Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Tuesday, June 11, 2019

အဖြေရှာမရတဲ့လျှို့ဝှက်နက်နဲမှုများစွာနဲ့ အမှောင်ထုရစ်ပတ်လွှမ်းခြုံထားတဲ့မြို့ပြ Ghostwire Tokyo



၂၀၁၉ ခုနှစ်ရဲ့ E3 ပွဲကြီးဟာ အခုဆိုရင်ရုပ်ရှင်တစ်ကားရဲ့ဇာတ်ရှိန်အတတ်ဆုံး အခိုက်အတန့်လိုဖြစ်နေပါပြီ။ ကိုယ်မျှော်လင့်ထားတဲ့အရာတွေ အမှန်တကယ်ဖြစ်လာခဲ့လို့ ပျော်မဆုံးဖြစ်နေတဲ့ဂိမ်းပရိသတ်တွေ၊ အသစ်အသစ်သောဂိမ်းတွေအတွက် ကြိုတင်ပြီးရင်ခုန်နေကြတဲ့ ဂိမ်းချစ်သူတွေ၊ နောက်ထပ်ဘယ်လိုမျိုးစိတ်လှုပ်ရှားစရာဂိမ်းမျိုးကို ပါဝင်လာဦးမလဲဆိုတာကို မျက်စိဒေါက်ထောက်ကြည့်နေကြသူတွေအကြားမှာ E3 ပွဲကြီးဟာ တရွေ့ရွေ့ရှေ့ဆက်သွားနေပါတယ်။ မနေ့ကတင်ဆက်ပေးခဲ့တဲ့ ၂၀၁၉ E3 ပွဲကြီးမှာ ဘာတွေမျှော်လင့်လို့ရနိုင်မလဲဆိုတဲ့ ဆောင်းပါးကိုဖန်တီးဖို့ သတင်းကုန်ကြမ်းရှာနေတဲ့အချိန်မှာ အမှတ်မထင်ပဲတွေ့သွားမိတဲ့ ဂိမ်းထွေလာတစ်ခုရှိခဲ့ပါတယ်။ E3 တစ်ပွဲလုံးမှာထုတ်ဖော်ပြသခဲ့တဲ့ အကောင်းဆုံးအမိုက်ဆုံးဂိမ်းတွေထဲမှာမှ အဲဒီဂိမ်းကိုကြေညာသွားတဲ့ထွေလာဟာ စာရေးသူရင်ထဲမှာမေးခွန်းများစွာနဲ့ ကျန်ရစ်ခဲ့တယ်လို့ဆိုရမှာပါ။ အဲဒါကြောင့်ပဲ အားလုံးကိုမျှဝေချင်တဲ့ရည်ရွယ်ချက်နဲ့ E3 အကြောင်းအပြီးမှာ ဒီဆောင်းပါးကိုတင်ဆက်ဖို့ ရွေးချယ်ဖြစ်သွားခဲ့တာပါ။ ကဲ ဒီတော့ ရှည်ရှည်ဝေးဝေးပြောမနေတော့ပဲ အဲဒီဂိမ်းဟာ ဘယ်လိုဂိမ်းမျိုးလဲ? ဘယ်လိုပုံစံဟန်ပန်နဲ့ ဂိမ်မာတွေရင်ထဲကိုဝင်ရောက်ခဲ့တာလဲ? ဂိမ်းရေးဆွဲဖန်တီးသူတွေက ဘယ်သူတွေလဲဆိုတာ သိရဖို့ စပြီးကြည့်လိုက်ကြရအောင်လားဗျာ။ 






















