Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Monday, June 10, 2019

ရင်ခုန်စရာအကောင်းဆုံးမျိုးဆက်သစ်ဂိမ်းတွေနဲ့ ဝေဆာပြန်ဦးမယ့် ၂၀၁၉ ခုနှစ်ရဲ့ E3 ပွဲမှာ ဘာတွေကိုမျှော်လင့်လို့ရမလဲ?



ဂိမ်းချစ်သူတွေနဲ့ နည်းပညာနှစ်သက်မြတ်နိုးသူတွေ ရင်ခုန်စိတ်လှုပ်ရှားစွာ နှစ်စဉ်နှစ်တိုင်းစောင့်မျှော်လေ့ရှိကြတဲ့ ၂၀၁၉ ရဲ့ E3 ပွဲဟာဆိုရင် လက်ရှိကြားသိရသမျှ သတင်းတွေအရတော့ အတော်လေးကို အလားအလာကောင်းနေပါတယ်။ နာမည်ကြီးဂိမ်းကုမ္ပဏီတွေ၊ ဂိမ်းထုတ်လုပ်ဖန်တီးသူတွေရဲ့ ကြိုတင်ကြေညာမှုတွေ၊ သတင်းစာရှင်းလင်းပွဲတွေ၊ အနာဂတ်မှာထွက်ရှိလာမယ့် ဂိမ်းအသစ်တွေရဲ့ အကြိုပြသမှုတွေနဲ့အတူ လက်ရှိမှာဂိမ်းမီဒီယာတွေအားလုံးရဲ့ အထူးအာရုံစိုက်ခြင်းကိုခံနေရတဲ့ E3 ပွဲမှာ ဂိမ်းအသစ်တွေအနေနဲ့ ဘယ်လိုမျိုးပွဲတက်ပွဲထွက်လာမလဲဆိုတာ တကယ့်ကိုရင်ခုန်စရာပါပဲ။ စာရေးသူအနေနဲ့ဆိုရင်လည်း ဂိမ်းချစ်သူတွေအတွက် နှစ်စဉ်ကျင်းပလေ့ရှိတဲ့ အခုလို E3 ပွဲအကြောင်းကို ရေးသားဖော်ပြခဲ့တာ အခု ၂၀၁၉ ခုနှစ်နဲ့ဆိုရင် သုံးနှစ်ဆက်တိုက်ရှိခဲ့ပြီ ဖြစ်ပါတယ်။ ဂိမ်းလောကမှာ ဆယ်စုနှစ်ပေါင်းများစွာရပ်တည်ခဲ့တဲ့ Sony ရဲ့ Playstation, Microsoft ရဲ့ X Box, Nintendo လိုမျိုးထိပ်တန်းဂိမ်းကုမ္ပဏီတွေသာမက ပြောင်မြောက်တဲ့ဂိမ်းတွေနောက်က ဖန်တီးသူတွေအဖြစ် နာမည်တစ်လုံးနဲ့ရပ်တည်နေတဲ့ Square Enix, Bethesda, EA, Ubisoft, Sega နဲ့ Capcom လိုမျိုးဂိမ်းထုတ်လုပ်ဖန်တီးသူတွေရဲ့ လှုပ်ရှားမှုအသစ်တွေကိုပါ တစ်ချိန်တည်းတစ်နေရာတည်းမှာ တွေ့မြင်ခံစားရမှာဖြစ်တဲ့အတွက် နှစ်တိုင်းကျင်းပနေကြဖြစ်တဲ့ E3 ပွဲကြီးဟာ ဂိမ်မာတွေရင်ခုန်မယ်ဆိုရင်လည်း အထူးခုန်ချင်စရာပါပဲ။ ဒါတွေတင်မကသေးပဲ သူမတူတဲ့ဖန်တီးမှုတွေကို ချပြလာမယ့် မျိုးဆက်သစ်ဂိမ်းဖန်တီးသူအသစ်တွေရဲ့ လက်ရာတွေကလည်း စီနီယာများနဲ့ပုခုံးချင်းယှဉ်လို့ရနိုင်လောက်အောင်ကို ပြောင်မြောက်နေတဲ့အတွက် ဘယ်သူတွေကပရိသတ်ရဲ့တစ်ခဲနက် အားပေးမှုကိုရသွားလိမ့်မလဲဆိုတာကတော့ စောင့်ကြည့်ရုံကလွဲပြီး ဘာမှမတတ်နိုင်ပါဘူး။ ဒီတော့ လာမယ့် E3 ပွဲမှာ ဘယ်သူတွေက ဘာတွေကိုချပြမလဲ? ဘယ်လိုဂိမ်းမျိုးတွေက ဈေးကွက်ကိုဦးဆောင်မလဲ? ဂိမ်းဖန်တီးသူအသစ်တွေရဲ့လက်ရာတွေက ဘယ်လိုရှိနေလဲ? အစရှိတာတွေကိုသိရဖို့ အဆင်သင့်ဖြစ်ပြီဆိုရင် ဆက်သွားလိုက်ကြရအောင်ဗျာ။



