
အခုအချိန်ဟာ CAPCOM ချစ်သူတစ်ယောက်ဖြစ်တဲ့ ကျွန်တော့်အတွက်တော့ လုံးဝကိုအပျော်လုံးဆို့ပြီး ဝမ်းမြောက်ဝမ်းသာဖြစ်ရမယ့်အချိန်ပါပဲ၊ Depression down to 0%, Motivation up to 1000% ပါ။ ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့တစ်နာရီလောက်က CAPCOM ကနေပြီး Devil May Cry 5: Special Edition ထွက်ရှိလာမယ့်ဆိုတဲ့အကြောင်းကို ဂိမ်းထွေလာဗီဒီယိုနဲ့အတူ ကမ္ဘာတစ်ဝှမ်းလုံးကစောင့်မျှော်နေကြတဲ့ပရိသတ်တွေဆီ ထုတ်ဖော်ပြသလိုက်လို့ပါပဲ။ ပေ့ချ်မှာ Devil May Cry 5: Special Edition ဘယ်တော့ထွက်ရှိလာနိုင်မလဲဆိုတဲ့ဆောင်းပါးတွေ အဆက်မပြတ်တင်ပေးခဲ့တာဟာ အခုဆိုရင်တော့ တကယ့်ကို ဆုတောင်းပြည့်မြောက်ခဲ့ပြီလို့ ဆိုရမှာပါပဲ။ စာဖွဲ့လို့မရလောက်အောင်ကိုဝမ်းမြောက်မိပါတယ်၊ Devil May Cry 5 စတင်ထွက်လာပြီး လအနည်းငယ်အကြာလောက်က Devil May Cry 5 ဂိမ်းရဲ့ပရိုဂျူဆာဖြစ်တဲ့ Matt Walker နဲ့ ဂိမ်းဒါရိုက်တာ Hideaki Itsuno ကိုယ်တိုင်ကိုက DMC5 နဲ့ ပတ်သက်တဲ့နောက်ထပ်ဂိမ်း edition တွေ ထပ်မံထွက်ရှိလာမှာမဟုတ်တော့ဘူးလို့ Twitter မှာအတိအလင်းပြောကြားခဲ့တာကြောင့် ကျွန်တော်တို့ DMC ပရိသတ်တွေအားလုံး အားအင်ယုတ်လျော့ခဲ့ရပါတယ်။ ဒါပေမယ့် အချိန်နဲ့အမျှပေါက်ကြားလာတဲ့သတင်းအစအနတွေနဲ့ ရှိတဲ့မျှော်လင့်ချက်လေးကိုမရမကဆုပ်ကိုင်ရင်း တစ်ချိန်မှာတော့ DMC5 ဂိမ်းရဲ့ edition နောက်ထပ်အသစ်ထွက်လာလေမလားဆိုပြီး ယုံကြည်ချက်တစ်ခုနဲ့ပဲ ဒီနေ့ဒီအချိန်ထိစောင့်ဆိုင်းနေရခဲ့ရတာပါ။ အခုတော့ပရိသတ်တွေအားလုံးရဲ့ဆုတောင်းကို CAPCOM က မျိုးဆက်သစ်ဂိမ်းလောကနဲ့အတူ ဖြည့်ဆည်းပေးခဲ့ပါပြီ 🖥🎮

Devil May Cry စီးရီးရဲ့ထုံးစံအရ ထွက်ရှိလာတဲ့ဂိမ်းတစ်ခုမှာ နောက်ထပ်အခွဲ edition ဆိုတာ အချိန်တစ်ခုကြာမြင့်ပြီးတိုင်း ထွက်လာလေ့ရှိစမြဲပါ။ DMC 1, 2, 3 ကို စုပေါင်းပေးထားပြီး Texture အချောပြန်ကိုင်ထားတဲ့ Devil May Cry HD Collection, Devil May Cry 3 အတွက်ဆိုရင် Devil May Cry 3: Special Edition, Ninja Theory ရဲ့ DMC: Devil May Cry မှာလည်း DMC: Devil May Cry - Definitive Edition ကိုထုတ်ပေးခဲ့တဲ့အပြင် Devil