Resident Evil နဲ့ The Evil Within လို့ဆိုလိုက်ရင် ဘယ်လောက်တောင်ခြောက်ခြားထိတ်လန့်ဖို့ကောင်းမှန်း၊ အဆင့်မြင့်ရုပ်ရှင်ဇာတ်ကားတစ်ကားလို ဇာတ်ကွက်ဇာတ်အိမ်အချိတ်အဆက်ကောင်းမှန်း၊ ဂိမ်းကစားဟန်နဲ့ ဂိမ်းဖန်တီးပြင်ဆင်မှုအားလုံးပြီးပြည့်စုံမှုရှိမှန်း ဂိမ်မာတိုင်းနီးပါးသိကြပါတယ်။ အဲဒါဆိုရင် စဉ်းစားကြည့်လိုက်ပါ၊ အဲဒီလိုရသမြောက်ပြီး ပရိသတ်အကြိုက်ထူးခြားတဲ့ဂိမ်းမျိုးတွေကို ဂိမ်မာတွေတွေ့ကြုံခံစားနိုင်အောင်လုပ်ပေးခဲ့တဲ့သူတွေ ပူးပေါင်းပြီး အတူဖန်တီးမယ့်ဂိမ်းမျိုးက ဘယ်လိုမျိုးဖြစ်လောက်မလဲဆိုတာကို ခန့်မှန်းလို့ရပါရဲ့လား။ သိပ်ကိုရပါတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ အခုတင်ဆက်ပေးမယ့် Ghostwire Tokyo ဂိမ်းဟာ Resident Evil စီးရီးရဲ့ဂိမ်းဒါရိုက်တာဟောင်းဖြစ်သူ Shinji Mikami ရဲ့လက်ရွေးစင်တပည့်ကျော် Ikumi Nakamura ကဦးဆောင်ဖန်တီးပြီး The Evil Within ထုတ်လုပ်ခဲ့တဲ့ Bethesda တို့အတူ ဂိမ်မာတွေလက်ထဲအရောက်ထည့်ပေးမယ့် ဂိမ်းဖြစ်လို့ပါပဲ။ အားလုံးနီးတူ ကျွန်တော်ကိုယ်တိုင်လည်း သိသိချင်းပဲ ခေတ်သစ်ဂိမ်းလောကရဲ့ခြေလှမ်းတွေနဲ့ အခြေအနေဟာအခုလိုမျိုးတောင်ဖြစ်လာပြီလားဆိုတဲ့ ပီတိနဲ့ တအံ့တသြဖြစ်သွားခဲ့ရပါတယ်။ Resident Evil စီးရီးရဲ့ဂိမ်းဒါရိုက်တာဟောင်းဖြစ်သူ Shinji Mikami အနေနဲ့ ၂၀၁၀ ခုနှစ်မှာ Tango Gameworks ကိုတည်ထောင်ခဲ့ပြီး The Evil Within ပထမအခွေကို၂၀၁၄ ခုနှစ်မှာတစ်ကြိမ်၊ The Evil Within 2 ဒုတိယအခွေကို ၂၀၁၇ ခုနှစ်မှာတစ်ကြိမ် Bethesda နဲ့အတူ ဖန်တီးထုတ်လုပ်ခဲ့ပြီးဖြစ်ပါတယ်။ နှစ်ဦးနှစ်ဖက် ဂိမ်းကောင်းတွေကိုအတူဖန်တီးခဲ့တဲ့ သမိုင်းမှတ်တမ်းတွေရှိပေမယ့် ဒီတစ်ခေါက်လာမယ့် Ghostwire Tokyo မှာတော့ ထွက်ရှိခဲ့သမျှ ဂိမ်းတွေအားလုံးထက် အစစအရာရာပိုသာလွန်တယ်လို့ ကောက်ချက်ချုနိုင်ပါတယ်။ 



