Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Thursday, June 13, 2019

စိတ္တဇဆန်ဆန်ခြောက်ခြားစရာ သဘာဝလွန်ရုပ်ရှင်ဇာတ်လမ်းကနေ ရာစုသစ်ဂိမ်းတစ်ခုအဖြစ် ပြန်လည်အသက်ဝင်လာတဲ့ Blair Witch


အခုပြောမယ့်အကြောင်းကို အချို့သော ၉၀ ခုနှစ်ဖွားများကတော့ တစွန်းတစသိနိုင်ပါလိမ့်မယ်။ ကျွန်တော်ကိုယ်တိုင်လည်း ၉၀ ခုနှစ်နောင်းပိုင်းဖွားတဲ့သူဖြစ်ပေမယ့် ဒီလိုမရှေးမနှောင်းရုပ်ရှင်ဇာတ်ကားကို ကြည့်ခဲ့မကြည့်ခဲ့ဖူးလားဆိုတာ အသေအချာမမှတ်မိပါဘူး။ ဟိုးလေးတကျော်ပေါက်မြောက်တဲ့ ရုပ်ရှင်ဇာတ်ကားမဟုတ်သော်ငြားလည်း သူ့အိုးနဲ့သူ့ဆန်ဆိုသလို ကောင်းမွန်ပြောင်မြောက်တဲ့ ရုပ်ရှင်ဇာတ်ကားတစ်ခုရဲ့အတိုင်းအတာလောက်တော့ နာမည်ရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမယ့် အခုပြောမယ့်အကြောင်းကတော့ ၁၉၉၀ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်တို့မှာအသီးသီးထွက်ရှိခဲ့တဲ့ စိတ္တဇရုပ်ရှင်အကြောင်းမဟုတ်ပါဘူး။ အဲဒီရုပ်ရှင်ရဲ့ပုံပြင်ဇာတ်လမ်းကိုမှ လက်ရှိခေတ်အခြေအနေနဲ့ အကိုက်ညီဆုံးဖြစ်အောင် ကဏ္ဍပေါင်းစုံက ပြန်လည်ပြုပြင်မွန်းမံပြီး အသက်ပြန်သွင်းထားတဲ့ Blair Witch ဆိုတဲ့ဂိမ်းအကြောင်းပါပဲ။ ဒီဂိမ်းထွက်ရှိလာမယ်ဆိုတဲ့အကြောင်းကို လွန်ခဲ့တဲ့တစ်ရက်ကမှ ကျင်းပပြီးစီးသွားခဲ့တဲ့၂၀၁၉ ခုနှစ် E3 ပွဲမှာထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။ Ghostwire Tokyo, Elden Ring အစရှိတဲ့ဂိမ်းတွေနဲ့ အနေအထားချင်းတူညီတယ်လို့ ခန့်မှန်းရတဲ့ ဒီ Blair Witch  ဂိမ်းနဲ့ပတ်သက်ပြီး ဒီဂိမ်းဟာ ဘယ်လိုဇာတ်လမ်းဇာတ်အိမ်မျိုးရှိမလဲဆိုတာ ခန့်မှန်းနေကြသူတွေအတွက် စိတ်ကျေနပ်စရာတစ်ခုကိုအရင်ဆုံး ပြောလိုက်ချင်ပါတယ်။



