Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Tuesday, January 30, 2018

Ubisoft နဲ့ Titan Comic တို့လက်တွဲပြီးဖေဖော်ဝါရီလမှာ ပွဲဦးထွက်မယ့် Assassin's Creed Origins Comic


Assassin's Creed Origins နဲ့ပတ်သက်ပြီး ကျွန်တော်ဆောင်းပါးတွေအများကြီးရေးခဲ့ပါတယ်။ ကိုယ်ကိုယ်တိုင်ကလည်း AC စီးရီးကိုစွဲစွဲမြဲမြဲဆော့သူဖြစ်တာက တစ်ကြောင်း၊ ဂိမ်းသတင်းနဲ့အချက်အလက်တွေကိုစာဖတ်သူ လက်ထဲအရောက်ထည့်ပေးလိုစိတ်ကြောင့်တစ်ကြောင်း အဲဒီလိုအကြောင်းကြောင်းနဲ့ ဂိမ်မာတွေသိသင့်သမျှအချက်တွေကို သတင်းဆောင်းပါးတွေကနေပြန်လည်မျှဝေပေးနေခဲ့တာ အခုဆိုရင်အချိန်အတိုင်းအတာတစ်ခုရောက်ခဲ့ပါပြီ။ အဲဒီတော့ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာမှာထွက်ရှိခဲ့တဲ့ AC စီးရီးရဲ့နောက်ဆုံးအခွေ Assassin's Creed Origins ဟာဆိုရင် AC စီးရီးကိုပြန်လည်ဆန်းသစ်ပြီး နာမည်ကောင်းတွေရစေခဲ့တဲ့ဂိမ်းကောင်းတစ်ခုဖြစ်တယ်ဆိုတာ ဂိမ်မာတွေအားလုံးနီးပါး မပြောလည်းသိနှင့်နေပြီးပါပြီ။ AC ပရိသတ်များအတွက် Ubisoft Montreal ကတကယ့်ကိုပြောင်မြောက်တဲ့ဂိမ်းတစ်ခုကိုဖန်တီးပေးခဲ့ပြီး တစ်ဖက်မှာလည်း ဂိမ်းပရိသတ်တွေအတွက် ကွဲပြားခြားနားတဲ့ AC ဂိမ်းအတွေ့အကြုံတွေကိုပေးစွမ်းခဲ့လို့ Origins အခွေဟာ နှစ်ဦးနှစ်ဖက်အကျိုးရှိစေခဲ့တဲ့အခွေလို့ ဆိုရမှာပါ။ ဒါပေမယ့် Ubisoft ဂိမ်းကုမ္မဏီဟာ အခွေကိုထုတ်ပေးအပြီးမှာ နောက်ထပ်ဆင့်ပေါင်း Edition တွေကိုဈေးနှုန်းအစားစားနဲ့ ထုတ်ပေးခဲ့သလို ၂၀၁၈ ဇန်နဝါရီနဲ့ မတ်လမှာမှ အသီးသီးထွက်ရှိလာမယ့် DLC တွေကို အချိန်ကိုက်ညှိပြီးဈေးကွက်ထဲဖြန့်ချိဖို့ဆိုင်းထားတဲ့အပြင် Adidas ရဲ့တွဲဖက်ပါတနာဖြစ်တဲ့ Yeezy နဲ့လည်းပူးပေါင်းပြီး တစ်ကမ္ဘာလုံးမှာမှ ၁၆ ရံအတိပဲထုတ်ပေးမယ့် ရှားပါးစာရင်းဝင် Assassin's Creed Origins Yeezy ဖိနပ်တွေကို ထုတ်လုပ်ခဲ့ပြန်ပါသေးတယ်။ အဲဒီလိုအရှိန်အဟုန်ကောင်းကောင်းနဲ့ ကဏ္ဍပေါင်းစုံကနေ AC နာမည်ကိုကျယ်ပြန့်အောင်လုပ်ဆောင်နေတဲ့ Ubisoft ဟာ ယခုနှစ် ၂၀၁၈၊ ဖေဖော်ဝါရီလမှာတော့ Titan Comic နဲ့ပေါင်းစည်းပြီး Assasins's Creed Origins Comic ကိုပွဲထုတ်သွားမယ်လို့ ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ကြေငြာပေးခဲ့ပါတယ်။ ဒီသတင်းဟာ AC ဂိမ်းတွေအပြင် Comic ကာတွန်းရုပ်ပြများကိုကြိုက်နှစ်သက်ကြတဲ့ပရိသတ်တွေအားလုံး ဘဝင်ခိုက်အကြိုက်တွေ့စေမယ့် သတင်းဖြစ်ပါတယ်။ Ubisoft နဲ့ Titan Comic တို့ရဲ့လက်ရာဖြစ်တဲ့ AC Origins Comic နဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုနားစွင့်နေကြတဲ့ ပရိသတ်တွေအတွက် သိရသမျှအချက်အလက်တွေကို ရှာဖွေစာတမ်းပြုစုပြီး ဒီကနေပြန်လည်မျှဝေပေးလိုက်ပါတယ်။


























Titan Comic ဆိုတာ ဘယ်သူတွေလဲ? 

