Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Monday, August 21, 2017

စိတ်ရဲ့သဘောသဘာဝကို အနုပညာမြောက်စွာ ဖန်တီးဖော်ကျူးထားတဲ့ Hellblade: Senua's Sacrifice


၂၀၁၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ DmC Devil May Cry Reboot ကို အားလုံးမှတ်မိလိမ့်မယ်ထင်ပါတယ်။ အဲဒီ Reboot ခွေကို Capcom က UK အခြေစိုက်ဂိမ်းရေးဆွဲသူအဖွဲ့ဖြစ်တဲ့ Ninja Theory နဲ့ လက်တွဲလုပ်ဆောင်ခဲ့တာပါ။ ၂၀၀၀ ခုနှစ်ကတည်းက ဂိမ်းလောကနယ်ပယ်မှာရှိနေခဲ့တဲ့ Ninja Theory ဟာလွတ်လပ်တဲ့ private ဂိမ်းရေးဆွဲတဲ့ကုမ္မဏီတစ်ခုဖြစ်ပြီး အဖွဲ့ဝင်အရေအတွက်နည်းနည်းနဲ့ ခြေလှမ်းတွေကျဲကျဲ လှမ်းနေတဲ့ပုံစံမျိုးပါ။ ၂၀၁၃ ခုနှစ်မှာ DmC Reboot နဲ့ပရိသတ်များကြား နာမည်ထွက်လာခဲ့တဲ့ Ninja Theory ဟာ DmC အခွေပြီးတဲ့နောက်မှာ ခြေရာတွေပြန်ဖျောက်သွားပြီး သတင်းအစအနတွေပျောက်သွားခဲ့ပြန်ပါတယ်။ ယခု ၂၀၁၇ ခုနှစ် လေးနှစ်တာကာလအကြာမှာတော့ Hellblade: Senua's Sacrifice ဆိုတဲ့ဂိမ်းအသစ်နဲ့အတူ အားလုံးရဲ့အရှေ့ကို တကြော့ပြန်ထွက်လာခဲ့ပါတယ်။ ထွက်ရှိလာပြီးပြီးချင်းမှာပဲ review တွေတဟုန်ထိုးကောင်းသလို အောင်မြင်မှုတွေဆွတ်ခူးနိုင်ခဲ့တဲ့ Hellblade ဂိမ်းဟာ Ninja Theory ရဲ့ ၁၄ နှစ်တာ ပရောဂျက်ကြီးဆိုရင်လည်း မမှားပါဘူး။ သစ်လွင်မှု၊ လျှို့ဝှက်ဆန်းကြယ်မှု၊ ကွဲပြားခြားနားမှုနဲ့ အဆုံးစွန်ရောက်ခံစားချက်တွေပေါင်းစည်းထားတဲ့ Ninja Theory ရဲ့ဂိမ်းအသစ်ဟာ ဂိမ်းတစ်ခုအနေနဲ့ဆိုတာထက် အနုပညာဆန်တဲ့ထုတ်ကုန်တစ်ခုလို့ပြောရင် ပိုမှန်မယ်ထင်ပါတယ်။ ဘာကြောင့် အဲဒီဂိမ်းကိုအနုပညာဆန်တယ်လို့ပြောရတာလဲ? ဘယ်လိုအကြောင်းတွေကြောင့် အားလုံးရဲ့ထိပ်ဆုံးကိုရောက်သွားခဲ့တာလဲ? ဂိမ်းရဲ့အကြောင်းအရာနဲ့ကစားပုံစံဆိုတာတွေကို အားလုံးသေချာစေ့စပ်စွာ သုံးသပ်အကဲဖြတ်နိုင်အောင်လို့ အချက်လေးတွေခွဲပြီး တင်ပြပေးလိုက်ပါတယ်။


ကျောက်ခေတ်နှောင်းမျိုးနွယ်စုကနေအစပြုခဲ့တဲ့ ဇာတ်ကြောင်း


Hellblade: Senua's Sacrifice ဂိမ်းဟာ ဆဲလ်တစ်ဒဏ္ဍာရီနဲ့ နော့စ်ဒဏ္ဍာရီနှစ်ခုကြားထဲမှာရှိခဲ့တဲ့ ကျောက်ခေတ်နှောင်းဗြိတိန်မျိုးနွယ်စုကို အခြေပြုထားပါတယ်။ ဂိမ်းရဲ့အဓိကဇာတ်ကြောင်းဟာ ခံစားချက်ပြင်းထန်တဲ့မိန်းမသားတစ်ဦးအနေနဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ စိတ်ရဲ့လောကပတ်ဝန်းကျင်အသစ်တစ်ခုမှာ ရင်ဆိုင်ကြုံတွေ့ရမယ့်အခက်အခဲတွေအားလုံးကိုဖြတ်ကျော်ပြီး သူမချစ်ရတဲ့ချစ်သူကို သွားရောက်ကယ်တင်တဲ့အကြောင်းပါ။  ဂိမ်းတစ်ခုလုံးမှာကိုယ်ကျင်လည်ရမယ့်နေရာတွေအားလုံးဟာ တကယ်တမ်းမှာ ကိုယ့်စိတ်ရဲ့အတွေးနဲ့ မသိစိတ်ခြောက်ခြားမှုတွေ၊ စိတ်တစ်ခုနောက်ကွယ်က လှည့်ဖြားမှုတွေရဲ့ အမှောင်အုပ်နေတဲ့နေရာတွေဖြစ်ပါတယ်။

