Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Monday, August 7, 2017

၁၉ ရာစု၊ ကပ်ရောဂါဆိုက်လန်ဒန်မြို့မှာ သွေးစုပ်ဖုတ်ကောင်အဖြစ်ဆော့ကစားရမယ့် Vampyr


သွေးစုပ်ဖုတ်ကောင်တွေရဲ့လောကမှာရှင်သန်ပြီး သူတို့ရဲ့ဘဝကိုလေ့လာချင်တယ်ဆိုရင်တော့ Vampire: The Masquerade ဟာ PC ရဲ့ အကောင်းဆုံးဒရယ်ဂူလာဂိမ်းတစ်ခုပါ။ ဒါပေမယ့်အချိန်တွေကြာသွားတာနဲ့အမျှ ဖုတ်ကောင်လောကနဲ့ပတ်သတ်တဲ့ အတွေ့အကြုံသစ်တွေ၊ ဂိမ်းသစ်တွေကို ဂိမ်မာတွေတောင့်တလာကြမှာပါ။ အဲဒီလိုသွေးစုပ်ဖုတ်ကောင်တွေနဲ့ ပြည့်နှက်နေတဲ့ခေတ်ကာလကို တစ်ခေါက်ပြန်သွားလိုသူများအတွက်ဆိုရင်တော့ ၁၉ ရာစု၊ လန်ဒန်မြို့မှာဇာတ်အိမ်တည်ထားတဲ့ Vampyr ဂိမ်းဟာ အသင့်တော်ဆုံးရွေးချယ်မှုဖြစ်မှာပါ။ Life Is Strange ဂိမ်းစီးရီးကိုဖန်တီးခဲ့တဲ့ ပြင်သစ်နိုင်ငံအခြေစိုက် Dontnod ဂိမ်းစတူဒီယိုဟာ Vampyr ဂိမ်းရဲ့ဖန်တီးသူအဖွဲ့ဖြစ်ပြီး  Vampyr ဂိမ်းမှာ သွေးဆာလောင်နေတဲ့သွေးစုပ်ဖုတ်ကောင်တစ်ယောက်ရဲ့ဘဝကို ကိုယ်ကျကိုယ်ကျဝင်ရောက်ခံစားနိုင်မှာဖြစ်သလို ကိုယ့်ပတ်ဝန်းကျင်ကအပြစ်မဲ့တဲ့လူသားတွေရဲ့ ကံကြမ္မာနဲ့ လန်ဒန်မြို့ကြီးရဲ့ရလဒ်ဟာ ကိုယ့်ရဲ့ဆုံးဖြတ်ချက်အပေါ်မှာမူတည်နေပါတယ်။ E3 2016 ပွဲမှာတုန်းက ဂိမ်းဖြန့်ချိသူအဖွဲ့ဖြစ်တဲ့ Focus Home Entertainment ကနေပြီး Vampyr ဂိမ်းရဲ့ထွေလာကို ပရိသတ်တွေဆီထုတ်ဖော်ပြသခဲ့ပါတယ်။ အမှောင်လွှမ်းနေတဲ့ ၁၉ ရာစုလန်ဒန်မြို့ ဆိုးသွမ်းလှတဲ့ရောဂါကပ်ဘေးကြီးနဲ့ သွေးစုပ်ဖုတ်ကောင်တွေရဲ့ဇာတ်လမ်း၊ အနာဂတ်မှာကျရောက်လာမယ့်အန္တရာယ်ကို မီးမောင်းထိုးထားတဲ့ဇာတ်ဖြစ်တာကြောင့် တွေ့မြင်ကြည့်ရှုခဲ့ကြတဲ့ ပရိသတ်မာျးအားလုံးဘဝင်ခိုက် အကြိုက်တွေ့သွားခဲ့ပါတယ်။ ဂိမ်းသစ်ဆယ်မျိုးထွက်ရင်မှ ရှားရှားပါးပါး တစ်ခွေလောက်ထွက်လာတတ်တဲ့ ဒရယ်ဂူလာနောက်ခံဇာတ်ကြောင်းနဲ့ ဒီနှစ်ကုန်မှာထွက်ရှိလာမယ်လို့ခန့်မှန်းထားတဲ့ Vampyr နဲ့ဂိမ်းပတ်သက်သမျှတွေကို ဒီကတဆင့်ဂိမ်မာများသိရှိစေဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