May Cry 4 မှာလည်း Devil May Cry 4: Special Edition ဆိုပြီး edition တွေ အသီးသီးထွက်ရှိထားခဲ့တာ သက်သေပါပဲ။ CAPCOM ရဲ့အချိုးကိုကြိုသိနေတဲ့ DMC ပရိသတ်တွေကတော့ DMC 5 နဲ့ပတ်သက်ပြီး တစ်ခုမဟုတ်တစ်ခုတော့ တစ်ချိန်မှာထွက်လာမယ်လို့ တစ်ထစ်ချယုံကြည်ခဲ့တာဟာ အခုဆိုရင်လာမယ့်မျိုးဆက်သစ်ဂိမ်းလောကမှာ DMC 5 Special Edition ကို နဖူးတွေ့ဒူးတွေ့ ကိုယ်တိုင်တွေ့မြင်ခံစားရတော့မှာပါ။ အရင်ဆောင်းပါးတွေမှာပြောခဲ့တဲ့အတိုင်း လာမယ့် DMC 5 Special Edition မှာ Sparda ရဲ့သားအကြီးတစ်ဖြစ်လည်း Dante ရဲ့အမွှာအစ်ကိုဖြစ်တဲ့ Vergil ကို အဓိကပေါ်လွင်အောင် အသားပေးထားပြီး Turbo Mode, Ray Tracing အစရှိတဲ့နည်းပညာအဆင့်မြှင့်မှုတွေနဲ့ ပံ့ပိုးထားထားကို တွေ့ရပါတယ် ⬆️⬆️

ဆိုတော့ကာ မျိုးဆက်သစ်ဂိမ်းစက်တွေဖြစ်ကြတဲ့ Playstation 5 နဲ့ X Box Series X တို့ စတင်ထွက်ရှိပြီဆိုတဲ့ ပထမရက်ကတည်းက Devil May Cry 5: Special Edition ကို ဂိမ်းပရိသတ်တွေက ဝယ်ယူဆော့ကစားနိုင်မှာဖြစ်ပြီး လက်ရှိမျိုးဆက်ဖြစ်တဲ့ Playstation 4, X Box One X နဲ့ PC ပလက်ဖောင်းတွေအတွက်ကတော့ အချိန်တစ်ခုကြာမှ ထပ်ပေါင်း DLC အဖြစ် အပိုဆောင်းဝယ်ယူနိုင်မယ်လို့ သိရပါတယ်။ ဘယ်လိုပဲပြောပြော ဒီသတင်းကိုကြားပြီး ဒီဆောင်းပါးကိုရေးမှဖြစ်တော့မယ်ဆိုတဲ့အတွေးကြောင့် DMC 5 SE အကြောင်းကို ဒီကနေပြန်လည်မျှဝေလိုက်ရပါတယ်။ ဒီလောက်ဆိုအားလုံးလည်း ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ Devil May Cry 5: Special Edition နဲ့အတူ အခြားဂိမ်းလောကသတင်းတွေနားစွင့်နေကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်ကတော့ ဒီနေ့ကစပြီးတစ်ရက်တစ်ရက်တွက်ရင်း လာမယ့် DMC 5 SE ကို စောင့်ရပါတော့မယ်၊ ဖတ်ရှုသူအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။ အခုလိုဂိမ်းလောကဆက်စပ်ဆောင်းပါးတွေကို အချိန်မှန်ပေ့ချ်မှာတင်ဆက်ပေးသွားမှာမို့ စောင့်မျှော်ဖတ်ရှုနိုင်ကြောင်းလည်း အသိပေးလိုက်ရပါတယ်။ နောင်လာမယ့်ဆောင်းပါးတွေမှာ ကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ် 💐
Yan
No comments:
Post a Comment