ပုရွက်ဆိတ်တို့ရဲ့အင်ပါယာ
(Empire of Ants)
လို့အမည်ရတဲ့ဒီဂိမ်းကို ပြင်သစ်နိုင်ငံအခြေစိုက်ဂိမ်းစတူဒီယိုဖြစ်တဲ့ Tower
Five က ဖန်တီးရေးဆွဲပြီး Microids ကုမ္ပဏီက ထုတ်လုပ်ဖြန့်ချိသွားမှာဖြစ်ပါတယ်။
မရေမတွက်နိုင်လောက်အောင် အကောင်ရေသိန်းသောင်းချီများပြားလှတဲ့ ပုရွက်ဆိတ်တွေထဲကမှ
ဂိမ်မာများဟာ ပုရွက်ဆိတ်နံပါတ် ၁၀၃,၆၈၃ မြောက်နေရာကနေ ကိုယ့်ရဲ့အသိုက်အမြုံ၊ ကိုလိုနီကို
တစ်ဆင့်ချင်းစီတည်ဆောက်သွားပြီး ကျရောက်လာမယ့်အန္တရာယ်မျိုးစုံကနေ ကာကွယ်စောင့်ရှောက်ရမှာဖြစ်တယ်လို့
သိရပါတယ်။ လူသားတွေအမြင်နဲ့ကြည့်ရင်သာ ပုရွက်ဆိတ်လေးတွေဟာ လွန်စွာမှသေးငယ်လှပေမယ့်
သူတို့တွေမှာလည်း သီးသန့်ဘဝနေထိုင်မှုပုံစံ၊ အဖွဲ့အစည်းလိုက်လှုပ်ရှားပုံ၊ အစာရှာထွက်ပုံ၊
ရန်သူမိတ်ဆွေခွဲခြားသတ်မှတ်ပုံတွေ အစရှိသဖြင့် စနစ်တကျဖွဲ့စည်းထားတဲ့ သွားလာပြုမူဆက်ဆံပုံတွေရှိကြပါတယ်။
ပုရွက်ဆိတ်တို့ရဲ့အင်ပါယာဆိုတဲ့ နာမည်အတိုင်းပဲ ဒီဂိမ်းမှာ အင်ပါယာတစ်ခုကိုအောက်ခြေကနေ
တစ်ဆင့်ချင်းစတင်တည်ထောင်ရမှာြဖစ်ပြီး အခြားသောအင်းဆက်အမျိုးအစားများ၊ ပိုးကောင်းများ၊
တိရစ္ဆာန်များအပြင် ရင်သပ်ရှုမောဖွယ်ကောင်းတဲ့နေရာများစွာကိုလည်း ပုရွက်ဆိတ်တစ်ကောင်အဖြစ်
တွေ့မြင်ခံစားရမှာဖြစ်ပါတယ်။ ဂိမ်းအမျိုးအစားကိုတော့ ဗျူဟာဆွဲပြီးဆော့ရတဲ့ဂိမ်းအဖြစ်
သတ်မှတ်ထားပေမယ့် တိုက်ခိုက်ပုံ၊ ဇာတ်ကြောင်းရှေ့ဆက်ပုံ၊ အဆင့်တက်ပုံအစရှိတဲ့ ဂိမ်းကစားပုံအတိအကျကိုတော့
အခုထိမသိရသေးပါဘူး 🗺️
ကျွန်တော်တို့ငယ်စဥ်ကလေးဘဝတုန်းက
ပျားကလေးများရဲ့ဘဝကို ပုံဖော်ရေးဆွဲထားတဲ့ ကာတွန်းကားကိုကြည့်ခဲ့ဖူးသလို ပုရွက်ဆိတ်လေးများ၊
ငါးကလေးများရဲ့ရုန်းကန်လှုပ်ရှားမှုကို အတိုင်းသားမြင်တွေ့ခဲ့ရတဲ့ ကာတွန်းကားများကိုလည်း