E3 ပွဲကျင်းပမယ့်အချိန်ရက်စွဲနဲ့ ခန်းမဆောင်နေရာ

ယခုနှစ် E3 ပွဲရဲ့အဓိကပွဲစီစဉ်သူကတော့ အမေရိကန်နိုင်ငံအခြေစိုက် ဗီဒီယိုဂိမ်းကုန်သွယ်အဖွဲ့အစည်း ESA (Entertainment Software Association) ဖြစ်ပြီး ယမန်နှစ်တွေက ကျင်းပခဲ့တဲ့အတိုင်းပဲ ယခုနှစ်ရဲ့ E3 ပွဲကို အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်မှာရှိတဲ့ လော့အိန်ဂျယ်လ်လိစ် Convention Center မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပပေးသွားမှာဖြစ်ပါတယ်။ ပွဲကျင်းပမယ့်အချိန်ကတော့ ဇွန်လ ၁၁ ရက်ကနေ ၁၃ ရက်အထိ အချိန်သုံးရက်သုံးညတိုင်တိုင်ဖြစ်ပြီး Timezone အချိန်ကွာဟချက်ရှိတဲ့အတွက် မြန်မာနိုင်ငံစံတော်ချိန်အတိုင်းအတာ (GMT +6:30) အရတွက်ချက်ကြည့်မယ်ဆိုရင်တော့ ဇွန်လ ၁၂ ရက် ဗုဒ္ဓဟူးနေ့ကနေ ဇွန်လ ၁၄ ရက်၊ သောကြာနေ့အထိ ကျင်းပသွားမယ်လို့ဆိုနိုင်ပါတယ်။ E3 ပွဲကျင်းပခဲ့တဲ့သမိုင်းတောက်လျှောက်မှာ ပထမဆုံးအကြိမ်အဖြစ် Sony အနေနဲ့ ပွဲမစခင်ကျင်းပလေ့ရှိတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဘာကိုမှထုတ်ဖော်ပြောကြားခြင်းမရှိခဲ့သလို ပါဝင်ခြင်းလည်းမရှိခဲ့ပါဘူး။



ထိပ်တန်းဂိမ်းကုမ္ပဏီတွေရဲ့ ဂိမ်းအသစ်ထုတ်ဖော်ပြသမှုတွေနဲ့ အနာဂတ်ဂိမ်းကောင်းများစွာ