အသွေးအသားထဲကဖုတ်ကောင်ဗီဇနဲ့ ဆရာဝန် Doctor Jonathan Red
ဂိမ်းရဲ့အဓိကဇာတ်ကောင်ဖြစ်သူ Doctor Jonathan Reid ဟာ တည်ငြိမ်အေးဆေးတဲ့ဆရာဝန်တစ်ယောက်ပါ။ Jonathan ဟာဖြောင့်မတ်တဲ့လူတော်တစ်ယောက်ဖြစ်ပြီး ဆေးပညာကိုပြန်လည်သင်ကြားပို့ချတဲ့ဆေးဆရာတစ်ယောက်ဖြစ်သလို သွေးစုပ်ဖုတ်ကောင်ဗီဇရောယှက်နေတဲ့ ဇာတ်ကောင်တစ်ယောက်ဖြစ်ပါတယ်။ Jonathan ဟာသူ့အသွေးအသားထဲမှာဖြစ်တည်နေတဲ့ သွေးစုပ်ဖုတ်ကောင်ဗီဇတွေကြောင့် သူ့လူနာတွေနဲ့လူ့ပတ်ဝန်းကျင် ဘယ်တော့မှမထိခိုက်စေရဘူးလို့ စိတ်သန္နိဋ္ဌာန်ချထားသူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒါပေမယ့် ဂိမ်းတစ်လျှောက်လုံးမှာ သူ့ရဲ့လူသားစိတ်နဲ့ ဖုတ်ကောင်ဗီဇလွန်ဆွဲမှုတွေက ဇာတ်လမ်းရဲ့အချက်အခြာကျတဲ့ အခန်းကဏ္ဍဖြစ်လာမှာပါ။

သမိုင်းကြောင်းထဲကစပိန်ကပ်ရောဂါကပ်ဘေးနဲ့ ၁၉၁၈ ခုနှစ် လန်ဒန်မြို့

Vampyr ဂိမ်းကို ၁၉၁၈ ခုနှစ်၊ လန်ဒန်မြို့မှာအဓိကကျောရိုးဇာတ်အိမ်တည်ထားပါတယ်။ အပြစ်မဲ့တဲ့အသက်ဝိညာဉ်ပေါင်းမြောက်များစွာကိုနှုတ်ယူခဲ့တဲ့ တုပ်ကွေးကပ်ရောဂါဘေးကြီးဟာ လန်ဒန်မြို့မှာရဲ့နေရာတိုင်းမှာ ကိန်းအောင်းတည်ရှိနေပါတယ်။ အဲဒီလိုအချိန်မျိုးမှာ ရောဂါခံစားနေရတဲ့လူသားတွေရဲ့အသက်ကို ရသလောက်ကယ်တင်ပေးဖို့တာဝန်ဟာ ဆရာဝန်တစ်ယောက်ဖြစ်တဲ့ Reid ရဲ့ပုခုံးပေါ်မှာ အလိုလိုကျရောက်လာပါတယ်။ အဲဒီတော့ ကိုယ်ကလူတွေကိုပဲလိုက်ကယ်တင်မှာလား၊ ဒါမှမဟုတ်ရင် အခြား side quest တွေကိုပဲလိုက်လုပ်မှာလားဆိုတာ ဂိမ်မာတွေကိုယ်တိုင်ပဲ ဆုံးဖြတ်ရမှာပါ။ ကိုယ်အခြေချပြီး လုပ်ငန်းတွေဆောင်ရွက်ရမယ့်နေရာက ဆေးရုံဖြစ်ပြီး ဆေးရုံတစ်ဝိုက်ပတ်ဝန်းကျင်ဟာ သွေးစုပ်ဖုတ်ကောင်နှိမ်နင်းသူတွေ၊ ဒရယ်ဂူလာမုဆိုးတွေ ဝင်ရောက်အကြမ်းဖက်လို့မရတဲ့ ကြားနေရာတစ်ခုဖြစ်ပါတယ်။

