Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Wednesday, August 30, 2017

အားလုံးကိုမှင်သက်သွားစေမယ့် Assassin's Creed နဲ့ Final Fantasy တို့ရဲ့ပေါင်းစည်းမှု


၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့က ထွက်ရှိခဲ့တဲ့ Final Fantasy ဂိမ်းဇာတ်လမ်းတွဲရဲ့ နောက်ဆုံးအခွေအသစ်ဖြစ်တဲ့ Final Fantasy XV ဟာ သစ်လွင်တဲ့ဇာတ်ကောင်တွေ၊ ရင်သပ်ရှုမောဖွယ်ဂိမ်းလောက၊ စိတ်လှုပ်ရှားစရာဇာတ်ကြောင်း၊ ကွဲပြားတဲ့ဂိမ်းကစားမှုပုံစံတို့နဲ့ Final Fantasy ဂိမ်းစီးရီးကိုတစ်ကြော့ပြန်သစ်ဆန်းစေခဲ့ပါတယ်။ ပလက်ဖောင်းသုံးမျိုးလုံးမှာ ဆော့ကစားနိုင်တဲ့ Final Fantasy XV ဂိမ်းဟာ သူ့ရဲ့ပြောင်မြောက်တဲ့ကဏ္ဍအသီးသီးတို့ကြောင့် ဂိမ်းလောကမှာနာမည်ကောင်းတွေရလာခဲ့တာ အားလုံးမျက်မြင်ပါပဲ။ အဲဒီလိုအောင်မြင်မှုတွေ အတိုင်းအတာတစ်ခုအထိဆွတ်ခူးလာနိုင်ခဲ့တဲ့ Final Fantasy XV ဟာ နောက်ဆက်တွဲအခွေထုတ်ဖို့ဆိုတာထက် DLC တွေ update အသစ်တွေနဲ့ ကစားသူတွေကို ပိုမိုဆန်းပြားတဲ့ဂိမ်းအတွေ့အကြုံတွေပေးစွမ်းဖို့ ကြိုးပမ်းလာခဲ့ပါတယ်။ ဘယ်လိုမျိုး DLC ဖြစ်မလဲ၊ နောက်လာမယ့် update တွေကရော ဘယ်လိုမျိုးလုပ်ဆောင်ချက်အသစ်တွေပါလာမလဲလို့ ဂိမ်မာတွေစောင့်ဆိုင်းနေတဲ့အချိန်မှာ ဘယ်သူမှမျှော်လင့်မထားတဲ့ပေါင်းစည်းမှုကြီးကို Final Fantasy XV DLC အဖြစ်နဲ့ မကြာခင်တွေ့မြင်ခံစားကြရတော့မှာဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ Ubisoft နဲ့ Square Enix တို့ဟာ Assassin's Creed ဂိမ်းစီးရီးနဲ့ Final Fantasy XV တို့ပေါင်းထားတဲ့ DLC ကို သြဂုတ်လ ၃၀ ရက်နေ့မှာ ထုတ်ပေးတော့မှာဖြစ်ကြောင်း လတ်တလောကမှ တရားဝင်ကြေညာခဲ့လို့ပါပဲ။ နာမည်ကျော်ဂိမ်းစီးရီးနှစ်ခုဖြစ်ကြတဲ့ AC နဲ့ Final Fantasy ကိုပေါင်းစည်းပြီး ဂိမ်းတစ်ခုထဲမှာဆော့ကစားဖို့ဆိုတာ ဂိမ်မာတွေမက်ဖူးကြတဲ့အိပ်မက်ဖြစ်ပေမယ့် တကယ်တမ်းလက်တွေ့မှာတော့ မျှော်လင့်ချက်ကလေးသာသာပါ၊ ဒါပေမယ့် အခုတော့ အဲဒီအိပ်မက်ဟာ တကယ်ကြီးဖြစ်လာခဲ့ပါပြီ။ ဒီတော့ အမှန်တရားဘက်တော်သား Assassin တွေနဲ့ စိတ်ကူးယဉ်ဆန်ဆန် Final Fantasy ထဲကဇာတ်ကောင်တွေကို ဘယ်လိုမျိုးပေါင်းစည်းထားလဲ၊ ဆော့ရမယ့်ပုံစံကရော ဘယ်လိုမျိုးလဲ၊ ပါဝင်မယ့်ဇာတ်ကောင်အမျိုးအစား အစရှိတာတွေကို စုစည်းပြီးဒီမှာဖော်ပြပေးလိုက်ပါတယ်။

Assassin တစ်ယောက်ဖြစ်လာဖို့ ဘယ်ကစတင်ရမလဲ

Assassin တစ်ယောက်ဖြစ်လာဖို့အတွက်ဆိုရင်တော့ Moogle Chocobo Carnival ပွဲတော်မှာ Dream Egg ကိုလိုက်လံရှာဖွေရမှာပါ။ အဲဒီ Dream Egg ကိုရှာတွေ့သွားပြီဆိုရင်တော့ အဓိဇာတ်ဆောင်ဖြစ်တဲ့ Noctis ဟာ Assassin ဝတ်စုံကို စတင်ဝတ်ဆင်နိုင်ပြီဖြစ်ပါတယ်။ သြဂုတ်လ ၃၀ မှာ DLC ထွက်ရှိမှာဖြစ်ပြီး နောက်တစ်ရက်မှာ Final Fantasy XV ဂိမ်းရဲ့ Assassin ပွဲတော် DLC ကို အားလုံးကဝင်ရောက်ဆော့ကစားနိုင်မှာပဲဖြစ်ပါတယ်။


