လက်ရှိဂိမ်းလောကမှာ Survival Horror လို့ဆိုလိုက်ရင် ဂိမ်မာတော်တော်များများက ဘာကိုဆိုလိုသလဲဆိုတာ အတိအကျမဟုတ်တောင် သဘောတရားလောက်တော့ သိနေကြပါပြီ။ ယေဘုယျအားဖြင့်ဆိုရရင် Survival Horror ရဲ့အဓိပွါယ်ကို စကားလုံးဆိုလိုချက်အတိုင်း မြန်မာလိုပြန်ဆိုရမယ်ဆိုရင်တော့ အကြောက်တရားထဲမှာ (နှင့်အတူ) ရုန်းကန်ခြင်း၊ အသက်ရှင်သန်နေထိုင်ခြင်းလို့ အနီးစပ်ဆုံးပြန်ဆိုရမှာဖြစ်ပါတယ်။ စာဖတ်သူများသတိမထားမိတဲ့ နောက်တစ်ချက်က Survival Horror ဆိုတဲ့ရသဟာ ဗီဒီယိုဂိမ်းလောကထဲမှာသာရှိပြီး အခြားအနုပညာနယ်ပယ်များဖြစ်တဲ့ ရုပ်ရှင်တို့၊ စာပေတို့မှာ မရှိသလောက်ရှားပါးပါတယ်။ အဲဒါဘာကြောင့်လဲဆိုတော့ Survival Horror ဆိုတာဟာ ဂိမ်းဆော့ကစားသူကိုယ်တိုင်က ကိုယ်ပိုင်ဆုံးဖြတ်ချက်ချပြီး အန္တရာယ်များခြောက်ခြားတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ ရရာနည်းနဲ့ အသက်ရှင်အောင် ရုန်းကန်ရတာမို့လို့ ဖြစ်ပါတယ်။ အခြားအနုပညာနယ်ပယ်များနဲ့ ပကတိကွဲပြားတဲ့အချက်တစ်ချက်က ရုပ်ရှင်တစ်ကား၊ စာအုပ်တစ်အုပ်မှာ ဇာတ်ကြောင်းအရ အဓိကဇာတ်ဆောင်က ဘယ်လိုပြုမူမယ်၊ လုပ်ဆောင်မယ်ဆိုတာ စ၊ လယ်၊ ဆုံး ကြိုတင်သတ်မှတ်ထားပြီးဖြစ်ပေမယ့် ဗီဒီယိုဂိမ်းများမှာတော့ အဲသလိုသတ်မှတ်ချက်မရှိပါဘူး။ ဒါကြောင့်လည်း ဗီဒီယိုဂိမ်းဆိုတာ အခြားအနုပညာနယ်ပယ်များထဲက လွန်စွာမှကွဲထွက်တဲ့ ဖျော်ဖြေရေးကြားခံနယ်တစ်ခု ဖြစ်နေတာဖြစ်ပါတယ်။
ဘယ်နေရာကြည့်ကြည့် စိတ်တုန်လှုပ်ဖို့ကောင်းတဲ့နေရာတစ်ခုမှာ ဘယ်နေရာမှာကျည်ဆံကိုချွေတာသုံးမယ်၊ ရန်သူကိုမသတ်ပဲ လှည့်ပတ်ကျော်သွားမယ်၊ ဒီကောင်ကိုသတ်ပြီး
ဒီတစ်ကောင်ကိုတော့ နောက်တစ်ခေါက်မှ ပြန်လာဖိုက်မယ် အစရှိသဖြင့် ကစားသူကိုယ်တိုင်က ကိုယ်ကြိုက်တဲ့ဆုံးဖြတ်ချက်၊ ဗျူဟာအတိုင်း အဆင်ပြေသလိုဆော့ကစားပြီး
ရှေ့ဆက်ရတာဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်ရှေ့ဆက်တိုးဖို့ ဂိမ်းကပေးထားတဲ့ပစ္စည်းဆိုတာဟာလည်း ကိုယ်အသက်ရှင်နိုင်ရုံလောက်၊ အမှားတစ်ခုပဲလုပ်နိုင်ရုံလောက်
ပေးစွမ်းထားတာဖြစ်ပါတယ်။ ဒါသည်ကိုက Survival Horror ပါပဲ။
အဲဒီထဲမှာမှ မမျှော်လင့်ထားတဲ့ဇာတ်မြှုပ်ကွက်တွေပါမယ်၊ ထူးကဲတဲ့ concept
တွေနဲ့ ရုပ်ပျက်ဆင်းပျက်သတ္တဝါတွေ၊ စက်ဆုပ်ဖို့ကောင်းတဲ့နောက်ခံဇာတ်ကြောင်းတွေနဲ့
ရသမြောက်စွာ ဂိမ်းတစ်ခုလုံးကို ရေးဆွဲဖန်တီးထားတယ်ဆိုရင်တော့ ဒါကို အနုပညာမြောက်တဲ့
Survival Horror ဂိမ်းတစ်ခုလို့
ကျွန်တော်တို့မှတ်ယူရမှာဖြစ်ပါတယ်။ ကဲ အဲဒါဆိုရင် Survival Horror ဆိုပြီး ဂိမ်းရသသစ်တစ်ခု ဖြစ်လာစေတဲ့ ပထမဦးဆုံး Resident Evil ဂိမ်းဆိုတာဘာလဲ? အဲလောကထဲမှာအသက်ရှင်ရုန်းကန်ရတာ ဘယ်လောက်တောင်ခက်ခဲမလဲ?