စိတ်ဝင်စားဖို့ကောင်းတဲ့ leveling ဂိမ်းတွင်းလုပ်ဆောင်ချက်

Vampyr ဂိမ်းလို့အမည်ပေးထားတဲ့အတိုင်း ဂိမ်းပတ်ဝန်းကျင်၊ ဇာတ်လမ်းအသွားအလာနဲ့ ကစားဟန်ဟာ ဂိမ်းကိုပြန်လည်ထင်ဟပ်စေပါတယ်။ ကိုယ်ဟာဘယ်လောက်ပဲစိတ်ထားဖြူစင်တဲ့ ဆရာဝန်ဖြစ်နေပါစေ သွေးစုပ်ဖုတ်ကောင်တစ်ဖြစ်လဲဖြစ်နေတဲ့အတွက် ကိုယ့်ရဲ့အစွမ်းတွေကိုမြှင့်တင်ဖို့ဆိုရင်တော့ လူတွေရဲ့အသွေးအသားကို ဝါးမြိုစားသုံးရမှာပါပဲ။ ဒီနေရာမှာတစ်ခုရှိတာက ကိုယ်စားသုံးလိုက်တဲ့လူအပေါ်မှာမူတည်ပြီး ကိုယ့်ရဲ့စွမ်းအင်တိုးမြင့်လာမှု ကွာခြားသွားမယ်ဆိုတဲ့အချက်ပါပဲ။ လမ်းပြင်ထွက်ပြီးတွေ့သမျှလူတွေကိုလိုက်လံတိုက်ခိုက်နေရုံနဲ့ အဆင့်မမြင့်သွားပါဘူး၊ ဂိမ်းကချမှတ်ထားတဲ့စနစ်အတိုင်း လူတစ်ယောက်ရဲ့အသွေးအသားကို စားသုံးလိုက်မှသာ leveling အထမြောက်မှာဖြစ်ပြီး ကိုယ့်စွမ်းအားပြည့်ဝမှုပမာဏဟာ ကိုယ်စားသုံးလိုက်တဲ့လူရဲ့ကောင်းမွန်သန့်စင်ခြင်းအပေါ်မှာ မူတည်နေတာဖြစ်ပါတယ်။ အဲဒါတင်မကသေးပါဘူး၊ လူတစ်ယောက်ကိုစားသုံးလိုက်ပြီဆိုရင် အဲဒီလူရဲ့ဘဝနဲ့ မှတ်ဉာဏ်အချက်အလက်တွေကိုပါ ကိုယ်ကသိရှိသွားပြီး သူနဲ့ပတ်သက်တဲ့ကွင်းဆက်တွေကို ချိတ်ဆက်မိသွားတဲ့အပြင် ဖြစ်လာမယ့် နောက်ဆက်တွဲရလဒ်တွေကိုပါကြိုခန့်မှန်းလို့ရပါတယ်။


သွေးစုတ်ဖုပ်ကောင်မိတ်ဆွေနဲ့ ရန်သူ


ကိုယ်ဟာသွေးစုတ်ဖုပ်ကောင်တစ်ယောက်ဖြစ်နေတဲ့အလျောက် ကိုယ်နဲ့အမျိုးတူသူတွေဟာလည်း ကိုယ့်ပတ်ဝန်းကျင်မှာရှိနေမယ်ဆိုတာကိုတော့ ငြင်းပယ်လို့မရတဲ့အချက်တစ်ချက်ဖြစ်သလို အဲဒီအချက်ကြောင့်ပဲ Vampyr ဟာပိုပြီးစိတ်ဝင်စားဖို့ကောင်းသွားခဲ့တာပါ။ အမျိုးတူသွေးစုပ်ဖုတ်ကောင်တွေနဲ့ မုချတွေ့မယ်ဆိုတာကို ခေါင်းဆောင်ဒီဇိုင်နာဖြစ်သူ Florent Guillaume က E3 2016 ပွဲမှာတုန်းက အရိပ်အမြွက်ပြောပြသွားပါတယ်၊ ဒါပေမယ့် တစ်ချို့သွေးစုပ်ဖုတ်ကောင်တွေဟာ ကိုယ်ရဲ့မိတ်ဆွေတွေဖြစ်ပြီး ကိုယ်လုပ်ဆောင်တဲ့ကိစ္စတွေမှာတောင် ဝင်ရောက်ကူညီမယ့်သူတွေသလို တချို့သွေးစုပ်ဖုတ်ကောင်တွေဟာ အပြစ်မဲ့လူသားတွေရဲ့အသက်ကို လိုက်လံအန္တရာယ်ပြုနေတဲ့ ဆိုးသွမ်းတဲ့သွေးစုပ်ဖုတ်ကောင်တွေပါ။ ဒါတင်မကသေးဘဲ လန်ဒန်မြို့ရဲ့အမှောင်အမှိုက်တွေကို အမြစ်ပြတ်ရှင်းလင်းနေတဲ့ သွေးစုပ်ဖုတ်ကောင်မုဆိုးလူသားတွေကိုလည်း ရင်ဆိုင်ရမှာပါ။