ဂိမ်းရဲ့အဓိပ္ပါယ်ကိုဖွင့်ဆိုတဲ့ အဓိကကဏ္ဍသုံးခုက ဘာတွေလဲ

လွတ်လပ်တဲ့ဂိမ်းရေးဆွဲသူအဖွဲ့ဖြစ်တဲ့ Ninja Theory ဟာ Hellblade: Senua's Sacrifice ဂိမ်းကို independent AAA အဆင့်လို့သတ်မှတ်ထားပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဂိမ်းတစ်ခုလုံးကို ဘယ်အဖွဲ့အစည်းရဲ့အကူအညီမှမပါဘဲ ထိရောက်တဲ့စိတ်အားလူအားငွေအားသုံးပြီး အကောင်းဆုံးအနေအထားထိရောက်အောင် ကိုယ်တိုင်ကိုယ်ကျဖန်တီးခဲ့တဲ့ဂိမ်းဖြစ်လို့ပါပဲ။ Ninja Theory ရဲ့လွန်ခဲ့တဲ့ ၁၄ နှစ်ကတည်းကရည်ရွယ်ချက်ဟာ ပြောင်မြောက်တဲ့ဂိမ်းကဏ္ဍသုံးခုနဲ့ ဂိမ်းရဲ့အဓိပ္ပါယ်ကိုဖွင့်ဆိုဖို့ပဲဖြစ်ပါတယ်။ အဲဒီကဏ္ဍသုံးရပ်ကတော့ ထူးခြားကွဲပြားတဲ့အတိုက်အခိုက်စနစ်၊ ခိုင်မာတောင့်တင်းပြီး ခံစားသက်ဝင်ဖို့ကောင်းတဲ့ ဇာတ်ကြောင်းနဲ့ မှင်သက်ရှုမောဖွယ် အနုပညာဆန်တဲ့ဂိမ်းပတ်ဝန်းကျင်တို့ပဲဖြစ်ပါတယ်။ အဲဒီလိုရည်ရွယ်ချက်တွေကို Hellblade ဂိမ်းအဖြစ်နဲ့ အကောင်အထည်ဖော်ခဲ့တာပဲဖြစ်ပါတယ်။



အာရုံကြောပညာရှင်၊ ဆရာဝန်များနဲ့ လက်တွဲဆောင်ရွက်မှု


ကိုယ်ချမှတ်လိုက်တဲ့ဆုံးဖြတ်ချက်တွေ၊ သွားတဲ့ခြေလှမ်းတွေ၊ နှိမ်နင်းလိုက်တဲ့အန္တရာယ်တွေရဲ့နောက်မှာ အမြဲတမ်း လွန်ဆွဲနေတဲ့စိတ်ရဲ့ အတွေးတွေရှိနေပါတယ်။ စိတ်ဝေဒနာခံစားနေရတဲ့လူတွေရဲ့ စိတ်ထဲမှာဖြစ်နေတဲ့ အခြေအနေတစ်ရပ်ကို နားလည်သိရှိဖို့အတွက် Ninja Theory ဟာ အာရုံကြောပညာရှင်၊ ဆရာဝန်တွေနဲ့ လက်တွေ့ကွင်းဆင်းပြီး လက်တွဲဆောင်ရွက်ခဲ့ပါတယ်။ ရှုပ်ထွေးဆန်းကြယ်လှတဲ့ လူ့စိတ်အတိမ်အနက်ကို Hellblade: Senua's Sacrifice ဂိမ်းမှာ ကောင်းကောင်းကြီး ဖော်ကျူးပြထားပါတယ်။ ဂိမ်းတစ်ခုလုံးမှာ နောက်ခံစကားပြောပေါင်းမာျးစွာကို တောက်လျှောက်ကြားနေရမယ့်အပြင် ထိန်းမရတဲ့စိတ်ရဲ့အခြေအနေတွေ၊ ထွက်ပေါက်မဲ့တဲ့စိတ်နဲ့ ဖိစီးမှုတွေ၊ အာဃာတ၊ မာန၊ သောက အစရှိတဲ့စိတ်ရဲ့အင်္ဂါရပ်တွေအားလုံးကို Hellblade: Senua's Sacrifice ဂိမ်းမှာ အားလုံးကတွေ့မြင်ခံစားကြရမှာပါ။


စိတ်ရောဂါခံစားနေရတဲ့လူတွေရဲ့ စိတ်ထဲမှာဘာတွေရှိနေမလဲ?