ဂိမ်းလောကတစ်ခုလုံးကိုလှုပ်ခတ်စေခဲ့ပြီး Horror ပရိသတ်တွေအပြင်
မျိုးဆက်သစ်၊ မျိုးဆက်ဟောင်းဂိမ်မာများကပါ ကြိုက်နေဆဲ၊ ကစားနေဆဲဖြစ်တဲ့ RE ဂိမ်းစီးရီးကို အစပျိုးခဲ့တဲ့ Resident Evil 1
ရဲ့ရိုက်ခတ်မှု၊ ခမ်းနားမှုနဲ့ မျိုးစေ့ချခဲ့မှုတွေကို
ကျွန်တော်တို့လေ့လာကြည့်လိုက်ကြရအောင်ဗျာ။ တစ်ပုံချင်းစီထောက်ပြီးဖတ်ရှုပေးပါ။
၁၉၉၆ ခုနှစ်မှာပွဲဦးထွက်လာတဲ့ Resident Evil ဂိမ်းနဲ့ အရာအားလုံးစတင်ခဲ့ခြင်း
CAPCOM ကထုတ်လုပ်ဖြန့်ချိတဲ့ ပထမဦးဆုံး Resident Evil ဂိမ်းဟာ
၁၉၉၆ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး အဲဂိမ်းနဲ့အတူ Survival Horror ဂိမ်းအမျိုးအစားသစ်ကို ဂိမ်းလောကထဲအရောက်ပို့ပေးလိုက်တာဖြစ်ပါတယ်။ ၁၉၉၆
ခုနှစ်ဟာ ကျွန်တော့်ရဲ့မွေးနှစ်ဖြစ်သလို အခု ၂၀၂၄ ခုနှစ်မှာဆိုရင် Resident
Evil စီးရီးဟာ ဂိမ်းလောကမှာ ရပ်တံ့တစ်လှည့်၊ ဆက်သွားတစ်လှည့်နဲ့ အသက်
၂၇ နှစ်တိုင်တိုင် ရပ်တည်နိုင်ခဲ့တဲ့ နာမည်ကျော်ဂိမ်းတွဲတစ်ခုဖြစ်လာခဲ့ပါပြီ။
ကျွန်တော်နဲ့အသက်သိပ်မကွာတဲ့ဂိမ်မာများကတော့ ၁၉၉၀ နှောင်းပိုင်းက ဂိမ်းတွေကိုမှီလိုက်မယ်မထင်ပါဘူး၊
ငယ်ငယ်ကလမ်းဘေးဂိမ်းဆိုင်များမှာတောင် PS1 မှာဆို
ကားပြိုင်တာတို့၊ Tekken ချတာတို့၊ မြေခွေးကားမောင်းတို့ပဲ
အဆော့များကြတာဖြစ်ပြီး Resident Evil စီးရီးကိုတောင် ၂၀၀၀
ပြည့်နှစ်နှောင်းပိုင်းရောက်မှ RE4 စဆော့ပြီး သိရှိခဲ့ရတာဖြစ်ပါတယ်။
Resident Evil စီးရီးဟာ သူ့ရဲ့ပထမဆုံးဂိမ်းနဲ့ Survival
Horror ကို စတင်မိတ်ဆက်ခဲ့သလို RE4 ဟာလည်း သူ့ရဲ့
Third-Person အမြင်နဲ့ ဂိမ်းလောကတစ်ခုလုံးကို သွေးသစ်လောင်းပြောင်းလဲပေးလိုက်တာဖြစ်ပါတယ်။
RE4 မရှိခဲ့ရင် The Last of Us တို့၊ Dead
Space တို့၊ God of War (၂၀၁၈)
တို့လိုဂိမ်းမျိုးဟာ ရှိလာနိုင်မှာမဟုတ်သလို Resident Evil စီးရီးဟာလည်း
