Rogue Remastered အခွေသစ်နဲ့ အရှိန်ကောင်းနေတဲ့ AC စီးရီး


Ubisoft Monreal ဟာ Assasin's Creed စီးရီးရဲ့ဂိမ်းသစ်ဖြစ်တဲ့ Assasin's Creed: Origins အခွေကို  ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့မှာ ဈေးကွက်ထဲစတင်ဖြန့်ချိပေးခဲ့ပါတယ်။ ရှေးဟောင်းအီဂျစ်ပြည်မှာဇာတ်အိမ်တည်ထားပြီး ဆူဒန်မြို့မြောက်ပိုင်းသားဖြစ်တဲ့ Bayek ကိုအဓိကဇာတ်ကောင်အဖြစ်နဲ့ Assassin Brotherhood ကြီး စတင်ဖြစ်တည်လာတဲ့ဇာတ်ကြောင်းအပေါ်မှာ သစ်လွင်ဆန်းပြားတဲ့ဂိမ်းတွင်းအတွေ့အကြုံတွေကိုခံစားရစေခဲ့လို့ နောက်ဆုံးထွက်ရှိခဲ့တဲ့ Assassin Creed's Origins ဟာ AC စီးရီးကိုပြန်ပြီး အရောင်တောက်လာစေခဲ့တဲ့ Ubisoft ရဲ့ ဂိမ်းကောင်းတစ်ခုလို့ပြောမယ်ဆိုရင်လည်း မမှားပါဘူး။ Metacritic, IGN, Polygon အစရှိတဲ့ နာမည်ကြီးဂိမ်းမီဒီယာတွေဆီကပါ review ကောင်းတွေဆွတ်ခူးနိုင်ခဲ့တဲ့ Assassin's Creed Origins ဂိမ်းဟာ ယခု ၂၀၁၈ နှစ်သစ်အတွင်းမှာလည်း ထွက်ရှိဖို့ရာထားတဲ့ DLC အသစ်တွေနဲ့ ဂိမ်းလောကကိုထပ်ပြီး ဂယက်ရိုက်လာစေတော့မှာပါ။ ဒါတင်မကသေးပါဘူး၊  လေးနှစ်နီးပါးအချိန်ယူပြီးဖန်တီးခဲ့ရတဲ့  Assassin's Creed Origins အခွေဟာ အားလုံးရဲ့ရည်မှန်းချက်တွေနဲ့ မျှော်လင့်ချက်တွေကိုဖြည့်ဆည်းပေးခဲ့ပေမယ့်လည်း ခြေလှမ်းတွေသွက်တဲ့ Ubisoft အနေနဲ့ နောက်ထပ်ပြီးလှမ်းမယ့်အဆင့်တွေဟာ ၂၀၁၈ နှစ်သစ်အတွက် အသင့်ဖြစ်နေပါပြီ။ ဘာဖြစ်လို့လည်းဆိုတော့ Ubisoft Montreal ဟာ AC Origins ရဲ့ DLC အသစ်တွေဖြစ်တဲ့ The Hidden Ones နဲ့ The Curse Of Pharoahs တို့ကို ၂၀၁၈ ဇန်နီဝါရီလနဲ့ မတ်လတို့မှာ အသီးသီးထုတ်ပေးသွားမယ့်အပြင် မတ်လတစ်လတည်းမှာပဲ Assassin's Creed Rogue Remastered အခွေကိုပါ တစ်တွဲတည်းထုတ်ပေးသွားမယ်လို့ လွန်ခဲ့တဲ့ရက်ကပဲ အတိအလင်းကြေညာခဲ့လို့ပါ။ ကျွန်တော်အကြိုက်ဆုံး AC ဂိမ်းလည်းဖြစ်နေပြန်တဲ့ Rogue အခွေဟာ AC စီးရီးတွေထဲမှာ ဇာတ်အိမ်ဇာတ်ကြောင်းအကွဲထွက်ဆုံးအခွေဖြစ်ပြီး Templar တွေရဲ့ရှုထောင့်ကနေ Pieces Of Eden နဲ့အရာအားလုံးကို Shay Patrick Cormac ဆိုတဲ့ Assassin ဖြစ်ခဲ့ဖူးသူ Templar တစ်ယောက်ရဲ့ ကြီးမားတဲ့ဘဝအလှည့်အပြောင်းတွေကနေတဆင့် တွေ့မြင်ရမှာပါ။ ဒီတော့ Remastered အနေနဲ့ပြန်ထွက်မယ့် Assasin's Creed Rogue ကို Ubisoft အနေနဲ့ ဘယ်လိုမျိုးပြင်ဆင်မွန်းမံမှုတွေလုပ်ထားမလဲ? ဘယ်လောက်ထိဆွဲဆောင်မှုရှိတဲ့ ထပ်ပေါင်း add-on အသစ်တွေပါလာမလဲ? အစရှိတဲ့ သို့လောသို့လောတွေကို ဂိမ်မာအားလုံးသိရဖို့ ဒီကနေပြန်ပြီး မျှဝေလိုက်ရပါတယ်။