ဂိမ်းလောကနဲ့ ဈေးကွက်မှာ ရပ်တည်လာခဲ့တာ သက်တမ်းကြာမြင့်ပေမယ့် ဂိမ်းကောင်းတွေစဉ်ဆက်မပြတ်ထုတ်လုပ်ဖန်တီးနေဆဲဖြစ်တဲ့ ဂိမ်းကုမ္ပဏီကြီးတွေအနေနဲ့ ဒီနှစ် E3 ပွဲမှာလည်းပဲ ချပြစရတွေရှိနေပါတယ်။ ကောင်းပေ့မိုက်ပေ့ဆိုတဲ့ဂိမ်းတွေကို ဂိမ်းချစ်သူတွေဆီ အချိန်မှန်အရောက်ပို့ပေးနေတဲ့ ဂိမ်းထုတ်လုပ်ဖန်တီးသူတွေအနေနဲ့ လာမယ့် ၂၀၁၉ E3 ပွဲအတွက် ပြင်ဆင်ထားတာတွေကတော့
Microsoft – Microsoft အနေနဲ့ ပြီးခဲ့တဲ့ဇွန်လ ၉ ရက်နေ့က E3 ပွဲမှာဘာတွေမျှော်လင့်နိုင်မလဲဆိုတဲ့ သတင်းစာရှင်းလင်းပွဲကို Microsoft Theater မှာ အကျဉ်းချုံးပြုလုပ်ခဲ့ပြီး ပွဲချိန်မတိုင်ခင် ဇွန်လ ၁၀ ရက်နေ့မှာ အနာဂတ်ရဲ့ဂိမ်းတင်ဆက်ပြသမှုတွေကို စောင့်မျှော်အားပေးနေကြတဲ့ ပရိသတ်များအတွက် Xbox ကနေတဆင့် ပြသပေးသွားမှာဖြစ်ပါတယ်။ လက်ရှိအချိန်အထိ ဂိမ်မာတွေအရူးအမူးအားပေးခဲ့ကြတဲ့ဂိမ်းတွေကတော့ ပရိသတ်သန်းပေါင်းများစွာရဲ့မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးခဲ့တဲ့ Star Wars Jedi: Fallen Order, John Wick အဖြစ်တစ်ကမ္ဘာလုံးက ပရိသတ်တွေသိကြတဲ့ Keanu Reeves ရဲ့ထူးကဲတဲ့တင်ဆက်မှုနဲ့အတူ လက်ခုပ်သံတွေဝေဆာခဲ့တဲ့ Cyberpunk 2077, ဂိမ်မာတိုင်းရဲ့ငယ်ဘဝကိုပြန်လည်အမှတ်ရစေမယ့် Age of Empire 2: Definitive Edition, Saiyan တွေကိုကြိုက်လှပါချည်ရဲ့ဆိုသူတွေအတွက် Dragonball Z: Kakarot တို့အပြင် လက်တွေ့အဆန်ဆုံးဇွန်ဘီဂိမ်း State of Decay: Heartland နဲ့ နှစ်ပေါင်းများစွာဂိမ်မာတွေအားပေးလာခဲ့တဲ့ Borderland 3 တို့ပဲ ဖြစ်ပါတယ်။ ဒါတွေတင်မကသေးပဲ အခြားနာမည်ကျော်ဂိမ်းတွေဖြစ်ကြတဲ့ Lego Star Wars: The Skywalker Saga, Dying Light 2, Forza Horizon 4, CrossFire X, Tales of Arise နဲ့ Elder Ring တို့ဟာလည်း စောင့်ကြည့်ရမယ့်ဂိမ်းတွေပါပဲ၊ Sony မတက်ရောက်တဲ့ ၂၀၁၉ ခုနှစ်မှာတော့ Microsoft အနေနဲ့ ခြေလှမ်းတွေပိုသွက်လို့လာတာ အမှန်ပါပဲ။


Bethesda Softwork – The Elder Scrolls စီးရီး၊ The Evil Within, Wolfenstein နဲ့ Dishonored လိုမျိုး ပရိသတ်တစ်သက်တာစွဲမက်စေမယ့် ဂိမ်းတွေရဲ့နောက်ကွယ်က Bethesda အနေနဲ့လည်း ဒီနှစ်အတွက် ပြင်ဆင်ထားတဲ့အရာတွေရှိနေပါတယ်။ လက်ရှိမှာကြိုတင်ရင်ခုန်နိုင်တဲ့ဂိမ်းတွေကတော့ လွတ်လပ်တဲ့ဂိမ်းကစားဟန်နဲ့ ကျယ်ပြန့်တဲ့ဂိမ်းလောကကြောင့် လူသိများကျော်ကြားတဲ့ The Elder Scrolls Online အပြင် သူနဲ့ဆက်စပ်နေတဲ့ Elder Scrolls: Blades နဲ့ Elder Scrolls: Legends, ကမ္ဘာစစ်မှ အနိုင်ရသွားတဲ့ နာဇီဂျာမဏီရဲ့နည်းပညာအဆင့်မြင့်မှုအောက်မှာ အဖိနှိပ်ခံနေရတဲ့အမေရိကန်ပြည်ထောင်စုဘက်ကနေ စစ်ပွဲနဲ့ အပစ်အခတ်ကို လက်ရာမြောက်စွာရောယှက်ထားတဲ့ Wolfenstein ရဲ့နောက်ဆက်တွဲ Wolfenstein: Cyberpilot နဲ့ Wolfenstein: Youngblood, အာကာသသတ္တဝါဆိုးတွေကို ရင်ဆိုင်နှိမ်နင်းရမယ့် Doom Eternal တို့ဖြစ်ပြီး အဲဒီဂိမ်းတွေကတော့ အသံကြားရုံနဲ့ရင်ခုန်စရာဆိုတာ ဝန်ခံရမှာပါပဲ။ အဲဒါတွေအပြင် Bethesda Softwork အနေနဲ့ သူတို့ကိုယ်တိုင်ဖန်တီးထုတ်လုပ်ထားတဲ့ Orion Software middleware ပက်ကေ့ချ်ကိုလည်း ထုတ်ဖော်ပြသွားဖို့အစီအစဉ်ရှိတဲ့အပြင် Orio Software ဟာ  ဂိမ်မာတွေ stream လုပ်တဲ့အခါ ဂိမ်းဆွဲအားမြန်နှုန်းနဲ့ လိုင်းချိတ်ဆက်မှုမှာ ပိုမိုအဆင်ပြေလွယ်ကူစေဖို့ ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။