အခုလိုကမ္ဘာကျော်တဲ့ဂိမ်းစီးရီးတွဲအဖြစ်
ကြံ့ကြံ့ခိုင်ရပ်တည်နိုင်ခဲ့မှာမဟုတ်ပါဘူး။ Survival Horror ကနေ
ဂိမ်းကစားဟန်သွေဖယ်တဲ့ RE4 လို Action Horror ဂိမ်းမျိုးဆိုတာလည်း သူ့ကိုမွေးထုတ်ပေးခဲ့တဲ့ ပထမဦးဆုံး Resident
Evil မရှိပဲဖြစ်မလာနိုင်တဲ့အတွက် ကျွန်တော်တို့စီးရီးပရိသတ်များဟာ
၁၉၉၆ ခုနှစ်ကထွက်ရှိခဲ့တဲ့ ဦးဆုံးသော Resident Evil ကို
အထူးကျေးဇူးတင်ရမှာဖြစ်ပါတယ်။
ဂိမ်မာများတစ်ခါမှမကြုံခဲ့ဖူးတဲ့
ခြောက်ခြားဖွယ်ဂိမ်းကစားဟန်နဲ့ ဝင်္ကပါတစ်ခုလို ခမ်းနားကြီးကျယ်သော Spencer Mansion
Spencer Mansion လို့ဆိုလိုက်ရင် OG RE ပရိသတ်များရဲ့ကိန်းအောင်းနေတဲ့ စိတ်ဒဏ်ရာကို နှိုးဆွလိုက်သလိုပါပဲ။ RE2 မှာပါ၀င်တဲ့ရက်ကွန်းမြို့ရဲစခန်းထက် အဆပေါင်းများစွာပိုနက်နဲရှုပ်ထွေးတဲ့ Spencer Mansion ဟာ RE ပရိသတ်များ ပွဲဦးထွက်နဖူးတွေ့ဒူးတွေ့ ကြုံတွေ့ရတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ Jill (သို့) Chris အနေနဲ့ ဆော့ရမှာဖြစ်ပြီး ဒီ Mansion ကြီးထဲမှာ ဘာတွေရှိနေမလဲ? ဘယ်လိုအရာတွေကိန်းအောင်းနေမလဲ? ထိပ်သီးနည်းဗျူဟာချကယ်ဆယ်ရေးတပ်ဖွဲ့ (STARS) က ဘယ်သူတွေရော အသက်ရှင်ကျန်နေမလဲ? အဖွဲ့ခေါင်းဆောင် Wesker ကရော ဘယ်မှာလဲ? အစရှိတဲ့ပဟေဠိပေါင်းများစွာကို အခန်းတစ်ခန်းဝင်လိုက်တိုင်းမှာ တစ်လွှာချင်းစီဖြည်ထုတ်အဖြေရှာရမယ့်သူကတော့ တခြားသူမဟုတ် ဂိမ်းဆော့ကစားသူ မိမိကိုယ်တိုင်ပါပဲ။ ပစ္စည်းသယ်ဆောင်နိုင်တဲ့ပမာဏရှစ်ကွက်ပဲရှိတဲ့ ကိုယ်ဟာ (Chris ဆိုခြောက်ကွက် lol) ဂိမ်းကပေးထားတဲ့ကျည်၊ သွေးနဲ့ မလောက်မငှတဲ့ ဇွန်ဘီတွေ၊ ရန်သူတွေကို မထင်မှတ်ထားတဲ့အချိန်တွေမှာ ရုတ်တရတ်ဆိုသလို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အပွင့်လင်းဆုံးပြောရရင် Resident Evil 1 (2002 Remake) ရဲ့ ၂၀၁၄ ခုနှစ်ထုတ် PS4 ဗားရှင်းကို လွန်ခဲ့တဲ့အပါတ်ကမှ ဆော့ကစားမိဖူးပြီး လုံးဝကို ကြိုက်နှစ်သက်သွားတော့တာပါပဲ။ ဘယ်လောက်တောင်ကြိုက်မိသွားသလဲဆိုတော့ RE ချစ်သူမှန်ရင် Resident Evil 1 ကိုဆော့ဖူးမှ Survival Horror ရဲ့အရသာမှန်ကိုသိမယ်လို့တောင် တိုက်တွန်းပြောလိုက်ချင်တဲ့ထိပါပဲ။
တံခါးတစ်ချက်ဖွင့်လိုက်တိုင်းမှာ
ဘာကိုမျှော်လင့်လို့ရမှန်းမသိတဲ့လျှို့ဝှက်ချက်ပေါင်းများစွာ
တံခါးတစ်ချက်ချင်းစီဖွင့်တဲ့
animation နဲ့ လုံခြုံရေးကင်မရာလို view ကို ဂိမ်းတစ်ခုလုံး
သည်းခံကြည့်ပြီး ဇာတ်ကြောင်းလေးရှေ့နည်းနည်းဆက်အောင် ဆော့လိုက်နိုင်တာနဲ့ Spencer
Mansion ကြီးနဲ့ဆက်စပ်နေတဲ့ ကိုယ်ကြိုမမြင်ထားတဲ့အရာတွေကို
ဂိမ်းကသူ့ဟာသူ တစ်ဆင့်ချင်းပြသသွားမှာဖြစ်ပါတယ်။ လမ်းလွဲမှားယွင်းသွားတဲ့ Umbrella ရဲ့ ရေတွက်မရတဲ့စမ်းသပ်ချက်တွေ၊ Trevor မိသားစုရဲ့ကြေကွဲဖွယ်ကောင်းလှတဲ့
နောက်ခံဇာတ်ကြောင်း၊ အသိခံလို့မရတဲ့ တရားမဝင်လျှို့ဝှက်ချက်တွေ၊ STARS အဖွဲ့ရဲ့ကံဆိုးမိုးမှောင်ကျမှုတွေနဲ့ အားလုံးကိုထောင်ချောက်ဆင်ခဲ့တဲ့ သစ္စာဖောက်တစ်ယောက်က
ဘယ်သူလဲ? အစရှိတာတွေကို တက့စိတ်ခြောက်ခြားဖွယ် ဒီဂိမ်းမှာတွေ့မြင်ခံစားရမှာဖြစ်ပါတယ်။
တံခါးတစ်ချက်ဖွင့်လိုက်တိုင်းမှာ ဘာတွေရှိနေမလဲ? ဘာကိုမျှော်လင့်ရမလဲလို့တွေးပြီး တကယ်စိတ်လှုပ်ရှားရတဲ့ဂိမ်းတစ်ခုပါ၊
ပြောနေရင်တောင် အပိုဖြစ်ပါတယ်။ ကိုယ့်မှာရှိတဲ့သေနတ်၊ ကျည်၊ သွေးတွေကို စနစ်တကျစီမံပြီး ကြီးမားရှုပ်ထွေးလှတဲ့ Spencer Mansion ကြီးထဲမှာ ဟိုတံခါးဝင်၊
ဒီတံခါးထွက် ဘာတွေဖြစ်ခဲ့သလဲဆိုတာ တဖြည်းဖြည်းရှာဖွေရမယ့် Survival Horror ဂိမ်းစစ်စစ်တစ်ခုဖြစ်ပါတယ်။
အစစ်မှန်ဆုံး
Survival Horror ဂိမ်းရသကို တစိမ့်စိမ့်ခံစားရစေမယ့် Resident Evil 1 ဂိမ်းကိုဆော့ဖို့
ဘာတွေကြိုတင်ပြင်ဆင်ထားဖို့လိုမလဲ?
