
ဂိမ်းလောကထဲမှာအချိန်အတိုင်းအတာတစ်ခုလောက်အထိရှိနေတဲ့ ဂိမ်းပရိသတ်တွေကို Amnesia ဂိမ်းနဲ့ အထွေအထူးမိတ်ဆက်ပေးစရာလိုမယ် မထင်ပါဘူး။ လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုလောက်က ဂိမ်းချစ်သူတွေရဲ့ စိတ်နှလုံးကိုညို့ငင်ဖမ်းစားနိုင်ခဲ့တဲ့ ၂၀၁၀ ခုနှစ်ထုတ် Amnesia: The Dark Descent ဂိမ်းဟာ ဆွီဒင်နိုင်ငံအခြေစိုက် လွတ်လပ်တဲ့ဂိမ်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Frictional Games ရဲ့ အနုပညာမြောက်ဒီဂျစ်တယ်ဖန်တီးမှုလက်ရာတစ်ခု ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်မှာထွက်ရှိခဲ့တယ်ဆိုပေမယ့် အဲဒီအချိန်တုန်းက အင်တာနက်ကွန်ယက်ဖြန့်ကျက်မှုနဲ့ ဂိမ်းတစ်ခုပြန့်နှံ့မှုနှုန်းထားဟာ ယခုခေတ်လောက်အားမကောင်းသေးတာကြောင့် နောက်ထပ်နှစ်နှစ်အကြာ ၂၀၁၂ ခုနှစ်လောက်မှာစပြီး Amnesia ရဲ့လူသိများကျော်ကြားမှုဟာ တစ်ယောက်စကား၊ တစ်ယောက်နားနဲ့ တဖြည်းဖြည်းမြင့်မားလာခဲ့တယ်လို့ ဆိုရမှာပါ။ အထူးသဖြင့်ဆွီဒင်နိုင်ငံအခြေစိုက် YouTuber တစ်ယောက်ဖြစ်တဲ့ Pewdiepie, အမေရိကန်နိုင်ငံအခြေစိုက် Markiplier နဲ့ အိုင်ယာလန်နိုင်ငံအခြေစိုက် YouTuber ဖြစ်တဲ့ Jacksepticeye တို့ရဲ့ဂိမ်းဆော့ကစားပြတဲ့ဗီဒီယိုစီးရီးတွေကနေတဆင့် Amnesia ရဲ့ အရှိန်အဟုန်ဟာ ပြန့်နှံ့အားကောင်းစွာပဲ ထင်ပေါ်ကျော်ကြားတဲ့ခေတ်ပေါ်ဂိမ်းရေစီးကြောင်းထဲကို ရောက်မှန်းမသိရောက်သွားခဲ့ရတာဖြစ်ပါတယ်။ အခုဒီဆောင်းပါးမှာပြောချင်တာကတော့ အရင်ဆယ်စုနှစ်တစ်ခုအလွန်က ထွက်ရှိခဲ့တဲ့ Amnesia: The Dark Descent အကြောင်းမဟုတ်ပါဘူး။ ၂၀၂၀ ခုနှစ်ရဲ့မကြာတော့တဲ့အချိန်မှာပုံစံသစ်နဲ့ တစ်ကျော့ပြန်ထွက်ရှိလာမယ့် Amnesia: Rebirth ဂိမ်းသစ်အကြောင်းပဲဖြစ်ပါတယ်။ အဆင်သင့်ဖြစ်ပြီဆို ဆက်ကြည့်လိုက်ကြရအောင်ဗျာ 🛋

သန့်စင်တဲ့အကြောက်တရားကိုပေးစွမ်းပြီး အဖြေမသိတဲ့လျှို့ဝှက်ဆန်းကြယ်မှုကို တစ်ကိုယ်တည်း တစ်ဆင့်ချင်းရှာဖွေရတဲ့ Amnesia ဂိမ်းဟာ မှောင်မဲမွန်းကြပ်လွန်းလှတဲ့ဂိမ်းလောကမှာ အသက်ရှင်ရုန်းကန်ရတဲ့ခံစားချက်ကိုပေးစွမ်းတဲ့ Survival horror, Adventure အမျိုးအစားဖြစ်ပါတယ်။ အမှောင်ထုထဲမှာကိန်းအောင်းနေတဲ့အန္တရာယ်တွေကို ကွက်ကွင်းရှောင်ရှားပြီး ကြုံရတဲ့ပဟေဠိတွေကို အလျင်းသင့်ရင်သင့်သလို စဉ်းစားအဖြေရှာရမယ်၊ ကိုယ့်ရဲ့ရုပ်၊ နာမ်အပေါ်မှာ အမြဲသတိကပ်နေပြီး ဆင်ခြင်တုံတရားကို ပျက်ယွင်းအောင်လုပ်မယ့်အရာတွေဆီက ထွက်ပြေးပုန်းရှောင်ရမယ်၊ ပြန်လည်တုံ့ပြန်တိုက်ခိုက်လို့မရတဲ့ ဂိမ်းကစားမှုစနစ်အောက်မှာ တွယ်ရာမဲ့နေတဲ့ကလေးငယ်တစ်ယောက်လို အထီးကျန်နေမှာလား ဒါမှမဟုတ် အမှောင်ထဲကနေ လိမ္မာပါးနပ်စွာရှောင်ကွင်းပြီး ကိုယ်လိုရာကိုပြီးမြောက်အောင်ဆောင်ရွက်မှာလားဆိုတာ ကိုယ့်ဘာသာကိုယ် မေးခွန်းထုတ်အဖြေပေးရမယ့် စိတ်ပိုင်းဆိုင်ရာကိုလှုံဆော်တဲ့ဂိမ်းတစ်ခုဖြစ်တာကြောင့် ကမ္ဘာတစ်ဝှမ်းမှာ Amnesia ဂိမ်းကိုကြိုက်နှစ်သက်ဆော့ကစားကြသူတွေ ယနေ့တိုင်ရှိနေဆဲဖြစ်ပါတယ်။ ဆိုတော့ကာ မကြာခင်မှာအသစ်ထွက်ရှိလာမယ့် Amnesia ဂိမ်းသစ်ဟာ Amnesia: Rebirth လို့ အမည်ရပြီး ဂိမ်းထဲမှာဘယ်လိုအရာတွေကို ကြုံတွေ့ရမလဲဆိုတဲ့ထွေလာနဲ့ ထွက်ရှိလာမယ့်ရက်စွဲကိုတရားဝင်ကြေညာထားတဲ့ထွေလာဆိုပြီး ဂိမ်းတည်ဆောက်ထားပုံနဲ့ ဆော့ကစားမယ့်ဂိမ်းစနစ်ကို အမြည်းသဘောပြသထားတဲ့ထွေလာနှစ်ခုတိုင်တိုင် ထွက်ရှိထားပြီး ဖြစ်ပါတယ် 🕷🕷