Ubisoft - ဇွန်လ ၁၀ ရက်နေ့မှာကျင်းပမယ့် သတင်းစာရှင်းလင်းပွဲမှာမှ ဘာတွေပြင်ဆင်ထားလဲဆိုတာ အတိအကျသိရမယ့်အနေအထားမှာရှိတဲ့ Ubisoft ဘက်ကလည်း ဘယ်လိုမျိုးဂိမ်းတွေအဆင်သင့်ရှိနေလဲဆိုတာ ခန့်မှန်းရခက်နေပါတယ်။ ဒါပေမယ့် Ubisoft ဘက်ကအရေးပါအရာရောက်သူတွေနဲ့ အဖွဲ့သားတော်တော်များများ E3 သတင်းစာရှင်းလင်းပွဲကိုတက်ရောက်ခဲ့တာကို ပုံမှာတွေ့နိုင်ပါတယ်။





Square Enix – Square Enix အနေနဲ့လည်း ဂိမ်းကြေညာချက်တွေရဲ့ ထုတ်လွှင့်တင်ဆက်မှုကို ဇွန်လ ၁၀ ရက်နေ့မှာ တိုက်ရိုက် stream ပြုလုပ်သွားမယ်လို့ ရည်ရွယ်ထားပါတယ်။ Square Enix အတွက်ရာထားပေးတဲ့ အချိန်နဲ့နေရာဟာ ယခင်နှစ်အထိ Sony ကပါဝင်ခဲ့တာဖြစ်ပြီး ဒီနှစ်မှာ Sony မတတ်ရောက်တဲ့အတွက် Square Enix ဘက်က ကြေညာချက်ပြုလုပ်ဖို့ အခိုက်အတန့်ကောင်းကို ရခဲ့တယ်လို့ ဆိုရမှာပါ။
PC Gaming Show - အားလုံးသိကြတဲ့အတိုင်း အသစ်ထွက်လာမယ့်ဂိမ်းတွေနဲ့ ဂိမ်းပလက်ဖောင်းတွေအကြောင်းပြောမယ်ဆိုရင် PC ကတော့ မပါမဖြစ်ပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ဂိမ်မာအများစုသာမက ဂိမ်းအကြောင်းအရာဖန်တီးသူ Content Creator များဟာ Playstation, Xbox နဲ့ Nintendo စတဲ့ အိမ်သုံးဖျော်ဖြေရေးဂိမ်းစက်များထက်စာရင် အထူးပြုပြင်မွန်းမံထားတဲ့ စွမ်းအားမြင့်ဂိမ်းကွန်ပျူတာ PC များနဲ့သာ ဂိမ်းအတော်များများကို ဆော့ကစားကြလို့ဖြစ်ပါတယ်။ ဒီတစ်ခေါက်လာမယ့် E3 ပွဲရဲ့ PC Gaming Show အစီအစဉ်မှာ ပါဝင်ပြသကြမယ့် ဂိမ်းဖန်တီးထုတ်လုပ်သူများကတော့ Epic Games, Digital Extremes, Digital Uppercut, Annapurna Entertainment, Chucklefish, Frontier Development, Paradox Entertainment, Perfect World Entertainment, Rebellion နဲ့ Tripwire Interactive တို့ပဲဖြစ်ပါတယ်။ PC ပလက်ဖောင်းအတွက်ကတော့ ဘယ်လိုအမိုက်စားဂိမ်းမျိုးပါဝင်လာမယ်၊ ခံစားမှုအတွေ့အကြုံနဲ့ ရသသစ်ပေးစွမ်းမယ့်ဂိမ်းတွေ ချပြမယ်ဆိုတာကတော့ ပွဲစဉ်အချိန်မှသာ ကျွန်တော်တို့ဂိမ်မာတွေ သိနိုင်ပါလိမ့်မယ်။



ရည်ညွှန်းဖော်ပြထိုက်သောဂိမ်းအချို့၊ အခြားစိတ်ဝင်စားဖွယ်အစီအစဉ်များနဲ့ စာရေးသူအနှစ်ချူပ်