RE စီးရီးကိုကြိုက်တယ်ဆိုရင်တော့ Resident Evil 1 (2002 Remake) ကို ဘဝမှာတစ်ခေါက်လောက်တော့ မဆော့မဖြစ်ဆော့သင့်ပါတယ်။ ကျွန်တော်ကိုယ်တိုင်တောင်
ဆော့ကစားခဲ့တာ မကြာသေးပေမယ့် Resident Evil 1 ရဲ့အနှစ်နှစ်ဆယ်တိုင်
ဂိမ်းလောကမှာ ထင်ကျန်နေခဲ့တဲ့ဂိမ်းအရသာကို အခုထိခံစားမိနေဆဲဖြစ်ပါတယ်။ ကြိုတင်ပြောကြားလိုတာကတော့
ကိုယ့်ကိုယ်ကိုလုံးဝ မ spoil ပဲ မျက်လုံးစုံမှိတ်ပြီး ဒီဂိမ်းထဲကိုသာဝင်သွားပါ၊
ဂိမ်မာများလုံးဝအံ့အားသင့်နေမှာပါ။ နောက်ပြီး Resident Evil 1 ဟာ အခြားသော RE ဂိမ်းများနဲ့လုံးဝမတူပါဘူး၊ အရင် RE
ဂိမ်းများကိုပိုင်နိုင်အောင်ဆော့ကစားနိုင်ပြီဆိုပြီး သတိပေ့ါဆစွာ ဒီဂိမ်းထဲဝင်သွားရင်
ဂိမ်းထဲမှာမရှုမလှလမ်းပျောက်ပြီး Spencer Mansion ရဲ့အပြစ်ပေးခြင်းကိုခံရပါလိမ့်မယ်။
စူးစမ်းလေ့လာရှာဖွေခြင်း၊ ဖြတ်ထိုးဉာဏ်နဲ့ ပဟေဠိအဖြေရှာနိုင်စွမ်းတို့ကို အခြေခံထားတဲ့ဂိမ်းကစားဟန်ဖြစ်တဲ့အတွက်
စီးရီးထဲမှာ အထူးကဲဆုံး Resident Evil ဂိမ်းဖြစ်ပြီး RE1,
2, 3 ဟာ OG RE ပရိသတ်များလွန်စွာကြိုက်နှစ်သက်ရတဲ့
classic သုံးဆက်တွဲဖြစ်ပါတယ်။ နောက်ပြီး ကျွန်တော်တို့အားလုံးရဲ့အချစ်တော်ဖြစ်တဲ့ Chris, Jill, Wesker တို့လို နာမည်ကျော်ဇာတ်ကောင်များရဲ့ ငယ်စဥ်အရွယ်ကပုံစံတွေ၊ အခြားသော STARS အဖွဲ့သားတွေ၊ စကားပြောဆိုဆက်ဆံပုံတွေကို အတိုင်းသားတွေ့မြင်ရတဲ့အတွက်
စိတ်ကျေနပ်ဖို့ကောင်းတာလည်းအမှန်ပါပဲ။ Resident Evil 1 ဟာ တစ်ခါတလေမှာဘယ်လောက်တောင်
စိတ်အထီးကျန်စေသလဲ၊ မွန်းကြပ်မှုကိုခံစားရစေသလဲဆိုရင် ဂိမ်းဇာတ်ကြောင်းအရ STARS အဖွဲ့သားတစ်ယောက်ယောက်ကို တစ်ကွေ့ကွေ့မှာ တွေ့ပြီဆိုတာနဲ့ လမ်းပျောက်နေတုန်းမျက်နှာသိတွေ့သလို
စိတ်သက်သာရာရသွားတဲ့အထိ စိတ်ဖိအားပေးနိုင်တဲ့ ဂိမ်းပါပဲ (အပိုမပြောပါဘူး၊ ဆော့ဖူးသူများအဲခံစားချက်ကိုနားလည်နိုင်မှာပါ) ကဲ ဒီတော့ဆက်ပြီးမညွှန်းတော့ပါဘူး၊ ကိုယ့်ဘာသာကိုယ်ဆော့ကြည့်ပြီးသာ ဆုံးဖြတ်ချက်ချကြဖို့
ဒီကနေစကားပါးလိုက်ချင်ပါတယ်။
ဆော့ပြီးတာနဲ့
လုံးဝမေ့မရတဲ့ ဂိမ်းကစားမှုအတွေ့အကြုံကိုပေးစွမ်းသွားမယ့် Resident Evil 1 နဲ့ စာရေးသူအနှစ်ချုပ်