Ubisoft ဂိမ်းကုမ္ပဏီနဲ့ရေရှည်လက်တွဲဘော်တွေဖြစ်တဲ့ Titan Comic ဟာ ၂၀၁၃ ခုနှစ်မှာစတင်ထူထောင်ခဲ့တဲ့ ဗြိတိန်အခြေစိုက် Comic ကုမ္ပဏီဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာတော့ Assassin's Creed လောကနဲ့ပတ်သက်တဲ့ကာတွန်းရုပ်ပြတွေကို လစဉ်ထုတ်ပေးဖို့အတွက် Ubisoft နဲ့စာချူပ်ချူပ်ဆိုခဲ့တာဖြစ်ပါတယ်။ Titan Comic အနေနဲ့ လက်ရှိမှာတော့ Wolfenstein 2, Tekken နဲ့ Bloodborne အစရှိတဲ့နာမည်ကျော်ဂိမ်းတွေအတွက် ကာတွန်းတွေရေးဆွဲထုတ်ပေးခဲ့ပြီးဖြစ်ပြီး နောက်လာမယ့်ကာတွန်းစီးရီးအနေနဲ့ Assassin's Creed Origins Comic ကို ဖေဖော်ဝါရီလမှာ ပွဲဦးထွက်ထုတ်ပေးသွားမှာဖြစ်ပါတယ်။

Assassin's Creed Origins Comic ဟာဘယ်လိုဇာတ်လမ်းမျိုးလဲ? ဘယ်လိုအရာတွေပါဝင်မလဲ?

ဇာတ်ကြောင်းဇာတ်အိမ်နဲ့ပတ်သက်ပြီးတော့ ဘာမှများများစားစားမသိရပေမယ့် တကယ့်အီဂျစ်သမိုင်းကြောင်းအထင်ကရဖြစ်ရပ်တွေ ပါဝင်ဆက်စပ်နေမယ်လို့တော့သိရပါတယ်။ AC Origins Comic ကို တကယ့် Assassin's Creed Origins ဂိမ်းရဲ့ဇာတ်ကြောင်းအဆုံးမှာ ဇာတ်အိမ်ပြန်ကောက်ထားတယ်လို့ သိရပြီး မာယာများတဲ့ဘုရင်မကီလီယိုပက်ထရာ အပါအဝင် သူ့ခေတ်သူ့အခါကဖြစ်စဉ်များကိုပါ ထည့်သွင်းသွားမယ်လို့ ခန့်မှန်းရပါတယ်။ ဂိမ်းကိုအောင်မြင်ပြီးမြောက်အောင်ဆော့ကစားပြီးသွားတဲ့အပြင် ဂိမ်းတစ်လုံးရဲ့ဇာတ်ကြောင်းဖြစ်စဉ်တွေအပြီးမှာ နောက်ထပ်ဘာတွေဆက်ဖြစ်မလဲသိချင်တဲ့ ကစားသူပရိသတ်များအတွက် Titan Comic ရဲ့ Assassin's Creed Origins ကာတွန်းရုပ်ပြစာအုပ်ကို အဆင်သင့်လေးဖတ်ရှုရုံပါပဲ။


























ထွက်ရှိလာမယ့်ရက်စွဲနဲ့အတူ ဒီ Comic မှာဘာတွေကိုမျှော်လင့်လို့ရမလဲ

Assassin's Creed Origins Comic ကာတွန်းရုပ်ပြကို Titan Comic အနေနဲ့ဖေဖော်ဝါရီလမှာ ပွဲဦးထွက်ထုတ်ပေးသွားမှာဖြစ်ပြီး တစ်လတည်းမှာပဲ Bloodborne Comic ကိုပါထုတ်ပေးသွားမယ်လို့ ကြေငြာထားပါတယ်။ ဒါတင်မကသေးပဲ ဖေဖော်ဝါရီလအကုန် မတ်လမှာလည်း Ubisoft ဂိမ်းကုမ္ပဏီရဲ့ဂိမ်းတစ်ခုဖြစ်တဲ့ Sea Of Thieves ကာတွန်းရုပ်ပြစီးရီးကိုထုတ်ပေးသွားမှာဖြစ်ပါတယ်။ Assassin's Creed Origins Comic ဟာ မိနီစီးရီးအနေနဲ့ အပိုင်းပေါင်းလေးပိုင်းခွဲလာမှာဖြစ်ပြီး တစ်ပိုင်းစီကိုအချိန်နဲ့ကိုက်ညှိထုတ်ပေးသွားမှာပါ။ AC Origins Comic ရဲ့ အဓိကမျက်နှာဖုံးကာဗာတွေနဲ့ ကာတွန်းရုပ်ပုံတွေကို သရုပ်ဖော်ရေးဆွဲသူကတော့ The Wicked + The Divine, Queen Of Hel နဲ့ Jean Gray Comic များနောက်ကွယ်ကကာတွန်းပညာရှင် Stephanie Hans ပဲဖြစ်ပြီး အခုလာမယ့် AC စီးရီးရဲ့နောက်လာမယ့်ထုတ်ကုန်ဖြစ်တဲ့ Titan Comic ရဲ့လက်ရာကို AC ပရိသတ်များတင်မက Comic ပရိသတ်များပါ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့စောင့်မျှော်နေနိုင်ပြီဆိုတဲ့အကြောင်းကို ဒီကနေတဆင့်အသိပေးလိုက်ရပါတယ်။




























Yan
Ref: gamespot, wikia, titancomic

No comments:

Post a Comment