Amnesia: Rebirth ဂိမ်းနဲ့ပတ်သက်လို့ သတင်းအချက်အလက်များများစားစား မသိရှိနေသေးပေမယ့် လက်တလောသိရတဲ့အကြောင်းအချက်များအရတော့ ဒီဂိမ်းဟာ Algerian သဲကန္တာရမှာဇာတ်အိမ်တည်ထားကြောင်းသိရပြီး Tasi Trianon လို့အမည်ရတဲ့မိန်းမသားဇာတ်ကောင်နေရာကနေ ဂိမ်းကစားသူတွေဟာ အဓိကဝင်ရောက်ဆော့ကစားရမယ်ဆိုတာကတော့ သေချာနေပါတယ်။ အဲဒီမှာမှ ကိုယ့်ရဲ့ဖြတ်ထိုးဉာဏ်ကို အပါးနပ်ဆုံးအသုံးချပြီး ခြောက်ခြားဖို့ကောင်းတဲ့အရိပ်သဏ္ဍာန်သတ္တဝါတွေဆီက ဘယ်လိုထွက်ြပေးမလဲ? ကိုယ့်ဆီမှာရှိတဲ့ပစ္စည်းအသုံးအဆောင်တွေကို အသုံးအတည့်ဆုံးဖြစ်အောင် ဘယ်လိုအသုံးချမလဲ? အစရှိတဲ့ဆုံးဖြတ်ချက်တွေကို စိတ်ဖိအားများနေတဲ့အခိုက်အတန့်တွေကြားမှာ အလျင်အမြန်ဆုံးဖြတ်ချက်ချရမယ့် ဂိမ်းပုံစံမျိုးကိုအသားပေးထားတာလည်း တွေ့မြင်နိုင်ပါတယ်။ အဲဒီတော့ ဆွီဒင်နိုင်ငံအခြေစိုက်ဂိမ်းကုမ္ပဏီ Frictional Games ကဖန်တီးရေးဆွဲတဲ့ Amnesia: Rebirth ဂိမ်းကို လာမယ့်အောက်တိုဘာလ ၂၀ ရက်နေ့မှာ တရားဝင်ထုတ်ပေးသွားမှာဖြစ်ပြီး အခုအချိန်ကစလို့ ကြိုတင်မှာယူမှုများကို လုပ်ဆောင်နိုင်ပြီဖြစ်ကြောင်း အသိပေးအကြောင်းကြားလိုက်ရပါတယ်။ ဆော့ကစားနိုင်မယ့်ပလက်ဖောင်းများကတော့ PC နဲ့ Playstation 4 တို့ဖြစ်ပြီး GOG, Steam နဲ့ Epic Games Store တို့မှာ ဝင်ရောက်ကြည့်ရှုမှာယူနိုင်ပါပြီ။ ကဲ အဲဒီလောက်ဆိုရင်တော့ လာမယ့်မျိုးဆက်သစ်ဂိမ်းတွေနဲ့အတူ မကြာခင်ထွက်လာမယ့် Amnesia: Rebirth ကို အားလုံးစိတ်ဝင်စားနေကြမယ်လို့ မျှော်လင့်မိပါတယ်။ အခုလိုပဲပေ့ချ်မှာ ဂိမ်းလောကဆက်စပ်သတင်းအကြောင်းအရာများနဲ့ ဂိမ်းဆောင်းပါးတွေကိုတစ်ရက်ခြားတစ်ခါကြိမ်နှုန်းနဲ့ အချိန်မှန်မှန် ရေးသားတင်ဆက်ပေးသွားမှာမို့ စိတ်ဝင်စားတဲ့ဂိမ်းချစ်သူများအနေနဲ့ စောင့်မျှော်ဖတ်ရှုနိုင်ကြောင်းလည်း သတင်းကောင်းပါးလိုက်ပါရစေ။ ဖတ်ရှုသူဂိမ်းပရိသတ်များကို ကျေးဇူးအထူးတင်လျက်ရှိကြောင်းပြောရင်း နောင်လာမယ့်ဆောင်းပါးတွေမှာ ကျွန်တော်တို့ ပြန်လည်ဆုံတွေ့ကြစို့ဗျာ 🪔

Yan
No comments:
Post a Comment