စိတ်မနှံ့သူတွေ၊ စိတ်ရောဂါရှိသူတွေ တစ်ယောက်တည်းဗလုံးဗထွေး စကားတွေပြောနေတာကို အားလုံးတွေ့မြင်ဖူးကြမှာပါ။ တကယ်က ခေါင်းထဲမှာ၊ အကြားအာရုံမှာ စကားသံတွေကြားရတဲ့အတွက် သူတို့ကပြန်ပြီးတုံ့ပြန်တာဖြစ်ပါတယ်။ တကယ်တော့ စိတ်မနှံ့သူတွေရဲ့စိတ်ထဲမှာ စကားသံတွေကြားနေရတယ်ဆိုတာဟာ နောက်ပြောင်ပြီးပြောတဲ့စကားမဟုတ်ပါဘူး။ စိတ်ဝေဒနာတစ်ခုခံစားနေရသူတွေရဲ့ အတွင်းစိတ်မှာလည်း ဖြစ်တည်နေတဲ့ စိတ်အခြေအနေတစ်ရပ်ဆိုတာရှိပါတယ်။ ဒီ Hellblade: Senua's Sacrifice ဂိမ်းမှာ အဲဒီလိုဝေခွဲမရတဲ့ စိတ်ရဲ့အနက်ရှိုင်းဆုံးတစ်နေရာကို အားလုံးကိုခေါ်ဆောင်သွားမှာပါ။ အဲဒီလိုမျိုးထူးဆန်းပြီး လက်တွေ့ဆန်တဲ့အကြောင်းအရာကြောင့် Hellblade ဂိမ်းက အားလုံးထက် ပိုကွဲထွက်သွားခဲ့တာလို့ဆိုရင်လည်း မှားမယ်မထင်ပါဘူး။



ဂိမ်းကစားရမယ့်ပုံစံ၊ ပတ်ဝန်းကျင်လောကနဲ့ အနှစ်ချူပ်

Heavenly Sword နဲ့ DmC တို့မှာကတည်းက Ninja Theory ရဲ့အဓိကကျောရိုးဂိမ်းပုံစံဖြစ်တဲ့ စတိုင်ကျတဲ့အတိုက်အခိုက်စနစ်ကို Hellblade ဂိမ်းမှာ ထည့်သွင်းပေးထားပါတယ်။ ဒါပေမယ့် တိုက်ခိုက်တဲ့ကဏ္ဍဟာ ဂိမ်းတစ်ခုလုံးရဲ့ ၂၀ ရာခိုင်နှုန်းလောက်ပဲရှိပါတယ်။ စူးစမ်းရှာဖွေမှုတွေ၊ နယ်မြေကျင်လည်မှုတွေ၊ အန္တရာယ်တွေကိုရင်ဆိုင်နှိမ်နင်းတာတွေ၊ ရင်သပ်ဖိုမောဖို့ကောင်းတဲ့ ဆန်းကြယ်တဲ့ပတ်ဝန်းကျင်တွေ အားလုံးပေါင်းစည်းပြီး Hellblade: Senua's Sacrifice ဂိမ်းကို ဖန်တီးထားတာဖြစ်ပါတယ်။ ဂိမ်းရဲ့ဇာတ်ကြောင်းက လက်တွေ့အရမ်းဆန်သလို ဆန်းကြယ်ပြီးအနုပညာဆန်ပါတယ်။ ဒီဂိမ်းမှာ သွားရမယ့်နေရာတွေ၊ တွေ့မြင်ရမယ့်အရာတွေ၊ ဖြတ်သန်းကြုံတွေ့ရမယ့် အရာတွေအားလုံးက တကယ့်တကယ် ကိုယ့်စိတ်ထဲမှာပဲဖြစ်နေတယ်ဆိုတဲ့အတွေးဟာ အားလုံးဘဝင်ခိုက်အကြိုက်တွေ့သွားစေတဲ့ အချက်ပဲဖြစ်ပါတယ်။ ဒီတော့ လူသားတွေရဲ့စိတ်ကိုအခြေခံပြီး ထူးခြားဆန်းကြယ်တဲ့ဂုဏ်အင်္ဂါရပ်တွေနဲ့ ပြောင်မြောက်တဲ့ဂိမ်းတစ်ခုကို အနုပညာဆန်ဆန်ဘယ်လိုဖန်တီးထားလဲ သိချင်သူများအဖို့ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့မှာ တရားဝင်ထွက်ရှိခဲ့တဲ့ Ninja Theory ရဲ့ Hellblade: Senua's Sacrifice ဂိမ်းကို ဆော့ကြည့်ကြဖို့ ဒီကနေတိုက်တွန်းလိုက်ပါရစေ။



Yan
Ref: empireonline, wikia, news-journal

No comments:

Post a Comment