လတ်တလောတင်ဆက်ပေးခဲ့တဲ့ ဂိမ်းဆောင်းပါးတွေရဲ့ထိပ်ဆုံးမှာ ၂၀၁၉ E3 ပွဲအကြောင်းဟာ မပါမဖြစ်ပါပဲ။ ဟုတ်ပါတယ်၊ ဂိမ်းချစ်ပရိသတ်တွေအားလုံး နှစ်တိုင်းစောင့်မျှော်လေ့ရှိတဲ့ E3 ပွဲ (Electronic Entertainment Expo) ကကြေညာချက်တွေနဲ့ ထုတ်ဖော်ပြသခဲ့တဲ့အကြောင်းအရာတွေဟာ ဂိမ်မာတွေရဲ့မျှော်လင့်ချက်ကိုဘယ်သောအခါမှ ဖျက်သိမ်းပယ်ချခြင်းမရှိခဲ့ပါဘူး။ ဒါကြောင့်ပဲ တစ်နှစ်ထက်တစ်နှစ် နည်းပညာတွေထပ်မံတိုးတက်ပြောင်းလဲပြီး ဂိမ်းနယ်ပယ်ဟာပိုကျယ်ပြန့်လာတာနဲ့အမျှ E3 ပွဲကြီးဟာ ပိုပိုပြီးကောင်းလာတော့တာပါပဲ။ မိနစ်အနည်းငယ်သာပါဝင်တဲ့ ဂိမ်းထွေလာကိုကြည့်ပြီး ကိန်းအောင်းနေတဲ့ သိချင်စိတ်ကိုနှိုးဆွပေးခဲ့တဲ့ Ghostwire Tokyo အပြီးမှာ စာရေးသူအပါအဝင် ကြည့်ရှုနေကြတဲ့ပရိသတ်များသာမက E3 တစ်ပွဲလုံးကိုပါ တုန်လှုပ်အောင်ရိုက်ခတ်သွားစေခဲ့တဲ့ ဂိမ်းတစ်ခုရှိခဲ့ပါသေးတယ်။ အဲဒီဂိမ်းကတော့ နယ်ပယ်ကိုယ်စီက အထူးချွန်အပြောင်မြောက်ဆုံးသူနှစ်ဦး ပူးပေါင်းဖန်တီးထားတဲ့ Elden Ring ဆိုတဲ့ဂိမ်းပါပဲ။ Elden Ring ဆိုတဲ့ဂိမ်းဟာ Ghostwire Tokyo နီးတူပဲ E3 ပွဲမှာ ဂိမ်းကြေညာတဲ့မိနစ်ပိုင်းထွေလာကလွဲပြီး ဘာသတင်းအစအနမှ မထွက်ရှိလာသေးပါဘူး။ အဲဒီဂိမ်းဟာမျိုးဆက်သစ်ဂိမ်းလား? လက်ရှိပလက်ဖောင်းတွေမှာ ဆော့နိုင်မယ့်ဂိမ်းလား? ဆိုတာတောင်မသိရသေးတဲ့အခြေအနေပါ။


စဉ်းစားကြည့်မယ်ဆိုရင် Dark Souls ပဲဖြစ်ဖြစ်၊ Bloodborne ပဲဖြစ်ဖြစ် ဂိမ်းထဲကရှေးဟောင်းသမိုင်းပုံပြင်နဲ့ လောကအပေါ်မှာအားစိုက်ပြီး ဇာတ်အိမ်တည်ထားတာမှန်ပေမယ့် Open-World မဟုတ်တဲ့အတွက် ဆော့ရတဲ့သူတွေအနေနဲ့ အနည်းငယ်စိတ်ကျဉ်းကျပ်ဖိစီးမှုရှိတာ အမှန်ပါပဲ။ ဒီတစ်ခေါက်မှာတော့ George R.R Martin ရဲ့အိုင်ဒီယာအရ FromSoftware ဘက်ကနေ အားလုံးတအံ့တသြဖြစ်ရမယ့် ကြီးမားတဲ့အပြောင်းအလဲကို စပြီးလုပ်လာပါပြီ။ ဒါပေမယ့် ဒါကအစကနဦးပဲရှိပါသေးတယ်။ ဂိမ်းရဲ့နောက်ခံဇာတ်ကြောင်းကို များများစားစားမသိရသေးပေမယ့် George R.R Martin က ဂိမ်းရဲ့ဇာတ်လမ်းကိုရေးသားသူဖြစ်ပြီး ဂိမ်းတစ်ခုလုံးဟာ George R.R Martin ရဲ့လက်ရာ Mythos ဒဏ္ဍာရီအပေါ်မှာ ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်။ FromSoftware ရဲ့ဒါရိုက်တာ Mr.Miyazaki ရဲ့ Xbox ကိုပြောကြားချက်အရတော့ Elden Ring ဟာ လေးနက်မယ်၊ စိတ်ကူးယဉ်ဆန်ပြီး အမှောင်ဘက်သန်းမယ်၊ ဆန်းပြားပြီးရင်ခုန်ဖို့ကောင်းတဲ့ အတိုက်အခိုက်တွေပါဝင်မယ်၊ third-person အမြင်နဲ့ဆော့ရမှာဖြစ်ပြီး စုံလင်တဲ့ RPG အတွေ့အကြုံကို သူမတူအောင်ပေးစွမ်းသွားမယ်လို့ ဆိုပါတယ်။ ဂိမ်းရဲ့နာမည် Elden Ring ဟာ ဂိမ်းရဲ့တကယ်တမ်းဇာတ်ကြောင်းမှာလည်း လက်စွပ်ကိုရည်ညွှန်းတာဖြစ်ပါတယ်၊ Rings of Saturn လိုမျိုးဖြစ်မလားဆိုတာကတော့ ကိုယ့်ဘာသာကိုယ်ပဲ ခန့်မှန်းကြည့်ရုံကလွဲပြီး လောလောဆယ်မှာဘာမှမတတ်နိုင်ပါဘူး။ ဒီတော့ Elden Ring ဂိမ်းနဲ့ ပတ်သက်ပြီး လက်ရှိမှာသိရသလောက်ကို ဒီဆောင်းပါးနဲ့အတူ တင်ဆက်ပေးလိုက်ပါတယ်။ ၂၀၁၉ ရဲ့ E3 ပွဲကြီးကတော့ ဆောင်းပါးရေးသားဖန်တီးစရာ အကြောင်းအရာတွေအပြည့်ပါပဲ။ ဖတ်ရှုသူအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။ အခုလိုမျိုးနောက်ထပ်ဂိမ်းဆောင်းပါးတွေမှာ ပြန်လည်တွေ့ကြပါမယ်လို့ ပြောကြားရင်း Elden Ring ဂိမ်းကိုအတူစောင့်မျှော်လိုက်ကြဖို့ တိုက်တွန်းလိုက်ပါရစေ။

Yan
Ref: PCgamers, androidcentral
No comments:
Post a Comment