ကိုယ့်ရဲ့လုပ်ရပ်တွေရဲ့ရလဒ်အပေါ်မူတည်နေတဲ့ လန်ဒန်မြို့ရဲ့ကံကြမ္မာ

သမားရိုးကျ role playing ဂိမ်းတွေလိုမျိုး Vampyr မှာ အဓိက quest, side quest နဲ့ကျယ်ပြန့်စွာသွားလာနိုင်မယ့် ဂိမ်းလောကပါဝင်ပါတယ်။ Vampyr ဂိမ်းမှာ စိတ်ဝင်စားဖို့ကောင်းတဲ့အချက်က မတူကွဲပြားတဲ့အရည်အချင်းတွေ၊ စွမ်းရည်တွေကိုမြှင့်တင်ပြီး ဇာတ်ကောင် Reid ကိုပိုမိုအစွမ်းထက်အောင်လုပ်တဲ့နေရာမှာ ကိုယ့်ရဲ့လုပ်ရပ်က ကပ်ရောဂါကျရောက်နေတဲ့လန်ဒန်မြို့ကြီးကိုပါ အကျိုးသက်ရောက်စေတယ်ဆိုတာပါပဲ။ အပြစ်ကင်းစင်တဲ့လူသားတွေကိုရွေးချယ်ပြီး ဝါးမြိုရင်စွမ်းအားပမာဏပိုတိုးတယ်ဆိုပေမယ့် အပြစ်မဲ့တဲ့လူသားတစ်ယောက် ဒီလောကကြီးမှာဆုံးရှုံးသွားတဲ့ရလဒ်က ကိုယ်ကျင်လည်ရာလန်ဒန်မြို့ကြီးကို အကျိုးသက်ရောက်ပါတယ်။ ဒီတော့အမှောင်တွေထပ်မလွှမ်းစေချင်ရင် လူတွေကိုမစားရုံဘဲရှိသလို လူတွေကိုမစားရင်လည်း စွမ်းအားတွေကတိုးလာမှာမဟုတ်တဲ့အတွက် ဂိမ်မာများကလိမ္မာပါးနပ်စွာ ဆုံးဖြတ်ချက်ချဖို့လိုပါတယ်။



အထက်မှာပြောပြခဲ့သလောက်ဆိုရင်တော့ တော်တော်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့ဂိမ်းတစ်ခုဖြစ်နေပါပြီ။ အခုလိုအချိန်မျိုး နည်းပညာဘက်ကို အလေးပေးထားတဲ့ဂိမ်းတွေချည်း တောက်လျှောက်ထွက်နေတဲ့ကာလအတွင်းမှာ သွေးစုပ်ဖုတ်ကောင်ဇာတ်ကြောင်းနဲ့ လန်ဒန်မြို့နောက်ခံဂိမ်းဆိုတော့ ဂိမ်မာများအတွက်တော့ လုံးဝကွက်တိပါပဲ။ Vampyr ဂိမ်းကို ၂၀၁၇၊ နိုဝင်ဘာလမှာထွက်ရှိမယ်လို့လျာထားပြီး လောလောဆယ်တော့ PS4 ပလက်ဖောင်းပေါ်မှာသာ သီးသန့်ဆော့ကစားနိုင်မယ်လို့ သိရပါတယ်။

Yan
Ref: gamereactor, polygon, wiki



No comments:

Post a Comment