ကြည့်ခဲ့ရဖူးပါတယ်။ အဲဒီအချိန်တုန်းက ငါသာအဲလိုအင်းဆက်လေးတစ်ကောင်၊ တိရစ္ဆာန်လေးတစ်ကောင်များဖြစ်ခဲ့ရင်
ဒီလိုအန္တရာယ်များတဲ့ပတ်ဝန်းကျင်မှာ ဘယ်လိုအသက်ရှင်မလဲဆိုတဲ့အတွေးတော့ ဂိမ်မာတိုင်းရခဲ့ကြဖူးမှာပါ၊
အခုဒီပုရွက်ဆိတ်တို့ရဲ့အင်ပါယာဂိမ်းဟာ အဲလိုငယ်စဥ်ဘဝကအတွေးတွေကို လက်တွေ့ဖြစ်လာအောင်
လုပ်ပေးနိုင်မယ့်ဂိမ်းတစ်ခုပါပဲ။ ဂိမ်းဇာတ်ကြောင်းပုံစံ၊ တည်ဆောက်ထားတဲ့ဂိမ်းလောက၊
နောက်ခံဇာတ်လမ်း အစရှိတဲ့အချက်အလက်တွေကိုတော့ များများစားစားမသိရသေးပေမယ့် အသစ်ထွက်လာမယ့်ဂိမ်းတွေထဲကမှ
ဒီဂိမ်းဟာ ကျွန်တော်စိတ်ဝင်စားမိတဲ့ဂိမ်းတွေထဲက တစ်ခုလို့ပြောရင်လည်းမမှားပါဘူး 🔜
ကဲ ဒီတော့ပုရွက်ဆိတ်တို့ရဲ့အင်ပါယာဂိမ်းမှာ ဘယ်လိုအံ့အားသင့်တဲ့အရာတွေပါနေမလဲ? ရုပ်ထွက်ကရောဘယ်လောက်ထိကောင်းမလဲ? ပုရွက်ဆိတ်တစ်ကောင်လို ဂိမ်းတစ်လျှောက်လုံး အပြည့်အဝခံစားရစေမလား? ပုရွက်ဆိတ်နံပါတ် ၁၀၃,၆၈၃ မြောက်နေရာက ဘယ်လိုဆော့ကစားရမလဲ? အစရှိတာတွေကို အတိအကျသိရဖို့တော့ ဂိမ်းထွက်လာတဲ့အချိန်ထိစောင့်မျှော်ရဦးမှာပါ။ လတ်တလောသိလိုက်ရတဲ့ ဂိမ်းသစ်တစ်ခုအကြောင်းကို စာဖတ်သူများသိရှိစေဖို့ အခုလိုရေးသားတင်ပြလိုက်ရပါတယ်။ နောက်လာမယ့်အပါတ်များမှာလည်း လက်ရှိဂိမ်းလောကထဲက အကြောင်းအရာများ၊ နောက်ဆုံးရဂိမ်းသတင်းများ၊ ဂိမ်းသမိုင်းကြောင်းများကို စိတ်ဝင်စားဖွယ်ရေးသားတင်ဆက်ပေးသွားမှာမို့ စောင့်မျှော်နေပေးကြဖို့ ပြောကြားရင်း ပုရွက်ဆိတ်တို့ရဲ့အင်ပါယာဂိမ်းစာစောင်ကို ဒီမှာအဆုံးသတ်လိုက်ရပါတယ်။ ဂိမ်းရဲ့ရုပ်ထွက်နဲ့ပုံစံကို တစ်စေ့တစောင်းတွေ့မြင်သိရှိချင်သူများအဖို့ ရိုက်ယူထားတဲ့ ဂိမ်းတွင်းဓာတ်ပုံများကို ဒီကနေ အမြည်းအဖြစ်ပြန်လည်မျှဝေလိုက်ပါတယ်။ 👆
Yan
No comments:
Post a Comment