မကြာခင်မှာကျင်းပတော့မှာဖြစ်တဲ့ ၂၀၁၉ ခုနှစ်ရဲ့ E3 ပွဲမှာ ဘယ်လိုအကြောင်းအရာတွေပါဝင်လာမလဲဆိုတာကို အားလုံးအရိပ်အမြွက်လောက်တော့ ခန့်မှန်းရလောက်ပြီထင်ပါတယ်။ E3 ပွဲရဲ့ထုံးစံအရ ဂိမ်းကုမ္ပဏီအသီးသီးရဲ့ စိတ်လှုပ်ရှားဖို့အကောင်းဆုံးဂိမ်းဖော်ပြချက်တွေအပြင် နည်းပညာပိုင်းနဲ့ပတ်သက်တဲ့အစီအစဉ်တွေလည်း တင်ဆက်ပေးဖို့ရှိနေပါသေးတယ်။ ဆောင်းပါးမှာထည့်သွင်းရေးသားဖော်ပြထိုက်တာတွေကတော့ Nintendo အနေနဲ့ Super Smash Bro: Ultimate နဲ့ Splatoon 2 အတွက်ကျင်းပသွားမယ့် ပြိုင်ပွဲအစီအစဉ်၊ သတင်းထူးတွေယူဆောင်လာတတ်တဲ့ E3 ရဲ့ကြားအစီအစဉ်ဖြစ်တဲ့ E3 Coliseum မှာ Netflix အနေနဲ့ E3 မှာချပြမယ့် ဂိမ်းတွေရဲ့ကြိုးပမ်းအားထုတ်မှုကိုယ်စီကို ဖော်ပြတဲ့ panel, နာမည်ကျော်ကာတွန်းစီးရီး Simpsons ရဲ့နောက်ကွယ်က ထုတ်လုပ်ရေးသားသူတွေ ကိုင်ဆောင်မယ့် E3 ပွဲ panel တို့နဲ့ ဂိမ်မာတွေအားလုံးရင်ခုန်စွာစောင့်မျှော်နေတဲ့ Call of Duty: Infinite Warfare ဂိမ်းသစ်အကြောင်းကို ဆွေးနွေးပြောကြားသွားမယ့် Infinity Ward အစရှိတာတွေကို တွေ့မြင်ရဖို့အခွင့်အရေးရှိနေပါတယ်။ နောက်ဆုံးတစ်ခုကတော့ အားလုံးတအံ့တသြဖြစ်သွားရစေမယ့် Microsoft ရဲ့ Xbox Scarlet ပရောဂျက်ဖြစ်ပြီး ၂၀၂၀ မှာ အကောင်အထည်ဖော်မှာဖြစ်ပါတယ်။ အဲဒီအကြောင်းကိုတော့နောက်ထပ်ဆောင်းပါးတစ်ခုနဲ့အတူ သီးသန့်ရေးသားတင်ဆက်ပေးပါမယ်။ ကဲ သိသင့်သိထိုက်တဲ့ E3 အကြောင်းအရာတွေကတော့ ကုန်သလောက်ရှိနေပြီဖြစ်တဲ့အတွက် ဂိမ်မာအားလုံးကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျန်တာတွေကိုတော့ တကယ့်ပွဲကျင်းပတဲ့အချိန်မှသာ သိရှိရပါလိမ့်မယ်။ ဖြည့်စွက်ပြောချင်တာကတော့ ၂၀၁၉ E3 ပွဲမှာဖော်ပြခဲ့တဲ့ဂိမ်းတွေထဲကမှ စာရေးသူအတော်လေးဘဝင်ခိုက်သွားမိတဲ့ ဂိမ်းတစ်ခုရှိပါတယ်။ အဲဒီဂိမ်းအကြောင်းဆောင်းပါးကိုလည်း မကြာခင်မှာရေးသားတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် စောင့်မျှော်နေပေးကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ လာမယ့် E3 ပွဲနဲ့ပတ်သက်ပြီး အနယ်နယ်အရပ်ရပ်က ဂိမ်မာများအားလုံးနည်းတူ စာရေးသူလည်း ရင်ခုန်ကြောင်းပြောရင်း ဒီဆောင်းပါးကိုအဆုံးသတ်လိုက်ရပါတယ်။ ဖတ်ရှုသူများအားလုံးကို ကျေးဇူးတင်ပါတယ်။


Yan
Ref: Techradar, Pcworld, wikia, YouTube

No comments:

Post a Comment