အဲဒါကတော့ အရင်ကြေညာခဲ့တဲ့ဂိမ်းတွေလိုမျိုး ထွက်ရှိမယ့်ရက်စွဲရော၊ ဇာတ်လမ်းဇာတ်အိမ်နဲ့ ဂိမ်းကစားဟန်ရော ဘာဆိုဘာမှမသိရတာမျိုးမဟုတ်ဘဲ အခုလာမယ့် Blair Witch ဂိမ်းဟာ ၁၉၉၉ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်တို့က ရုပ်ရှင်ရဲ့နောက်ခံဇာတ်လမ်းထဲမှာပဲ ဂိမ်းဇာတ်အိမ်ကိုတည်ထားပြီး First Person Horror Survival ဂိမ်းဖြစ်တယ်လို့ Xbox က အတိအလင်းပြောကြားခဲ့လို့ပါပဲ။ အခုလိုအမှောင်အတိလွှမ်းပြီး ထိတ်လန့်ခြောက်ခြားစရာကောင်းတဲ့ Blair Witch ရဲ့နောက်ကွယ်က ဂိမ်းရေးဆွဲဖန်တီးသူတွေကတော့ ရသပြောင်မြောက်လှတဲ့ Horror ပရိသတ်တွေရဲ့အသည်းစွဲ Layers of Fear ဂိမ်းကို ထုတ်လုပ်ခဲ့တဲ့ Bloober စတူဒီယိုဖြစ်ပြီး ဒီတစ်ခေါက် Blair Witch ပရောဂျက်မှာ အစွမ်းကုန်ကြိုးစားအားထုတ်ထားတယ်လို့ ဆိုပါတယ်။ ဂိမ်းကို ၂၀၁၉ ခုနှစ်ရဲ့ E3 ပွဲမှာ Microsoft နဲ့ Xbox က ကြေညာပေးခဲ့တာဖြစ်ပြီး ညို့မှိုင်းမှိုင်းတောအုပ်အလယ် မှောင်ကြီးမည်းကြီးထဲမှာ ဓါတ်မီးတစ်လက်ကိုကိုင်ပြီး ခွေးတစ်ကောင်ကို အဖော်ပြုရင်း တစ်စုံတစ်ခုကိုရှာဖွေစုံစမ်းနေတဲ့ လူတစ်ယောက်ရဲ့ဗီဒီယိုတပိုင်းတစကို ထွေလာမှာတွေ့မြင်ရမှာဖြစ်ပါတယ်။ ဘယ်လိုဖြစ်ရပ်တွေလာဦးမလဲဆိုတာကို မှန်းဆလို့မရပေမယ့် ဒီဂိမ်းဟာအကြောက်တရားကို အတိုင်းသားခံစားရစေမယ့် တသီးသသန့် Horror ဂိမ်းဖြစ်တယ်လို့ ထွေလာကိုကြည့်ပြီး သိနိုင်ပါတယ်။ 



အရာရာကိုစူးစမ်းလေ့လာတတ်တဲ့ ဓါတ်ရှင်ဖန်တီးသူလောလိပ်ကျောင်းသား Ellis အနေနဲ့ ယုံတမ်းပုံပြင်တစ်ခုဖြစ်တဲ့ Blair Witch အကြောင်းကိုစုံစမ်းဖို့ တောတောင်မှောင်မည်းထဲ သွားရောက်ခဲ့တဲ့အဖြစ်အပျက်အပေါ်မှာ ၁၉၉၉ ခုနှစ်က Blair Witch ရုပ်ရှင်ရဲ့ဇာတ်အိမ်ကိုတည်ထားပေမယ့် အဲဒါတွေအပြီးနောက်ထပ် အချိန်နှစ်နှစ်အကြာမှာ Ellis ရဲ့ပျောက်ဆုံးသွားမှုကို Bullet ဆိုတဲ့ရဲခွေးတစ်ကောင်နဲ့ လိုက်လံစုံစမ်းတဲ့ရဲသား Peter Shannon အပေါ်မှာ Blair Witch ဂိမ်းဇာတ်အိမ်ကို တည်ဆောက်ထားတယ်လို့ သိရပါတယ်။ အဖြစ်အပျက်တွေကွာခြားပေမယ့် ဇာတ်ကြောင်းချင်းကတော့ ချိတ်ဆက်နေတယ်လို့ ဆိုနိုင်ပါတယ်။ ဒီဂိမ်းကိုလာမယ့် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့မှာ ဆော့ကစားနိုင်မှာဖြစ်ပြီး ဂိမ်းဇာတ်ကြောင်းတည်ရာခုနှစ်ကတော့ ၁၉၉၆ ခုနှစ်ပါတဲ့ဗျာ။ ဒါပေမယ့် ကံမကောင်းစွာပဲ E3 ပွဲမှာ ကြေညာခဲ့တဲ့ဂိမ်းဖြစ်ပေမယ့် Blair Witch ဂိမ်းကို Xbox နဲ့ PC ပလက်ဖောင်းအသီးသီးမှာပဲ ဆော့ကစားနိုင်ပါဖြစ်ပါတယ်။ Playstation သမားများကတော့ ဒီဂိမ်းကိုတွေ့ကြုံခံစားခွင့်ရှိမှာ မဟုတ်ပါဘူး။ ကဲ ဒီတော့ အသစ်လာမယ့်  Blair Witch ဂိမ်းဟာ Horror ဂိမ်းချစ်ပရိသတ်တွေအားလုံးရဲ့ ဆန္ဒကိုဖြည့်ဆည်းပေးနိုင်မလား? မျိုးဆက်သစ်ဂိမ်းတစ်ခုအဖြစ် လက်မထောင်နိုင်မလား? အစရှိတာတွေကိုတော့ တကယ်တမ်းဂိမ်းထွက်ရှိလာချိန်မှသာ အဖြေရှာကြည့်ကြဖို့ တိုက်တွန်းရင်း နောက်ထပ်ဆောင်းပါးတွေမှာ ပြန်လည်ဆုံတွေ့ကြစို့ဗျာ။ 








Yan
Ref: theverge, gamesradar

No comments:

Post a Comment