ငယ်စဉ်ကတည်းကကွန်ပျူတာဂိမ်းဆိုင်တွေမှာ သူငယ်ချင်းတွေနဲ့ဂိမ်းအတူဆော့ရင်း ကြီးပြင်းလာသူတွေဆိုရင်တော့ Left 4 Dead ဂိမ်းနဲ့ အထွေအထူးမိတ်ဆက်ပေးစရာ လိုမယ်မထင်ပါဘူး။ ဆော့ကစားသူလေးယောက်ပေါင်းစည်းပြီး များပြားလှတဲ့သန္ဓေပြောင်းဇွန်ဘီအုပ်တွေကို အခန်းဆက်တစ်ခုဆီအ လိုက် နှိမ်နင်းသုတ်သင်ရတဲ့ Left 4 Dead ဂိမ်းဟာ Dota တို့လို၊ Warcraft တို့လို ဂိမ်မာတွေရဲ့ ငယ်ဘဝကို အမှတ်တရအပြည့်နဲ့ အရောင်စုံစေခဲ့တဲ့ဂိမ်းတစ်ခုလည်းဖြစ်ပြန်ပါတယ်။ ၂၀၀၉ ခုနှစ်ကတည်းကစပြီး ဘာသတင်းအစအနမှမကြားရတော့တဲ့ Valve ဂိမ်းကုမ္ပဏီထုတ် Left 4 Dead ဟာ ဂိမ်မျိုးဆက်နှစ်ဆက်တိုင်တိုင် ကူးပြောင်းလာခဲ့တဲ့ဂိမ်းလောကရဲ့အချင်းအရာတွေနဲ့အတူ တိတ်တဆိတ်ငုပ်လျှိုးပျောက်ကွယ်ခဲ့ရပါတယ်။ သို့ပေမယ့် Left 4 Dead ဂိမ်းကိုရင်ထဲစွဲမြဲစွာ ကြိုက်နေတဲ့ ဂိမ်းပရိသတ်တစ်ချို့ကတော့ အင်တာနက်စကားဝိုင်းတွေ၊ ဆွေးနွေးမှုတွေနဲ့ သက်ဆိုင်ရာဝက်ဘ်ဆိုဒ်တွေမှာ Left 4 Dead ဂိမ်းရဲ့ နောင်လာမယ့်ခြေလှမ်းတွေနဲ့ ပတ်သက်ပြီး မေးခွန်းပေါင်းများစွာ ထုတ်လို့နေခဲ့ပါတယ် 💻
အဲဒီလိုဆယ်နှစ်တာစောင့်မျှော်နေသူတွေရဲ့ မျှော်လင့်ချက်ကို Valve ကိုယ်တိုင်ကအခုအချိန်မှာ ပြည့်ဝသွားအောင် ဖြည့်စည်းပေးတော့မှာပါ။ ဘာကြောင့်လဲတော့ ဆယ်စုနှစ်တစ်ခုအထိ ပျောက်ချင်းမလှပျောက်နေခဲ့ရတဲ့ Left 4 Dead ဂိမ်းအတွက် အသစ်အသစ်သောပြောင်းလဲမှုတွေပါဝင်တဲ့ The Last Stand ထပ်ပေါင်း update ဟာ အားလုံးအတွက် မကြာခင်မှာ ထွက်ရှိလာတော့မှာမို့ပါပဲ။ ဟိုးယခင်ကတည်းက Left 4 Dead 2 ဂိမ်းကပေးစွမ်းတဲ့ ရင်ခုန်စိတ်လှုပ်ရှားမှုနဲ့ ကွဲပြားတဲ့ရသကို အသစ်တဖန်ပြန်လည်ခံစားချင်ရင်တော့ အခုလာမယ့် Left 4 Dead: The Last Stand update ဟာ ၁၀၀ ရာခိုင်နှုန်း ဂိမ်းပရိသတ်တွေအဖို့ ရည်ရွယ်ပါတယ်။ လာမယ့် Left 4 Dead: The Last Stand ဟာ အခမဲ့ update ဖြစ်ပြီး ဂိမ်းမှာ အသစ်ထည့်သွင်းထားတဲ့ ဂိမ်းမြေပုံအခန်း ၂၀ ကျော်၊ အနီးအဝေးလက်နက်သစ်တွေ၊ အသွင်ကွဲပြားပြီးကျောချမ်းဖို့ကောင်းတဲ့ ဇွန်ဘီရန်သူသစ်နှစ်မျိုးနဲ့ ဇာတ်ကောင်ဒိုင်ယာလော့အသစ်တွေအပါအဝင် ကစားသူအချင်းချင်း ရင်ဆိုင်တိုက်ခိုက်ရမယ့် PvP စနစ်နဲ့ အချောသတ်ပြင်ဆင်မှုပေါင်းများစွာ ပါဝင်တယ်လို့ သိရပါတယ်။ ဒါဟာ ဟိုးယခင်ကတည်းက အခုချိန်ထိ Left 4 Dead 2 ဂိမ်းကိုကြိုက်နှစ်သက်နေသူများအတွက် လက်လွှတ်မခံသင့်တဲ့ အခွင့်အရေးလည်းဖြစ်နေပြန်ပါတယ် 📣📣
နောက်ထပ်ဝမ်းသာစရာတစ်ခုက အခမဲ့ဖြစ်တဲ့ ဒီ Left 4 Dead: The Last Stand ကို မကြာခင်လာတော့မယ့် စက်တင်ဘာလ ၂၄ ရက်နေ့ကျရင် PC ပလက်ဖောင်းအတွက် တရားဝင်ထုတ်ပေးသွားမယ်ဆိုတာပါပဲ။ မျိုးဆက်သစ်ဂိမ်းတွေအတွက် အားပါးတရပြင်ဆင်နေတုန်းမှာ အခါအခွင့်သင့်စွာ ရောက်ရှိလာမယ့် Left 4 Dead: The Last Stand နဲ့ ငယ်ဘဝအချိန်တွေကို ပြန်လည်ရှာဖွေဖို့ အားလုံးပဲ အဆင်သင့်ဖြစ်နေလောက်ပြီလို့ ယူဆပါတယ်။ ထပ်ဆောင်းအသိပေးချင်တာတစ်ခုက မနေ့ညက ဆောင်းပါးရေးဖို့ပြင်ဆင်နေတုန်း ရုတ်တရတ်ကြီး Laptop ပိတ်ကျသွားတဲ့အတွက် ဒီဆောင်းပါးကိုဖုန်းနဲ့ရေးသားထားခြင်းဖြစ်တယ်၊ Laptop ကိုဆိုင်မှာသွားပြဖို့ ရည်ရွယ်ထားပေမယ့် ကြားကာလမှာတော့ ဆောင်းပါးတွေကို အခုလိုအလျင်းသင့်စွာပဲ ပုံမှန်တင်ဆက်ပေးဖို့ ကြိုးစားပါမယ်။ အဲဒီတော့ ဂိမ်းချစ်သူများအားလုံးကို ကြိုတင်အသိပေးရင်း ဖတ်ရှုသူများအားလုံးကိုလည်း ကျေးဇူးအထူးတင်ကြောင်း ဒီကနေပြောလိုက်ရပါတယ်။ နောင်လာမယ့် ဂိမ်းလောကသတင်းဆောင်းပါးတွေမှာ ကျွန်တော်တို့ ပြန်လည်ဆုံတွေ့ကြတာပေါ့ဗျာ 🙏
Yan
No comments:
Post a Comment