မူလ Assasin's Creed Rogue ဂိမ်းဖန်တီးသူများအဖွဲ့ဖြစ်တဲ့ Ubisoft Sofia ရဲ့ပြန်လည်ထုတ်ဝေမှု

၂၀၀၆ ခုနှစ်မှာစတင်တည်ထောင်ခဲ့တဲ့ Ubisoft Sofia ဟာ ဂိမ်းကြီးတွေထက်စာရင် လက်ကိုင် console ဂိမ်းဖြစ်တဲ့ Nintendo 3DS ပလက်ဖောင်းပေါ်က Tom Clancy's Ghost Recon: Shadow Wars, Imagine: Fashion Designer and Chessmaster: The Art of Learning ဂိမ်းရဲ့လက်ကိုင် console ဂိမ်းဗားရှင်းအစရှိတဲ့ ဂိမ်းတွေကိုဦးဆောင်ထုတ်ပေးခဲ့တဲ့ Ubisoft လက်အောက်က ဂိမ်းဖန်တီးသူအဖွဲ့ဖြစ်ပါတယ်။ ဒါ့အပြင် Ubisoft Sofia ဟာ Playstation Vita အတွက် Assassin's Creed III: Liberation နဲ့ Assasin's Creed Rogue ရဲ့ ပင်တိုင်ဂိမ်းဖန်တီးသူများဖြစ်ပြီး အခုထွက်ရှိလာမယ့် Remastered အခွေကိုလည်း Ubisoft Sofia ကနေပဲ ဦးစီးဦးဆောင်ပြီးထုတ်ပေးသွားမယ်လို့ သိရပါတယ်။

ဂိမ်းရဲ့ဇာတ်ကြောင်းအကျဉ်းနဲ့ ထုတ်လုပ်ဖြန့်ချိမှုသမိုင်းကြောင်း


Assassin's Creed Rogue ဂိမ်းကို ၁၈ ရာစု၊ မြောက်အမေရိကတိုက်အတွင်း ဇာတ်အိမ်တည်ထားတာဖြစ်ပြီး ဂိမ်းမှာ Shay Patrick Cormac ဆိုတဲ့ Assassin ဖြစ်ခဲ့ဖူးသူ Templar တစ်ယောက်ရဲ့ခိုင်မာတဲ့ယုံကြည်ချက်၊ ဖြောင့်မတ်တဲ့စိတ်သဘောထားနဲ့ လူသားမျိုးနွယ်အပေါ်ကိုကာကွယ်လိုတဲ့စိတ် အစရှိတာတွေကိုအသားပေးဖော်ပြထားပြီး အသွင်အနည်းငယ်ပြောင်းထားတဲ့ဂိမ်းပုံစံနဲ့ရောယှက်ထားပါတယ်။ Ubisoft Sofia အနေနဲ့ Assassin's Creed Rogue ဂိမ်းကို ၂၀၁၄ ခုနှစ်မှာ Ubisoft လက်အောက်ကနေ Playstation နဲ့ Xbox ပလက်ဖောင်းများအတွက် အသီးသီးထုတ်ပေးခဲ့တာဖြစ်ပြီး ၂၀၁၅ ခုနှစ်အစောပိုင်းမှာမှ PC ဗားရှင်းထုတ်ပေးခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ ယခုလာမယ့် ၂၀၁၈ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့မှာ Assassin's Creed Rogue Remastered ဗားရှင်းကို AC စီးရီးရဲ့ခွေသစ်အနေနဲ့ ဖြန့်ချိပေးသွားမှာပါ။