ကိုယ်ဟာ RE7 ကြိုက်သူလား? ဒါမှမဟုတ် RE2 Remake ရဲ့ပရိသတ်လား? ဒါမှမဟုတ် RE4 Remake ဟာ သိပ်ကြောက်ဖို့ကောင်းတယ်မထင်လို့
ပိုပြီး တစ်ဒုန်းဒုန်းရင်ခုန်စေမယ့်ဂိမ်းမျိုးကို ဆော့ချင်တာလား? ဒါဆိုရင်တော့ ဘယ်ကိုမှပြေးမကြည့်ပါနဲ့၊
Resident Evil 1 ကိုသာ အခုပဲဝယ်ဆော့လိုက်ပါ။ PS Store
မှာတော့ အမေရိကန်ဒေါ်လာ ၁၀ ကျပ်ဝန်းကျင်နဲ့ရနိုင်ပေမယ့် အခြားပလက်ဖောင်းများမှာတော့
စျေးအပြောင်းအလဲအနည်းငယ်ရှိနိုင်ပါတယ်။ ကိုယ်ပေးတဲ့ငွေ၊ သုံးရတဲ့အချိန်နဲ့တန်တဲ့ဂိမ်းတစ်ခုဖြစ်ကြောင်း
အာမခံပါတယ်။ နောက်ပြီး CAPCOM က ကျွန်တော့်ကို ဒါမျိုးဆောင်းပါးရေးတင်ဖို့လည်း
စပွန်ဆာမပေးထားပါဘူး။ ကိုယ်ကိုယ်တိုင်ဆော့ပြီးလို့ ကောင်းမွန်ကြောင်းကို အချက်အလက်နဲ့တကွ မှတ်တမ်းတင်ပြီး စာဖတ်သူဂိမ်မာများကို ထုံးစံအတိုင်း ပေ့ချ်မှာ ပြန်လည်မျှဝေတာဖြစ်ပါတယ်။
နောက်ဆုံးအနှစ်ချုပ်အနေနဲ့ ပြောလိုက်ချင်တာကတော့ Resident Evil 1 ကို ဆော့ပြီဆိုရင် စိတ်ကိုလုံးဝနှစ်မြှုပ်ထားပါ၊ အာရုံစူးစိုက်ပါ၊ headphone မဟုတ်ရင် earphone တက်ပြီးဆော့ပါ၊ ကိုယ်ရောက်နေတဲ့နေရာမှန်သမျှကို
စေ့စပ်အောင် စစ်ဆေးပါ၊ သွားခဲ့သမျှလမ်းတွေကိုမှတ်ထားပါ၊ နောက်ပြီး ဂိမ်းနဲ့ပတ်သက်လို့ဘာမျှော်လင့်ချက်
ကြီးကြီးမားမားမှ မထားပါနဲ့၊ flow အတိုင်းသွားပါလို့ မှာကြားလိုက်ပါရစေ။
ကဲ ဒါကတော့ Survival Horror ဆိုတဲ့ဂိမ်းရသသစ်ကို မွေးထုတ်ပေးခဲ့တဲ့
Resident Evil 1 ကိုဆော့ကစားပြီး စာရေးသူကိုယ်တိုင် အချိန်ယူလေ့လာပြုစုထားတဲ့ ဂိမ်းစာစောင်ပဲဖြစ်ပါတယ်။ ဖတ်ရှုရင်း ဒီထိရောက်လာပြီး သိချင်စိတ်ပိုကဲသွားရင်တော့ ကိုယ်တိုင်ကိုယ်ကျ Resident Evil 1 ကို ဝယ်ယူဆော့ကစားနိုင်သလို ဒီဆောင်းပါးကနေ RE လောကရဲ့
လူသိပ်မသိတဲ့အကြောင်းတွေ၊ ဗဟုသုတနဲ့ တခြားသောအချက်တွေကို စာဖတ်သူတွေသိသွားတယ်ဆိုရင်ဖြင့် ရေးသားရကျိုးနပ်ပါပြီ။
ဒီအပတ်မှာတော့ ဒီလောက်နဲ့အဆုံးသတ်ပါရစေ၊ နောက်လာမယ့်အပါတ်တွေမှာလည်း ဘယ်လိုဆောင်းပါးတွေတင်ဆက်ပေးသွားမလဲဆိုတာ
စောင့်မျှော်ပေးကြဖို့ ပြောကြားရင်း စာဖတ်သူတစ်ဦးချင်းစီကို ကျေးဇူးအထူးတင်ရှိကြောင်း
အသိပေးလိုက်ပါရစေ။

Yan
No comments:
Post a Comment