Ghostwire Tokyo နဲ့ပတ်သက်ပြီး မိနစ်ပိုင်းထွေလာကလွဲလို့ ဘာမှအကျိုးအကြောင်းမသိရပေမယ့် ထွေလာကိုကြည့်ပြီးတဲ့အခါမှာ ဒီဂိမ်းထဲမှာအဖြေရှာရမယ့် လျှို့ဝှက်နက်နဲမှုပေါင်းများစွာနဲ့ ပြန့်ကျဲနေတဲ့ပဟေဠိတွေ ကိန်းအောင်းတည်ရှိနေတယ်ဆိုတာ ခံစားသိရှိနိုင်ပါတယ်။ ဒါတင်မက Resident Evil နဲ့ The Evil Within တို့ရဲ့ဇာတ်အိမ်တည်ဆောက်ပုံနဲ့ ဂိမ်းကစားဟန်တွေကို ပြန်လည်ထင်ဟပ်ကြည့်မယ်ဆိုရင် ဒီဂိမ်းရဲ့ဇာတ်လမ်းဟာလည်း သဘာဝလွန်ထူးကဲဦးမှာပါပဲ။ အထူးခြားဆုံးအချက်တစ်ချက်က ဂျပန်နိုင်ငံရဲ့မြို့တော် Tokyo မှာဇာတ်အိမ်တည်ထားတာဖြစ်ပြီး တိုကျိုကိုအခြေပြုတဲ့ ဘယ်လိုမျိုးဇာတ်အိမ်လည်းဆိုတာ ခန့်မှန်းရသိပ်ခက်ပါတယ်။ နည်းပညာအဆင့်ရှေ့ရောက်ပြီး တိုးတက်ဖွံဖြိုးတဲ့တိုကျိုမြို့မှာ သာမန်လူတွေဟာ လျှို့ဝှက်တဲ့ ရုတ်တရတ်ပျောက်ဆုံးမှုတွေကို ဖြစ်နေတာကိုတွေ့ရပါမယ်။ နောက်ပြီးအမှောင်ထုရစ်ပတ်နေတဲ့ ခေတ်မှီမြို့ပြမှာ မြေအောက်လောကဆန်ဆန် ဂိုဏ်းတွေနဲ့ရင်ဆိုင်ရမယ့် ကိုယ့်မှာလည်း သူမတူတဲ့စွမ်းရည်ပိုင်ဆိုင်ဖို့ မြင်ပါတယ်။ နောက်ပြီးဂျပန်နိုင်ငံရဲ့အထင်ကရလူသိများတဲ့ ဒဏ္ဍာရီတစ်ခုဖြစ်တဲ့ yokai တွေနဲ့ တစ်နည်းနည်းဆက်နွယ်မှုရှိနေတယ်လို့လည်း တစ်ချို့ကဆိုပါတယ်။ ဒီတော့ ဘယ်လိုပဲဖြစ်ဖြစ် စောင့်မျှော်ရမှာက ဂိမ်မာတွေရဲ့အလုပ်ဖြစ်သွားပါပြီ။ ဘာကိုမှများများစားစား မသိရသေးတဲ့ Ghostwire Tokyo ဟာ ၂၀၂၀ မှာထွက်လာမယ်လို့ ရည်မှန်းထားကြပြီး ဂိမ်းထွေလာတစ်ခုလုံးဟာ CGI ဖြစ်တဲ့အတွက် မျိုးဆက်သစ်ဂိမ်းထဲမှာ ပါဝင်သွားမယ်လို့ မှတ်ယူထားကြပါတယ်။ ဒီလောက်ဆို ဂိမ်မာတွေစိတ်ဝင်စားနေတာကို ဖြေသိမ့်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ နောင်လာမယ့်ဆောင်းပါးတွေမှာလည်း အားလုံးကြိုက်နှစ်သက်ပြီး အကျိုးရှိမယ့်အကြောင်းအရာကို ဖော်ပြပေးသွားပါမယ်။ ဖတ်ရှုသူများအားလုံးကို ကျေးဇူးအထူးတင်ရှိကြောင်းပြောရင် ဒီနေရာကနေအဆုံးသတ်လိုက်ပါတယ်။ 







Yan
Ref: Ref: Gamesradar, Kotaku, Polygon, YouTube

No comments:

Post a Comment