ဘာနပ်စ်မစ်ရှင်နှစ်ခု၊ ဝတ်စုံသစ်တွေနဲ့ 4K support ပေးမယ့် နောက်ဆုံးဗားရှင်း 

လာမယ့် Assasin's Creed Rogue Remastered အခွေသစ်မှာ The Armor of Sir Gunn နဲ့ The Siege of Fort de Sable ဆိုတဲ့ စိတ်ဝင်စားစရာဘောနပ်စ်မစ်ရှင်သစ်နှစ်ခုပါဝင်လာမှာဖြစ်ပြီး အခွေဟောင်းမှာပါဝင်ခဲ့တဲ့ content တွေနဲ့ add-on တွေ အားလုံးကိုပြန်လည်ထည့်သွင်းပေးထားမှာပါ။ ဒါ့အပြင်အထူးဝတ်စုံတွေ၊ လက်နက်တွေနဲ့ ပစ္စည်းတွေကိုကိုယ့်စိတ်ကြိုက်စီမံခန့်ခွဲနိုင်မယ့် Master Templar နဲ့ Explorer Packs ကဏ္ဍတွေလည်း အသီးသီးထပ်ပေါင်းပေးထားပါတယ်။ Playstation 4 Pro နဲ့ Xbox One X console များအတွက်တော့ အကြည်လင်အပြတ်သားဆုံးရုပ်ထွက်ကိုခံစားနိုင်မယ့် 1080p, 4K support ပေးထားပါတယ်။













ဒု


တတိယအကြိမ်နာမည်ပြန်ကြားရတော့မယ့် AC Rogue အခွေနဲ့ အနှစ်ချူပ် 

Assassin's Creed 4: Black Flag အခွေရဲ့ဇာတ်ကြောင်းနောက်ကိုလိုက်ထားတဲ့ Assassin's Creed Rogue အခွေဟာ Assassin's Creed: Unity အခွေရဲ့ကနဦးအစကိုပျိုးပေးထားတဲ့အခွေဖြစ်လို့ AC စီးရီးတစ်ခုလုံးမှာ ပရိသတ်တွေအားလုံးရဲ့ သတိမပြုမေ့လျော့ခြင်းကို ခံထားရတဲ့ ကြားခွေတစ်ခွေဖြစ်ပါတယ်။ AC 4 အပြီး AC Unity အကြိုထွက်ရှိခဲ့လို့ ကြားထဲကနေအဲဒီနှစ်ခွေလုံးကိုပံ့ပိုးခဲ့ပြီး အလယ်မှာမှေးမှိန်ပျောက်ကွယ်သွားတဲ့ AC Rogue အနေနဲ့ အခုအချိန်မှာတော့ နောက်တစ်ကြိမ်ပြန်ပြီးဈေးကွက်ထဲကိုရောက်ရှိလာမယ့်အပြင် Remastered ဗားရှင်းမှာ ပိုမိုကောင်းမွန်တဲ့ရုပ်ထွက်ဂရပ်ဖစ်ကိုပေးစွမ်းလာမယ်လို့ Ubisoft က အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပါဝင်မယ့်အကြောင်းအရာအတိအကျနဲ့ ဈေးနှုန်းအသေးစိတ်ကိုတော့ အခုထိမသိရသေးပါဘူး။ ဒီတော့ AC ပရိသတ်များအနေနဲ့ နောက်နှစ်လအကြာမှာထွက်ရှိတော့မယ့် Assassin's Creed Rogue အပေါ်မှာရှိတဲ့ ထင်မြင်သုံးသပ်ချက်၊ မျှော်မှန်းချက်တွေနဲ့ ရည်မှန်းထားတဲ့စံနှုန်းအထိ remastered ဗားရှင်းဟာ အရည်အသွေးပြည့်မှီမလားဆိုတာတွေကိုတော့ တကယ်ဂိမ်းထွက်လာတဲ့အချိန်မှပဲ အကဲဖြတ်သုံးသပ်ကြဖို့ပြောရင်းနဲ့ Assassin's Creed Rogue Remastered အကြောင်းကို ဒီကနေပြန်လည်ဖော်ပြလိုက်ရပါတယ်။


Assassin's Creed Rogue Remastered
Yan
Ref: Ign, Polygon, Wikia

No comments:

Post a Comment