Assassin တစ်ယောက်အနေနဲ့ တွေ့ကြုံခံစားနိုင်မယ့်အရာတွေ


DLC အတွင်းမှာ ကိုယ်ကျင်လည်ရမယ့်မြို့ကတော့ Lestalium မြို့ဖြစ်ပြီး ဂိမ်းအတွင်းမှာလုပ်ငန်းဆောင်တာအသစ်တွေ၊ မစ်ရှင်အသစ်တွေ၊ လုပ်ဆောင်ချက်အသစ်တွေနဲ့ Assassin Creed ဂိမ်းဒီဇိုင်းတွဲဆက်ထားတဲ့ ပစ္စည်းတွေ၊ အဆောက်အအုံတွေကို အားလုံးကတွေ့မြင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် Noctis အနေနဲ့ Assassin ဝတ်စုံကိုဝတ်ဆင်ထားတဲ့အတွက် ပြောင်းလဲသွားတဲ့တိုက်ခိုက်မှုအကွက်အသစ်တွေ၊ သွားလာတဲ့စတိုင်အသစ်တွေ၊ Assassin ဆန်ဆန်လှုပ်ရှားမှုတွေကို ထည့်ပေါင်းမြင်တွေ့ရဦးမယ့်အပြင် Assassin Creed ရဲ့အချက်အခြာကျလုပ်ဆောင်ချက်တစ်ခုဖြစ်တဲ့ ဟိုးအမြင့်တစ်နေရာကနေ သိမ်းငှက်တစ်ကောင်လိုအဟုန်နဲ့ မြေအောက်ကိုထိုးဆင်းတဲ့ Leap Of Faith လုပ်ဆောင်ချက်ကို လုပ်ဆောင်နိုင်ဦးမှာပါ။

Assassin ပွဲတော်ကျင်းပချိန်နဲ့ ပြီးဆုံးချိန်


Assassin ပွဲတော်ကို သြဂုတ်လ ၃၁ ရက်နေ့မှာစတင်ကျင်းပမှာဖြစ်ပြီး ၂၀၁၈ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ အဆုံးသတ်မှာဖြစ်ပါတယ်။ PS4 နဲ့ Xbox One ပလက်ဖောင်းများအတွက် update အသီးသီးကို ရယူနိုင်မှာဖြစ်ပြီး PC အတွက်တော့ ဘယ်အချိန်မှာရောက်လာမလဲဆိုတာ မသိရသေးပါဘူး။ Nocits ဟာ Master Assassin ဝတ်စုံကိုဝတ်ဆင်လို့ရမယ့်အပြင် brotherhood ကြီးရဲ့အငွေ့အသက်ကို ဂိမ်မာများခံစားနိုင်စေဖို့ ကျန်တဲ့အဓိကဇာတ်ကောင် ၃ ယောက်အတွက်လည်း ဆင်မြန်းနိုင်မယ့် Assassin ဝတ်စုံတွေရှိနေပါသေးတယ်။


ရှေ့ဆက်အနာဂတ်မှာဖြစ်လာမယ့် crossover တွေနဲ့ပတ်သက်သမျှ 


Final Fantasy XV ဂိမ်းအနေနဲ့ Assassin Creed ရဲ့ အငွေ့အသက်တွေကိုပေးစွမ်းဖို့ DLC တစ်ခုအဖြစ်ဖန်တီးပြီး ဂိမ်းထဲမှာထည့်သွင်းခဲ့တယ်ဆိုပေမယ့် Assassin Creed အနေတော့ Final Fantasy နဲ့ပတ်သက်တဲ့အကြောင်းအရာ၊ ကဏ္ဍတွေကို တကယ့်ဂိမ်းထဲမှာတစ်ဖန်ပြန်ထည့်သွင်းဖို့ အစီအစဉ်မရှိသေးဘူးလို့ သိရပါတယ်။ အခုလို crossover DLC ကိုဖန်တီးဖြစ်ခဲ့တာလည်း လွန်ခဲ့တဲ့ ၃ နှစ်လောက်က Ubisoft ဂိမ်းဆွဲတဲ့အဖွဲ့နဲ့ Square Enix ဂိမ်းဖန်တီးသူများအဖွဲ့တို့ မိတ်ဖြစ်ဆွေဖြစ် တွေ့ဆုံရာကနေ အစပျိုးခဲ့တယ်လို့ဆိုပါတယ်။

အနှစ်ချူပ်

Ubisoft နဲ့ Square Enix အနေနဲ့ အနာဂတ်မှာထပ်ပြီးပေါင်းစည်းသွားမယ့် crossover ဂိမ်းတွေရဲ့ အရိပ်အယောင်ကိုတော့ ဘာမှမချပြသေးပေမယ့် ဂိမ်မာတွေမက်ခဲ့ရတဲ့အိပ်မက်တစ်ခုထဲကတစ်ခု အကောင်အထည်ပေါ်လာတာဖြစ်တဲ့အတွက် ဒီ crossover DLC ကလုံးဝကိုအားရကျေနပ်စရာကြီးပါ။ ဒါပေမယ့်အချိန်အကန့်သတ်နဲ့ဖြစ်တဲ့အတွက် Assassin ပွဲတော်စတင်ပြီဆိုတာနဲ့ အားလုံးကလက်မနှေးဘဲ အလျင်အမြန်ဆော့ထားနိုင်မှ စိတ်ကျေနပ်ဖို့ကောင်းတဲ့ ဂိမ်းတွင်းအတွေ့အကြုံတွေကို အပြည့်အဝခံစားနိုင်မှာဖြစ်တယ်လို့ပြောရင်း Final Fantasy XV: Assassin Festival DLC ကိုဒီကနေ ညွှန်းလိုက်ပါရစေ။



Yan
Ref: gamespot, ign



No comments:

Post a Comment